(မုန်တိုင်းသင့် ရခိုင်ပြည်သူများကို နိုင်ငံတကာကူညီထောက်ပံ့ရေး စစ်ကောင်စီ ကန့်သတ်ထားဆဲ)
By Western News / 2023 August 31
NGO, INGO အဖွဲ့အစည်းများမှာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေးအတွက် စနစ်တကျကြပ်မတ်ထိန်းသိမ်းကြရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေးနေကြောင်း သိရသည်။
NGO, INGO အဖွဲ့များကို ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က သက်ဆိုင်ရာဝန်ကြီးဌာနများကို ကြပ်မတ်ပေးရန် ညွှန်ကြားခဲ့သည်။
ယင်းအစည်းအဝေးကို မင်းအောင်လှိုင်အပါအဝင် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်ယ်ဝန်ကြီးချုပ်များက အွန်လိုင်းမှ တက်ရောက်ခဲ့ကြသည်။
အချို့သော ပြည်ပအကူအညီများသည် INGO ၊ NGO များမှတစ်ဆင့် မျှဝေဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိကြောင်း မင်းအောင်လှိုင်က ဆိုသည်။
ယင်းအပြင် နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေးစရိုက်လက္ခဏာများ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ၊ ရေးသားထုတ်ဝေမှုများနှင့် ထုတ်လွှင့်မှုများ မရှိစေရေးအတွက် ထိန်းချုပ်ရန် လိုအပ်သည်ဟု ဆိုသည်။
ထိုသို့ လုပ်ဆောင်ရန်အတွက် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ကြရန် မင်းအောင်လှိုင်က စည်းရုံးပြောဆိုခဲ့သည်။
ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှာ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်၊ စစ်ပွဲများနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ကူညီထောက်ပံ့ဆောင်ရွက်နေကြပြီး မေလက တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းသင့်ပြည်သူများကိုလည်း အကူအညီပေးအပ်နိုင်ရန် ယူအန်အိုချာက စစ်ကောင်စီနှင့် ညှိနှိုင်းကြိုပမ်းနေသည်။
သို့သော်လည်း စစ်ကောင်စီက ယူအန်အိုချာ၏ ညှိနှိုင်းဆွေးနွေးမှုကို ယခုအချိန်အထိ လက်ခံမသေးဘဲ ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှာလည်း မုန်တိုင်းသင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မပေးအပ်နိုင်သေးပေ။
မိုခါမုန်တိုင်းကို ရခိုင်ပြည်သူများက အဓိက ခံစားခဲ့ရပြီး လူပေါင်း ၁၂ သိန်းကျော်မှာ အမိုးအကာအောက်သို့ ပြန်လည်ရောက်ရှိရေးနှင့် အရေးပေါ်ကူညီကယ်ရေး အထောက်အပံ့များမှာ လိုအပ်နေခြင်းဖြစ်သည်။
သို့သော်လည်း စစ်ကောင်စီက ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကို ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့် ပိတ်ပင်ထားပြီး ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ကန့်သတ်ထားဆဲဖြစ်သည်။
စစ်ကောင်စီအနေဖြင့် အကူအညီပေးမည့်သူများက ဝမ်းသာစွာဖြင့် ထောက်ပံ့ပေးမည်ကို မကန့်သတ်ရန်နှင့် ကိုယ်မကူညီနိုင်သည့်အရာများကို ကူညီပေးမည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို ခွင့်ပြုပေးရမည်ဟု ရက္ခိုင့်တပ်တော် ULA/AA က Western News ကို ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်အပါအဝင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများမှာ အိုးအိမ်စွန့်ခွာမှု အလွန်မြင့်တက်လာပြီး လက်ရှိအချိန်အထိ ပြည်သူလူထု နှစ်သန်းပြည့်တော့မည်ဟု ယူအန်အိုချာက ထုတ်ပြန်ထားသည်။
ယင်းအထဲက ၁.၆ သန်းကျော်ရှိသော ပြည်သူများမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီက ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များကို ထိန်းချုပ်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် ထပ်မံပြင်ဆင်ကာ တင်းကျပ်ခြင်းဖြင့် ပြည်တွင်းပြည်ပ INGO ၊ NGO များကို ထိန်းချုပ်ခဲ့သည်။
ဆက်လက်ပြီး မင်းအောင်လှိုင်က INGO များနှင့် NGO များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ထပ်မံ ထိန်းချုပ်တင်းကျပ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ပြည်တွင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူများက သုံးသပ်ပြောဆိုကြသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/736696728469756