EAOs နှင့်ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းမည်ဆိုသော်လည်း ကျောက်တော်မှ လူထုဇော်ဝင်းအပါအဝင် ၃ ဦးကို ရုံးထုတ်ပြီး အချုပ်ခန်းသို့ ပြန်ခေါ်သွား

By Narinjara / 2023 August     2

စစ်ကောင်စီက ယမန်နေ့က ကျရောက်ခဲ့သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဆက်စပ်သူ ၇၂ ဦး၏ တရားရုံး စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ အမှုမှ လွှတ်ပေးမည်ဟု ထုတ်ပြန်ပြီးနောက် ကျောက်တော်မြို့မှ လူထုဇော်ဝင်း အပါအဝင် ၃ ဦးတို့ ယနေ့ ရုံးချိန်းတွင် ပြန်လွတ်လာလိမ့်မည်ဟု အများက မျှော်လင့် ထားခဲ့ကြသော်လည်း ပြန်မလွတ်ဘဲ အချုပ်ခန်းထဲကို ပြန်ခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

“  ဒီနေ့ သြဂုတ်လ ၂ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ  ဦးဇော်ဝင်း အပါအဝင် ၃ ဦးကို ကျောက်တော်မြို့နယ်တရားရုံးမှာ  အပြီးသတ် အမိန့်ချမယ်ဆိုပြီး ရုံးထုတ် လာပါတယ်။ ယခင်ရက်တွေနဲ့ နည်းတူ အမိန့်မချဘဲ လာမယ့် သြဂုတ်လ ၁၅ ရက်ကိုထပ်မံရုံးချိန်းလိုက်ပါတယ်”  ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူက ပြောသည်။

AAနှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရသည့် ၎င်းတို့ ၃ ဦး၏ ယနေ့ ရုံးချိန်းသည် အမိန့်ချရန် (၁၁) ကြိမ်မြောက် ရုံးချိန်းဖြစ်သည်ဟု သိရသည်။

“ ဒီတစ်ကြိမ်နဲ့ပါဆိုရင် အမိန့်ချဖို့ ရုံးထုတ်တာ ၁၁ ကြိမ်ရှိပါပြီ။ ၅၀၅-က တွေကို ၁၅ ရက်နေ့ ပြန်ချိန်းတယ်။ ၃ ယောက်လုံးကို။ သူတို့ကတော့ ၁၅ ရက်နေ့မှာ ပြန်စောင့်ကြည့်လို့ပြောတယ်” ဟု တရားရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ယမန်နေ့က စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများကို အမှုမှလွှတ်ပေးရန် ထုတ်ပြန်ခဲ့သည့် အတွက်ကြောင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ ယနေ့ရုံးချိန်းတွင် လွှတ်ပေးမည်ဟု တရားရုံးရှေ့တွင် မျှော်လင့်ချက်တကြီးဖြင့် စောင့်ဆိုင်းနေသူများ များပြားခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ယနေ့တွင်လည်း အမိန့်မချသည့် ကိစ္စနှင့်ပတ်သက်၍ ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူက “ဘာမှ မပြောချင်တော့ပါဘူး။ ပြောဖို့လည်း မရှိတော့ဘူး။ စိတ်ပျက်သွားပြီ။ ဒီနေ့ လွတ်မယ်ထင်ပြီး မျှော်လင့်ချက်တကြီးနဲ့ လာခဲ့ကြတာ” ဟုဆိုသည်။

ယင်းအပြင် ကိုဇော်ဝင်း၏ ဇနီးဖြစ်သူလည်း ကိုဇော်ဝင်းတို့ကို ယနေ့တွင် လွတ်မြောက် လာမည်ဟု မျှော်လင့်နေခဲ့သည်ဟု ပြောသည်။

“စိတ်ညစ်တာကလွဲရင် ဘာမှ မပြောချင်တော့ဘူး။ ဝါဆိုလပြည့်မကျမီ အဖိတ်နေ့ကလည်းက လွတ်မယ်ဆိုပြီး မျှော်လင့်နေကြတာ။ မလွတ်ရင် စိတ်မကောင်းဖြစ်ရုံက အပ ဘာတတ်နိုင်မှာလဲ။ သူတို့လုပ်တိုင်း ခံနေရတာကိုး”ဟုပြောသည်။

ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရပြီး အမိန့်ချရန် ကျန်နေသူ ၃ ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း(၄၃)နှစ်၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်(၂၈) နှစ်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် (၅၁) နှစ်တို့ဖြစ်ကြသည်။

ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်၌ ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန် ၂၁ ရက်တွင် ဦးဇော်ဝင်း၊ ကိုဇော်မိုးထက်နှင့် ဦးကျော်သန်းမောင်တို့ကို စစ်ကောင်စီက အကြောင်းပြချက်မရှိ ဖမ်းဆီးခဲ့ကာ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သူတို့ ၃ ဦးကို စွပ်စွဲထားသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ ထိတ်လန့်စေခြင်း၊ ကောလာဟလ (မမှန်သတင်း) များ ဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများ အပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက် လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟု သိရသည်။

စစ်ကောင်စီက ယမန်နေ့က ကျရောက်ခဲ့သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ အမှုမှလွှတ်ပေးခဲ့သည်ဟု သိရသည်။

ယင်းအပြင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်ဟုဆိုကာ သံတွဲအကျဉ်းထောင်မှ လွှတ်ပေးခဲ့သောသူမှာလည်း AA တပ်ဖွဲ့ဝင် မဟုတ်ဘဲ သာမန် အရပ်သားဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာကို ပြောဆိုထားသည်။ (NN-3)

https://www.facebook.com/narinjara.info/posts/680750234092109

Leave a Reply

Your email address will not be published.