NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်ကျင်းပရန် စစ်ကောင်စီ ပြင်ဆင်

(KNU က စစ်ကောင်စီကြောင့် NCA ပျက်ပြယ်သွားပြီဟု ပြောကြားထား)

By Western News / 2023 August     31

ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များနှင့် NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပရန် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေသည်။

ဩဂုတ်လ ၂၉ ရက်နေ့မှ ယနေ့အထိ ဆွေးနွေးနေသည့် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့တို့ တွေ့ဆုံမှုတွင် စစ်ကောင်စီဘက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို စစ်ကောင်စီဖက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU နှင့် PNLO တို့က ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲသဘောတူစာချုပ် NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး ကိစ္စအပါအဝင် ပဋိပက္ခဒဏ်ခံစားနေရသောဒေသများရှိ စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူလူထုအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်တွေ့ကျကျ ပါဝင်လုပ်ဆောင်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးနယ်ပယ်တွင် ဒေသအလိုက် EAO များ၏ ဦးဆောင်မှုကို မြှင့်တင်ရေးကိစ္စနှင့် NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေးကိုလည်း ဆွေးနွေးခဲ့သည်။

သို့သော်လည်း NCA မှာ စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်ပြယ်သွားပြီဟု ကရင်အမျိုးသားအစည်းအရုံး KNU က ပြောဆိုထားသည်။

NCA အခန်း ၁ ပါ ပြဋ္ဌာန်းချက်များကို မြန်မာစစ်တပ်က စစ်အာဏာသိမ်းပြီး ချိုးဖောက်လိုက်သဖြင့် NCA စာချုပ် ပျက်ပြယ်သွားပြီနှင့် စစ်ကောင်စီသည် နိုင်ငံတကာကို လှည့်စားရန် NCA စာချုပ်ကို ဆက်လက် တည်ရှိနေသယောင် အသုံးပြုနေကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောသည်။

NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် KNU အပါအဝင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ (၈)ဖွဲ့က ဦးစွာလက်မှတ်ရေးထိုး ခဲ့ကြသည်။

ဆက်လက်ပြီး NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူးဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က လက်မှတ်ရေးထိုးခဲ့ပြီး NCA စာချုပ်တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိသည်။

သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာစစ်တပ်က စစ်အာဏာသိမ်းပြီးနောက် NCA လက်မှတ်ရေးထိုးထားသည့် EAOs ၁၀ ဖွဲ့ထဲမှ KNU၊ CNF နှင့် ABSDF အဖွဲ့တို့မှာ စစ်ကောင်စီတပ်များနှင့် ယနေ့အချိန်အထိ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ပြည်သူလူထုများအတွက် ငြိမ်းချမ်းရေးကို မြတ်နိုးသောကြောင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး NCA ကို ဆက်လက် ကိုင်ထားမည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Western News သို့ ပြောထားသည်။

ယခု တစ်ကြိမ် NCA-S-EAO နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှုတွင် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တက်ရောက်ခြင်းမရှိပေ။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဖော်ဆောင်ရန်အတွက်ဟုဆိုကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ၁ နှစ် ကြေညာထားသော်လည်း မြေပြင် စစ်ပွဲများက ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/736722621800500

Leave a Reply

Your email address will not be published.