ကျောက်ဖြူမဒေးကျွန်းရှိ ရေနံတင်သင်္ဘောများကို ဌာနပေါင်းစုံ ပူးပေါင်းစစ်ဆေး

(စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုရှိရန်လိုဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများပြော)

By Narinjara / 2023 September     5

Photo – Environmental Conservation Department, KyaukPhyu Township

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ ရေနံတင်ဆိပ်ကမ်းတွင် ဆိုက်ကပ်သည့် ရေနံတင်သင်္ဘောများကို မြို့နယ်ပတ်ဝန်းကျင်  ထိန်းသိမ်းရေး ဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ယင်းသို့စစ်ဆေးရာတွင် အသေးစိတ်စစ်ဆေးမှု ရလဒ်များကို ထုတ်ပြန်ပေးမှု မရှိသည့်အတွက် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်အသိပေးရန် လိုအပ်ကြောင်း ရခိုင်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်သူများက နိရဥ္စရာသို့ပြောသည်။

အမ်းမြို့နယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ” ရေနံတင်သင်္ဘောကြီးတွေသည် ရေနံစိမ်းတွေကို သယ်ဆောင်လာတဲ့အတွက် ဝမ်းဗိုက်ထဲမှာ အနည်ထိုင် ကျန်ခဲ့တဲ့ အညစ်အကြေးတွေရှိနိုင်ပါတယ်။ ရေနံတွေကို သူက ကုန်းပေါ်ကို တင်ပစ်လိုက်တယ်ဆိုရင်တောင်မှ ကျန်ခဲ့တဲ့အညစ်အကြေးကို ဘယ်လို သန့်ရှင်းလဲ။ နောက်ပြီးတော့ အဲဒီသန့်ရှင်းပစ်လိုက်တဲ့ အညစ်အကြေး အရည်တွေကို ပင်လယ်ထဲကိုစွန့်ပစ်လားဆိုတာကို သေချာစစ်ဆေးဖို့လိုတယ်” ဟု နိရဥ္စရာသို့ပြောသည်။

မဒေးဆိပ်ကမ်းသို့ ရေနံတင်ပို့ရန် ရောက်ရှိလာသော CANKIRI Oil Tanker အား ကျောက်ဖြူမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ဌာနဆိုင်ရာများပူးပေါင်းပါဝင်သောအဖွဲ့က ဩဂုတ်လ ၂၉ ရက်တွင် သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

အလားတူ ဩဂုတ်လ ၂၀ ရက်ကလည်း မဒေးဆိပ်ကမ်းသို့ ရေနံတင်ပို့ရန် ရောက်ရှိလာသော BALTIC LOYALTY Oil Tanker အား ကျောက်ဖြူမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်ဟု ကျောက်ဖြူမြို့နယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ထိုသို့ စစ်ဆေးမှုများပြုလုပ်နေကြသော်လည်း အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက ပြောကြသည်။

ရေနံတင်သင်္ဘောများစစ်ဆေးသည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိလို၍ ကျောက်ဖြူခရိုင်နှင့် မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဖုန်းသို့ နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပေ။

ကျောက်ဖြူမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရေနံတင်သင်္ဘောများစစ်ဆေးမှုကို ဌာနဆိုင်ရာများ၏လုပ်ထုံးလုပ်နည်းအတိုင်း တာဝန်ကျေပြုလုပ်နေခြင်းဟုသာ ရှုမြင်မိကြောင်း ကိုမျိုးလွင်က ဆက်ပြောသည်။

“သူတို့က ထုတ်ပြန်နေတယ်ဆိုတာ အလုပ်သဘောအရထုတ်ပြန်နေတာလို့ပဲ မြင်ပါတယ်။ တကယ်က စစ်ဆေးတယ်ဆိုရင် သင်္ဘောသည် ဘယ်နေ့က ထွက်ခွာလာတယ်။ ဘယ်နေ့မှာ ရခိုင်ကိုရောက်တယ်။ ရောက်တဲ့အခါ အဲဒီသင်္ဘောမှာပါတဲ့ ရေနံစိမ်းသည် ဘယ်ကုမ္ပဏီက တင်ပို့လဲ။ တန်ချိန် ဘယ်လောက်ပါတယ်။ အညစ်အကြေးဘယ်လောက်ကျန်တယ်။ နောက်ပြီးတော့ သင်္ဘောမှာပါတဲ့ ပညာရှင်တွေ ဘယ်လောက်ရှိလဲ။ လုံလောက်တဲ့ ကျွမ်းကျင်အလုပ်သမားတွေပါလား။ ရေနံနဲ့ပတ်သက်လို့ သင်္ဘောကအညစ်အကြေးစွန့်ပစ်တဲ့အခါ အားလုံး လုံလောက်လားဆိုတာကို အသေးစိတ်စစ်ဆေးဖို့လိုတယ်” ဟု ပြောသည်။

