ကျောက်ဖြူဆေးရုံတွင် တာဝန်ကျ OG လက်ထောက်ဆရာဝန်မှ လူနာများအား ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့ရှိနေဟုဆို

By Western News / 2023 September     8

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်ဖြူ‌ပြည်သူ့ဆေးရုံတွင် တာဝန်ကျနေသည့် OG လက်ထောက် ဆရာဝန်မှာ လူနာများအပေါ် ကိုယ်ထိလက်ရောက်န ရိုက်နှက်ကျူးလွန်ခြင်း၊ ရိုင်းပျစွာ ဆက်ဆံခြင်းတို့ ရှိနေကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ များကပြောသည်။

အဆိုပါ OG လက်ထောက်ဆရာဝန်မှာ ဒေါက်တာထွန်းလင်းအောင်ဖြစ်ပြီး ပြည်မဖက်မှ တာဝန်ကျနေသူတစ်ဦး ဖြစ်ကာ လက်ရှိကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် တာဝန်ကျလျှက်ရှိနေသည်မှာ ၃ နှစ်ခန့်အကြာရှိနေပြီဟု သိရသည်။

ဒေါက်တာ ထွန်းလင်းအောင်မှာ တာဝန်ချိန်အတွင်းတွင် အရက်သေစာသောက်စားထားခြင်းတို့ရှိတတ်ပြီး ဝေဒနာ ခံစားနေရသည့် လူနာများအပေါ် ရိုင်းစိုင်းသောအပြောအဆိုများပြောဆိုကာ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့လည်းရှိသည်ဟု ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက Western News ကိုပြောသည်။

“ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က ကျမအမောဖောက်ပြီး ဆေးရုံတက်ခဲ့ရပါတယ်။ အဲ့ဒီမှာ တာဝန်ကျဆရာဝန်က ဒေါက်တာ ထွန်းလင်းအောင်ဖြစ်နေတယ်။ ကျမအသက်ရှုမဝ အမောဖောက််နေတာကိုကြည့်ပြီး ဟန်ဆောင်ပြမနေနဲ့ ကောင်မ ဘာညာ ဆဲဆိုပါတယ်။ လူနာစောင့်လိုက်ပါလာတဲ့ အသက် ၆၀ အရွယ်ကျမအမေကိုလည်းရိုင်းရိုင်း စိုင်းစိုင်း ပြောတယ်။ ပြီးတော့ ကျမရင်ဘတ်ကို ၃ ချက်သူ့လက်နဲ့ထုတယ်။ အသက်ရှုမရအောင်ဖြစ်သွားပါတယ်။ ပြီးတော့ ပါးစပ်ကိုဖျစ်ညှစ်ပီး ပါးကို ၄ ချက်လောက်ထပ်ရိုက်ပါတယ်။ လက်မောင်းကိုလည်း ၄ ချက်ရိုက်တယ်။ နောက် အောက်ဆီဂျင်ပေးဖို့ ကျမနှခေါင်းကိုထိုးတာ ပါးစပ်နဲ့ နှခေါင်းကနေသွေးတွေထွက်တယ်။ ဒါပေမယ့် အဲ့ဆရာဝန်က ဂရုကိုမစိုက်ပါဘူး။ ပြီးတော့ ကျမကို စိတ်ရောဂါခံစားနေရတယ်ဆိုပြီး ဆေးမှတ်တမ်းရေးပြီးတော့ အိပ်ဆေးတွေပဲထိုးပေးထားခဲ့ပါတယ်” ဟုပြောသည်။

ထိုသို့ကြုံတွေ့ရသည့်အခြေနေမှာ လက်ရှိအမျိုးသမီးတစ်ဦးတည်းမဟုတ်ဘဲ တစ်ခြားကြုံတွေ့ရသူအများအပြား ရှိနေပြီး ထိုအထဲမှ ကလေးမွေးဖွားရန်လာသည့် အမျိုးသမီးများလည်းပါဝင်ပြီး အဆိုပါဆရာဝန်၏ လုပ်ရပ်များ ကြောင့် ကလေးဆုံးရှုံးရသည်အထိရှိခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူ နောက်ထပ်အမျိုးသမီးတစ်ဦးကဆို သည်။

“မွေးခါနီးကျမကိုကြည့်ပြီး အချိုးမပြေဘူးဆိုပြီးပြောတယ်။ ပြီးတော့ ကျမရဲ့မွေးလမ်းကြောင်းကို လက်နဲ့ နှိုက်ပြီး အဲ့လက်နဲ့ကျမပါးကိုရိုက်ချလိုက်တာ။ ပြီးတော့ ကျမဗိုက်ကို လက်နှစ်ဖက်ဖိချတယ်။ နောက်တော့ ကျမဗိုက်ထဲကကလေးကသေသွား‌ရော” ဟုဆိုသည်။

