By Narinjara / 2023 September 12

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာတွင် ကျပ်သန်းပေါင်း ၂၅ဝဝ အကုန်အကျခံ တည်ဆောက်နေသည့် စစ်တွေ-ဝါဘိုချောင်းကူးတံတားသည် ၄ နှစ်ခန့်ကြာသည်အထိ တံတားတိုင် ၄ လုံးသာ တည်ဆောက်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။
အဆိုပါတံတားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကပင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခု ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလအထိ တံတားတိုင် ၄ လုံးသာ ပြီးစီးသေးသည်ဟု ဝါဘိုရွာသားတစ်ဦးက ပြောသည်။
“တောကန်ရွာဘက်က တိုင်ရှည်လေးလုံးပဲ ပြီးသေးတယ်။ မိုးမကျခင်ကလုပ်တာ မိုးကျတယ်ဆိုပြီး ရပ်ထားတယ်” ဟုပြောသည်။
အဆိုပါ တံတားမှာ အရှည်ပေ ၄၈ဝ၊ အကျယ်ပေ ၂ဝ၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေ၊ တံတားအောက် ကင်းလွတ်နယ်မြေ အမြင့် ၅ ပေ ၁၁ လက်မရှိပြီး စီမံကိန်းကာလမှာ ခန့်မှန်း ၄ နှစ်ဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါတံတားကို တင်ဒါအောင်မြင်ခဲ့သော သိန်းသန်းပြည့်လျှံဖြိုးကုမ္ပဏီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ဘဏ္ဍာငွေအလုံအလောက်မရရှိဟုဆိုကာ လုပ်ငန်းရပ်နားခဲ့ရသည်။
ယင်းနောက် ရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာနက တာဝန်ယူကာ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြန်လည်တည်ဆောက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
တောကန်ဒေသခံအမျိုးသားတစ်ဦးက “ပြီးတာတစ်ခုမှမရှိသေးဘူး။ သိန်းလည်း ဘယ်နှစ်ထောင်ကုန်သွားပြီလဲမသိ။ သူတို့ကိုမေးကြည့်တော့ ဘတ်ဂျက်က အဆင့်ဆင့်ဖြတ်တယ်တဲ့။ နိုင်ငံတော်ဘတ်ဂျက် ဆင့်ပြီးဆင့်ပြီးလာတော့ရော အဲဒီတံတား နောက်ထပ် ငါးနှစ်နဲ့လည်းပြီးမှာမဟုတ်ဘူး။ လက်ရှိလုပ်နေတာ သုံးနှစ်လောက်ရှိပြီ။ တစ်ပိုင်းတောင်မပြီးသေးဘူး။ ဘတ်ဂျက်တွေရတယ်။ သူတို့စားတယ်။ ဖြစ်သလို လုပ်နေကြတယ်။ အစိုးရကလည်း အရေးစိုက်လို့လုပ်တာမဟုတ်ဘူး။ သူတို့လုပ်ရင် ပြီးတယ်” ဟု ပြောသည်။
စစ်တွေမြို့မှ ဝါဘိုကျေးရွာသို့ ကုန်လမ်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့် သွားမည်ဆိုလျှင် တောကန်ကျေးရွာသို့ ပထမသွားရပြီး တောကန်ရွာမှ ဝါဘိုချောင်းကို လှေဖြင့် ဖြတ်ပြီးမှ ဝါဘိုသို့ ရောက်ရှိသည်။
အချိန်ကြန့်ကြာပြီး သွားလာရေး ခက်ခဲ၍ ပြည်သူများ သွားလာရေး လွယ်ကူစေရန်အတွက် ယခုတံတားကို တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အဆိုပါတံတားကို တာဝန်ယူတည်ဆောက်နေသည့် ရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာနမှ ပြည်နယ်မှူး ဦးဝင်းမြင့်ဟန်ကို နိရဥ္စရာက ဆက်သွယ်ခဲ့ရာ သူက
ကျေးလက်လမ်းဌာနမှတဆင့် တံတားဦးစီးဌာန၊ တံထားအထူးအဖွဲ့(၇)ကို တံတားဆောက်လုပ်ရန် နေရာချထားပေးထားပြီး ဘတ်ဂျက်အနေအထားအရ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နေသည်ဟု နိရဥ္စရာကိုပြောသည်။
“ကျနော်တို့က တောက်လျှောက် နှစ်စဉ်ဘတ်ဂျက်ရပြီးဆောင်ရွက်နေတယ်။ ခုကတော့ နှစ်စဉ်ဘတ်ဂျက်လျာထားတဲ့ပေါ်မူတည်ပြီးတော့ အတိုင်းတာတစ်ခုထိတော့ပြီးမှာပါ။ ဘတ်ဂျက်ရဲ့သဘောသဘာဝအရ ရတဲ့အပေါ်မှာပဲ ဆောင်ရွက်ရတာကို။ ဘတ်ဂျက်ရတဲ့ပေါ်မူတည်ပြီး တောက်လျှောက်ဆောင်ရွက်နေပါတယ်။ ဘယ်တော့ပြီးမလဲဆိုတာကတော့ ဘတ်ဂျက်ရရင်ရသလို ပြီးသွားမှာပေါ့နော်”ဟု ပြောသည်။
တစ်နှစ်လျှင် ဘတ်ဂျက်ငွေ မည်မျှချပေးသည်ဆိုသည်ကို အသေးစိတ်ထုတ်ဖော်ပြောခြင်းမရှိခဲ့ပါ။
ယခုတံတားထိုးနေသည့် ဝါဘိုကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်ပြီး လက်ရာမြောက်သော ရခိုင်ရိုးရာ လုံချည်များကို အကြီးအကျယ် ရက်လုပ်မှုကြောင့် နာမည်ကြီးကျေးရွာတစ်ခုလည်း ဖြစ်သည်။
ထိုတံတားသာပြီးစီးခဲ့လျှင် ၀ါဘိုအနီးအနားရှိရွာများဖြစ်ကြသော သိန်းတန်၊ ရာတန်၊ တောကန်နှင့် ကြိမ်တောရှိ လူဦးရေ ၈ ထောင်ကျော်မှာလည်း ခရီးသွားလာရေး အဆင်ပြေချောမွေ့မှုနှင့်အတူ စီးပွားရေး အဆင်ပြေလာနိုင်သဖြင့် ဒေသခံပြည်သူများက အဆိုပါ တံတားပြီးစီးရေးကို အထူးလိုလားနေကြသည်ဟု သိရသည်။ (NN-11)
https://www.facebook.com/narinjara.info/posts/703215711845561