ရေနံတင်သင်္ဘောများကို စစ်ဆေးရာတွင် သင်္ဘောများ၏ ရေနံအညစ်အကြေးစွန့်ပစ်မှု၊ မဒေးကျွန်း ရေနံသိုလှောင်ကန်မှ အညစ်အကြေးသန့်စင်မှု၊ သင်္ဘောသွားရာလမ်းကြောင်းတစ်လျှောက် ဂေဟစနစ်ပျက်စီးနိုင်မှု၊ ဒေသနေလူသားအရင်းအမြစ်တို့၏ အသက်မွေးဝမ်းကျောင်းထိခိုက်မှုများကို အသေးစိတ်စစ်ဆေးပြီး အများပြည်သူသိရှိနိုင်ရန် စစ်ကောင်စီက ထုတ်ပြန်ပေးရန်လည်း ဒေသခံများက လိုလားလျက်ရှိသည်။

တရုတ်နိုင်ငံအတွင်းသုံးစွဲရန် အာရပ်ကမ္ဘာနှင့် အာဖရိကတိုက်မှ ရေနံစိမ်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိ ရေနံစိမ်း သိုလှောင်ကန်မှတစ်ဆင့် မြေအောက်ပိုက်လိုင်းများဖြင့် ၂၀၁၆ ခုနှစ်မှစပြီး တင်ပို့ ခြင်းလုပ်ငန်း ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

ရေနံတင်သင်္ဘောများစတင်ဆိုက်ကပ်သည့်အချိန်ကပင် မဒေးကျွန်း၊ သံဇစ်မြစ်ကို အမှီပြု၍ အသက် မွေးဝမ်းကျောင်းသည့် ဒေသခံ ရေလုပ်သားအများအပြားမှာ ငါးရှာဖွေဖမ်းဆီးမည့်လုပ်ကွက်များ ဆုံးရှုံးသွားကြောင်း မဒေးကျွန်းမှ ရေလုပ်သားတစ်ဦးက နိရဥ္စရာသို့ပြောသည်။

လက်ရှိတွင်လည်း ရေနံတင်သင်္ဘောကြီးများသည် ဆိပ်ကမ်းသို့ ရက်ပိုင်းအတွင်း ဆက်တိုက် ဆိုက်ကပ်နေပြီး ဆိုက်ကပ်သည့်အချိန်တွင် ရေလုပ်သားများမှာ သံဇစ်မြစ်အတွင်း ငါးဖမ်း၍ မရကြောင်း သူက ပြောသည်။

“သံဇစ်မြစ်လယ်က ရေနံတင်သင်္ဘောတွေသွားတဲ့ ရေကြောင်းလမ်း လုပ်ထားတယ်။ ဒေသခံရေလုပ်သားတွေက မြစ်ကမ်းဘေးနားတွေမှာပဲ ဖြစ်သလို ရှာဖွေပြီးငါးဖမ်းရတယ်။ တစ်ခါတစ်လေ သင်္ဘောတွေ ဘယ်နေ့ရောက်မလဲမသိတော့ ပိုက်တွေချမိထားရင် သင်္ဘောဝင်လာတာနဲ့ ပိုက်တွေအကုန်ဆုံးသွားရော” ဟု နိရဥ္စရာသို့ပြောသည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ ရေနံတင်ချဆိပ်ကမ်းအား တန်ချိန် ၃ သိန်းဆံ့ ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် အကောက်ခွန်ဦးစီးဌာနက ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ရေနံတင်ဆိပ်ကမ်းအဖြစ် သတ်မှတ်ခဲ့သည်။ (NN-23)

https://www.facebook.com/narinjara.info/posts/699426822224450

Leave a Reply

Your email address will not be published.