ယခုကဲ့သို့ပြောဆိုချက်များနှင့်ပတ်သက်၍ ကာယကံရှင်ဖြစ်သူ ဒေါက်တာထွန်းလင်းအောင်၏ တုံံပြန်ချက်ကို ရရှိနိုင်ရန် ဒေါက်တာထွန်းလင်းအောင်အား ဆက်သွယ်ခဲ့ရာ အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဆေးရုံအုပ်အား ပြောဆိုထားပြီဖြစ်သည့်အတွက် ဆေးရုံအုပ်သာ မေးမြန်းဖို့နှင့် ဖြေကြားလိမ့်မည်ဖြစ်ကြောင်း ပြန်လည် ဖြေဆိုပြောသည်။

Western News အနေဖြင့် ကျောက်ဖြူဆေးရုံအုပ်နှင့် အဆက်သွယ်ရရှိနိုင်ရန် ဆေးရုံအုပ်ဖုန်းအပါအဝင် ဆေးရုံးဌာနစိတ်များရှိ ဖုန်းနံပါတ်များအားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

လက်ရှိကျောက်ဖြူပြည့်သူဆေးရုံကြီးတွင် အဆိုပါ ဆရာဝန်တစ်ဦးတည်းသာမက တစ်ခြားဆရာဝန်များလည်း လူနာများအပေါ်ဆိုးရွားသည့် အပြုမှုများဖြင့် ဆက်ဆံမှုတို့ရှိနေပြီး တာဝန်အားအလေးမထားမှုတို့ကြောင့် လာရောက်သည့်လူနာများ အသက်ဆုံးရှုံးရမှုတို့မကြခဏဖြစ်နေရာ တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ပေးရန်လိုအပ်လျှက်ရှိသည်ဟု ကျောက်ဖြူဆေးရုံတွင် တာဝန်ထမ်းဆောင်ဖူးခဲ့သည့် သူနာပြုတစ်ဦးက ပြောသည်။

“ဆေးရုံတွင်း အခြေနေတွေကတော်တော်ဆိုးရွားနေပါတယ်။ အခုက ဆိုးဆိုးရွားရွားဆက်ဆံတာတွေ ပေါက်ကြား လာတာမျိုးပေါ့။ ဒါကတော့ ဖြစ်နေတာကြာပြီ လူတွေကမပြောကြတာပဲရှိတာပါ။ ဒီအခြေနေတွေနဲ့ လူ့အသက်တွေ ဆုံးရှုံးခဲ့ရတာတွေလည်းတွေ့နေကြားနေရတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ဆေးရုံအခြေနေကို ကြပ်မတ်ပေးစေချင်ပါတယ်” ဟုပြောသည်။

ထို့အပြင် လူမှု ကွန်ရက်စာမျက်နှာ တစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်တွင်လည်း ၎င်းဆရာဝန်နှင့်ပတ်သက်၍ ဖေဝန်မှုများ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေပြီး ယင်းအထဲမှာ Post တင်ပြီးရေးသားထားသည်မှာ “လူနာကိုကိုယ်ထိလက်ရောက် နှူတ်နဲ့ပြောဆိုရိုင်းစိုင်းခြင်း၊ ဂျူတီကျအချိန်တွင်အရက်သေစာ သောက်စားမူးနေခြင်း လူနာအပေါ် ဂရုဏာမထားတဲ့ အပြင် လူနာနှင့် ဆရာဝန်ကြားမသက်ဆိုင်တဲ့စကားများကို ပြောဆိုခြင်း”  စက်တင်ဘာ ၇ ရက်နေ့ က ရေးသားထားသည့်

“ဒီလိုဆရာဝန်ကို ကျွန်မတို့ရဲ့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ရှိနေအုံးမယ်ဆိုရင် ပြည်သူတွေ အသက်ဘေးက မလုံခြုံတော့ဘူး  အဲ့ဒီဆရာဝန်က မူးနေတဲ့အချိန်ဆေးပဲ မှားထိုးမလား စိတ်တိုရင် ကိုယ် ထိလက်ရော ကျူးလွန်မလား၊ စိတ်မကြည်ရင်ဆဲဆိုမလား ကျိန်းစာတိုက်မလားကြောက်နေရမှာ၊ ကျွန်မလို ဖြစ်ဖူးကြလားခံဖူးကြလားဆိုတာ ကိုယ်တိုင်ခံရသူတွေ ပိုသိကြမှာပါဟု” ဆက်လက်ရေးသားထားသည်။

ကျောက်ဖြူပြည်သူ့ဆေးရုံကြီးမှာ ‌ကျောက်ဖြူမြို့နယ်တစ်ခွင်လုံး အဓိကအားထားနေရသည့် ဆေးရုံတစ်ခုဖြစ်ပြီး လက်ရှိပြဿနာများအပြင် ဆေးရုံတွင်းဆေးကုသခွင့်ရရန် ပြင်ပဆေးခန်းပြထားသည့် အထောက်ထားများပါရှိမှ ဆေးရုံဝင်ခွင့်ရသည့် ပြဿနာမှာလည်း နှစ်အတော်ကြာရှိနေပြီဖြစ်ကြောင်း ကျောက်ဖြူဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/741141941358568

Leave a Reply

Your email address will not be published.