By Western News / 2023 September 7
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူပြည့်သူ့ဆေးရုံတွင် ပြင်ပဆေးခန်း၏ အထောက်ထားပါမှ အရေးပေါ် လူနာဆောင်သို့ ဝင်ခွင့်ရမှုမှာ လအတော်ကြာရှိနေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဆက်ရှိနေ ဆဲဖြစ်သည်ဟု ဆေးရုံနှင့် နီးစပ်သူများကပြောသည်။
ကျောက်ဖြူဆေးရုံတွင်း တာဝန်ကျလျှက်ရှိသည့် ဆရာဝန်များမှာ ပြင်ပတွင် ဆေးခန်းများဖွင့်၍ ဆေးကုသမှုလုပ် ငန်းအားလုပ်ကိုင်လျှက်ရှိရာ အဆိုပါဆေးခန်းများတွင် ပြသပြီးသည့် အထောက်ထားပါမှသာ ဆေးရုံရှိ အရေးပေါ် လူနာဆောင်သို့ ဝင်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့သောအခြေနေများနှင့် ပတ်သက်၍ ကျောက်ဖြူဆေးရုံတွင် တာဝန်ထမ်းဆောင်ဖူးခဲ့သည့် သူနာပြုတစ်ဦးက Western News စက်တင်ဘာ ၆ ရက်နေ့က မေးမြန်းရာတွင် ယခုကဲ့သို့ပြောသည်။
“အခြေနေကတော့ဆိုးနေတုန်းပါပဲ။ သူနာပြုတွေလည်း လူနာတွေအပေါ်ဆက်ဆံတာရင့်သီးတဘ်။ အရေးပေါ် လူနာဆောင်ကလည်း အထဲက ဆရာဝန်တွေဖွင့်ထားတဲ့ဆေးခန်းမှာ ၂ ရက် ၃ ရက်လောက်ပြထားတာရှိမှ ဝင်ခွင့်ရတယ်” ဟုပြောသည်။
ထိုသို့သောအခြေနေများကြောင့် နယ်ဖက်မှနေ၍ အရေးပေါ်ဆေးရုံတက်ရန် လာရောက်သည့် လူနာများအနေဖြင့် များစွာအခက်ခဲဖြစ်ရပြီး အသက်အန္တရာယ်ထိခိုက်သည်အထိပင်ရှိတတ်သည်ဟု ကိုယ်တိုင်ကြုံတွေ့ဖူးသူတစ်ဦး က ပြောသည်။
“နယ်ကနေကလေးမွေးဖွားဖို့အရေးပေါ် ဆေးရုံကိုလာတာ အရေးပေါ်ဌာနကိုဝင်ခွင့်မရဘူး။ အပြင်ကဖွင့်ထားတဲ့ ဆေးခန်းမှာ မပြထားလို့လို့သိရတယ်။ အရေးပေါ်လာတဲ့သူတစ်ယောက်အနေနဲ့ ဆေးခန်းပြနေဖို့ဆိုတာမဖြစ်နိုင် ဘူးလေ။ နယ်ကဆိုပိုဆိုးတယ်” ဟုဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဆေးရုံမှ တာဝန်ရှိသူတစ်ဦးအား Western News မှ မေးမြန်းခဲ့စဉ်ကမူ ယခုကဲ့သို့လုပ်ဆောင်မှုမရှိဘဲ အခမဲ့ဆေးကုသပေးမှုတို့သာပြုလုပ်ခြင်းရှိသည်ဟု ဖြေဆိုမှုရှိခဲ့သည်။
ကျောက်ဖြူပြည်သူ့ဆေးရုံမှာ ကုတင် ၂၀၀ ဆန့်ဆေးရုံတစ်ခုဖြစ်ပြီးကျောက်ဖြူမြို့ပေါ်ရပ်ကွက်များအပြင် နယ်မြို့များကပါ လာရောက်ဆေးကုသမှုရှိသည့် ဆေးရုံတစ်ခုဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဖြူပြည်သူ့ဆေးရုံကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။
Western News-WN
https://www.facebook.com/westernnewsagency/posts/740513741421388