ကျောက်တော်မှ စစ်ဘေးရှောင်ကလေးငယ်များ သွေးလွန်တုပ်ကွေး အဖြစ်များနေ

By Western News / 2023 September     22

ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ ကလေးငယ်အများစုမှာ ဖျားနာခြင်းနှင့် သွေးလွန်တုပ်ကွေးတို့ ဖြစ်ပွားမှုများရှိနေကြောင်း စခန်းတာဝန်ရှိသူများက Western News ကို ပြောသည်။

ကျောက်တော်မြို့မှ စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည့် မီးရထားဘူတာစစ်‌ဘေးရှောင်စခန်းတွင် လက်ရှိ ဖျားနာနေသည့် ကလေးငယ်မှာ ၁၀ ကျော်ခန့်ရှိနေပြီး တုပ်ကွေးလက္ခဏာများ ဖြစ်ပေါ်ကြသည်ဟု စစ်ဘေးရှောင် တာဝန်ရှိသူများက ပြောသည်။

“ကလေးတွေအဖြစ်များပါတယ်။ လူကြီးတွေဖြစ်တာတွေ လည်းရှိတယ်။ ဒါပေမယ့်ကလေးတွေက ပိုဆိုးတယ်။ ဆေးခန်းတွေသွားပြရင် တုပ်ကွေးဖျားနေလို့ ပြောတယ်။ သူတို့ဖြစ်နေတဲ့ လက္ခဏာတွေကတော့ မျက်လုံးရောင်ရမ်းတာ၊ ခန္ဓာကိုယ်ယားယံတာ အဖျားကြီးတာ တွေဖြစ်တယ်။ ခုလောလောဆယဖြစ်နေတာကတော့ ၁၀ ကျော်လောက် ဖြစ်နေတယ်” ဟုပြောသည်။

မီးရထားဘူတာ စစ်ဘေးရှောင်စခန်းအပါအဝင် ဘောလုံးကွင်းစစ်ဘေးရှောင်စခန်း၊ ကဝိရတနာစခန်းနှင့် ကံကြီးရှင်စခန်း စသည်တို့တွင် စုစုပေါင်းကလေးငယ် ၂၀ ကျော်ခန့် ဖျားနာမှုတို့ရှိနေပြီး ထိုအထဲတွင် သွေးလွန််တုတ်ကွေး ဖြစ်သူများလည်းပါဝင်ကာ အရွယ်အားဖြင့် ၁၅ နှစ်အောက် ကလေးငယ်များလည်း ဖြစ်သည်ဟု သိရသည်။

ကလေးငယ်များဖျားနာမှုနှင့်ပတ်သက်၍ ကဝိရတနာစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ဖျားလျှင်ချမ်းစိမ့်ပြီးဖျားတတ်ကြကာ စခန်းတွင်ဆေးသောက်၍ ကောင်းသွားသူများရှိသလို အဖျားကြီး၍ ဆေးရုံဆေးခန်းပြရသူများလည်းရှိသည်ဟု ဆိုသည်။

“ကျမသားသမီးတွေလည်းဖြစ်ကြတယ်။ ဒီရက်ပိုင်းအတွင်းတော့ တစ်ချို့ကောင်းသွားပြီ။ ဖျားကြရင် ချမ်းစိမ့်စိမ့်နဲ့ ဖြစ်ကြတယ်။ စခန်းမှာ လာဖွင့်တဲ့ ဆေးခန်းမှာပြလို့ကောင်းတဲ့သူတွေလည်းရှိတယ်။ မကောင်းရင် ဆေးရုံဆေးခန်းသွားပြရသူတွေလည်းရှိတယ်” ဟုပြောသည်။

စစ်ဘေးရှောင်များနေထိုင်နေသည့် စခန်းများတွင် ခြင်အလွန်ပေါခြင်းတို့ရှိနေပြီး ညဖက်အပြင် နေ့ခင်းပိုင်းတို့တွင်ပင် ခြင်ကိုက်ခံရမှုတို့ရှိသည်ဟု စခန်းတွင်နေထိုင်သူများကဆိုသည်။

“ခြင်ပေါတယ်။ နေ့ခင်းဖက်ကြီးတောင် ညဖက်လိုကိုက်တာ။ ပြီးတော့ စခန်းက တဲအိမ်တွေက အလင်းရောင်ကောင်းကောင်းမရဘူးလေ။ ညဖက်ကျရင်တော့ ပိုဆိုးတာပေါ့” ဟုပြောသည်။

စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များ လက်ရှိဖြစ်ပေါ်နေသည့် ကျန်းမာရေးအခြေနေနှင့်ပတ်သက်၍  ကျောက်တော်မြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများထံဆက်သွယ် မေးမြန်းနိုင်ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ကျောက်တော်မှ စစ်ဘေးရှောင်စခန်းများအတွက် ကျန်းမာရေးစောင့်စောက်မှုကို NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် RI (Relief International Myanmar)မှ စခန်းတွင်း တစ်ပတ်လျှင် တစ်ကြိမ်ခန့် ဆေးခန်းလာဖွင့်မှုတို့ရှိသည်။

လက်ရှိ ကလေးငယ်များဖျားနာနေမှုနှင့်ပတ်သက်၍မူ စခန်းတွင်းလာဖွင့်သည့် ဆေးခန်းတွင်ပြသရာ အများစုမှာ သက်သာခြင်းမရှိဘဲရှိနေပြီး ဆေးကုသစရိတ်များမတတ်နိုင်၍ ပြင်ပဆေးခန်းတွင်လည်း မပြနိုင်ဘဲ ရှိနေကြသည်များရှိသည်ဟု စစ်‌ဘေးရှောင််များကပြောသည်။

ကျောက်တော်မြို့တွင် လက်ရှိခိုလှုံနေကြသည့် စစ်‌ဘေးရှောင်များမှာ ကျောက်တော်မြို့ နယ်ဖက်အပါအဝင် ပလက်ဝ ဒေသဖက်တို့မှ အများစုပါဝင်ပြီး ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲများကြောင့်  ပြီးခဲ့သည့် ၂၀၁၉ မှစ၍ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်စခန်းအသီးသီးတွင် ခိုလှုံနေကြခြင်းဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/749743663831729

Leave a Reply

Your email address will not be published.