ကုန်ကြမ်းပစ္စည်းများ ပြည်တွင်းသို့မရောက်သေး၍ ရခိုင်ဖိုင်ဘာစက်လှေလုပ်ငန်းတချို့ရပ်ထားရဆဲ

By Narinjara / 2023 September     5

ဓာတ်ပုံ – မြေပုံမြို့နယ်၊ သဝင်စေ့ကေကျေးရွာမှ M ဖိုက်ဘာစက်လှေလုပ်ငန်းကိုတွေ့ရစဥ်/ မျိုးမင်းဦး

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပြန်ဖွင့်ထားပြီဖြစ်သော်လည်း ကုန်ကြမ်းပစ္စည်းများပြည်တွင်းသို့ မရောက်ရှိသေး၍ ရခိုင်ဖိုင်ဘာစက်လှေလုပ်ငန်းတချို့ကို ရပ်နားထားရဆဲဖြစ်ကြောင်း လုပ်ငန်းရှင်များက နိရဥ္စရာသို့ ပြောဆိုကြသည်။

ရခိုင်ဖိုင်ဘာစက်လုပ်ငန်းများတွင် လိုအပ်သည့် ဖိုင်ဘာကုန်ကြမ်းပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ ရန်ကုန်သို့ တင်သွင်းပြီး ရန်ကုန်မှတဆင့် မှာယူလုပ်ကိုင်နေရခြင်းဖြစ်သည်။

ဩဂုတ်လ ၇ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီးရှိ လမ်းပိုင်းပြိုကျပျက်စီးပြီးနောက် ရန်ကုန်မှ လက်ကျန်ဖိုင်ဘာကုန်ကြမ်းပစ္စည်းများလည်း စျေးနှုန်းအဆမတန်မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

ဩဂုတ်လ ၂၅ ရက်တွင် အဆိုပါကားလမ်းကို ပြန်ဖွင့်ပေးခဲ့သော်လည်း ကုန်ကြမ်းပစ္စည်းများ မရောက်ရှိနိုင်ဖြစ်နေသေးသည့်အတွက် လုပ်ငန်းရပ်နားထားရခြင်းဖြစ်သည်ဟု မြေပုံမြို့နယ်၊ သဝင်စေ့ကေကျေးရွာမှ M ဖိုင်ဘာစက်လှေလုပ်ငန်းရှင် ကိုဇော်မင်းဦးက နိရဥ္စရာသို့ပြောသည်။

“မြဝတီလမ်းမကြီးပြန်ဖွင့်ထားပေမယ့် ရန်ကုန်ကိုကုန်ကြမ်းပစ္စည်းတွေမရောက်သေးဘူးလို့ပြောတယ်။ ကျွန်တော်တို့မှာ အရင်လက်ကျန်ပစ္စည်းတွေလည်း ကုန်သွားပါပြီ။ လုပ်ငန်းရပ်နားထားတာ တစ်ပတ်လောက်ရှိနေပြီ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့တွင် ဖိုက်ဘာစက်လှေများကို အဓိကထုတ်လုပ်နေခြင်းလည်း ဖြစ်သည်။

ဖိုင်ဘာစက်လှေပြုလုပ်ရာတွင် Resin ကော်ရည်၊ Mat လိပ်(ဖျင်လိပ်)၊ Hadaner ခြောက်ဆေးရည်၊ Monomer ဆေးရည်၊ ကျောက်မှုန့်၊ ဖယောင်းတို့အပါအဝင် ကုန်ကြမ်းပစ္စည်းစုစုပေါင်း ၁၃ မျိုးခန့်အသုံးပြုရပြီး ယင်းပစ္စည်းများအားလုံးမှာ စျေးအဆမတန်မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအထဲမှ ဖိုက်ဘာစက်လှေပုံသွင်းသွန်းလောင်းရာတွင် ကနဦးအဆင့်ကုန်ကြမ်းပစ္စည်းများဖြစ်သည့် Resin ကော်ရည်တစ်ပေပါကို ဇူလိုင်လအတွင်းက ၁၇ သိန်းခွဲရှိရာမှ ဩဂုတ်လတွင် ၂၂ သိန်းကျော်၊ Mat ၄၅ဝ (ဖျင်လိပ်) တစ်လိပ်မှာ ယခင်လက ၁၇၀၀၀၀ ကျပ်ရှိရာမှ ၂ သိန်းကျော်ထိစျေးမြင့်တက်သွားခြင်းဖြစ်သည်။

လက်ရှိတွင် မြဝတီဘက်မှ ကုန်ကြမ်းပစ္စည်းများမရောက်ရှိသေး၍ ရန်ကုန်မှဖိုင်ဘာကုန်ကြမ်းပစ္စည်းရောင်းဝယ်ရေးဆိုင်များတွင်လည်း ကုန်ပစ္စည်းပြတ်လပ်နေသည်ဟု ကြားသိရကြောင်း မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာမှ ဖိုင်ဘာစက်လှေလုပ်ငန်းရှင် ဦးမောင်သန်းမြင့်က ပြောသည်။

“ကျွန်တော်တို့က ရန်ကုန်ကဆိုရင် မင်္ဂလာ၊ MJ ပစ္စည်းဆိုင်တွေကမှာယူရတာပါ။ အခုအဲဒီကိုဆက်သွယ်ကြည့်တော့ မြဝတီဘက်ကပစ္စည်းတွေ မရောက်သေးဘူးလို့ပြောတယ်” ဟု ပြောသည်။

မြေပုံမြို့နယ်တွင် ဖိုင်ဘာစက်လှေလုပ်ငန်းအနည်းဆုံး ၇ ခုခန့်ရှိသည်ဟု သိရသည်။

ဖိုင်ဘာစက်လှေများသည် သစ်သားလှေလောက် ပြုပြင်ထိန်းသိမ်းစရာမလိုဘဲ တာရှည်ခံသုံးနိုင်သည့်အတွက် ရခိုင်ဒေသတွင် သစ်ထွင်းလှေများနေရာ၌ ဖိုင်ဘာစက်လှေများကို အစားထိုးကာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြခြင်းဖြစ်သည်။

ဖိုင်ဘာစက်လှေများကို အရှည် ပေ ၃၀ တစ်စင်းလျှင် ၂၆ သိန်း၊ ၂၅ ပေတစ်စင်းကို ၁၈ သိန်းအစရှိသဖြင့် စက်လှေအရွယ်အစားအလိုက် ရောင်းချနေရပြီး ဒေသတွင်းရေလုပ်ငန်းများက အဓိကဝယ်ယူကြကြောင်း လုပ်ငန်းရှင်များက ပြောသည်။ (NN-23)

https://www.facebook.com/narinjara.info/posts/699283492238783

Leave a Reply

Your email address will not be published.