AA နှင့် ဆက်စပ်မှုဖြင့် ဖမ်းဆီး တရားရင်ဆိုင်နေရသည့် ရခိုင်ဒေသခံ ၆၀ ကျော် ပြန်လည်လွတ်မြောက်

By Western News / 2023 August     3

ပုံစာ- လွတ်ငြိမ်းသက်သာခွင့်ဖြင့် ကျောက်ဖြူ ထောင်က လွတ်လာသူများ

စစ်ကောင်စီလည်းဖြစ် မြန်မာစစ်တပ်မှ မတရားစွပ်စွဲတရားစွဲဆို၍ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) (၂) တို့ဖြင့် အမှုရင်ဆိုင်နေရသည့် မြို့နယ်အသီးသီးက ရခိုင်ဒေသခံ ၆၁ ဦး ပြန်လည်လွတ်မြောက်လာကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က ဆိုသည်။

၎င်းတို့မှာ ရက္ခိုင့်တပ်တော် ULA/AA နှင့် ဆက်စပ်သည်ဆိုပြီး တရားစွဲဆိုခံထားရကာ ဝါဆိုလပြည့်အထိမ်းအမှတ်အဖြစ် စစ်ကောင်စီမှ အမှုကိုရုပ်သိမ်းပြီး ဩဂုတ်လ ၂ ရက်နေ့က လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီမှ မတရားအသင်းဆက်သွယ်ပုဒ်မနှင့် တရားစွဲဆိုခံနေရသူများထဲက ၇၂ ဦးကို လွှတ်ပေးမည်ဟု ထုတ်ပြန်ခဲ့သော်လည်း တကယ်လွှတ်ပေးခဲ့ရာမှာ ၆၁ ဦးကိုသာ လွှတ်ပေးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

သံတွဲအကျဉ်းထောင်က သံတွဲဒေသခံ တေးရေးဆရာ ကိုစန်းကိုအပါအဝင် ၁၆ ဦး၊ ကျောက်ဖြူအကျဉ်းထောင်က ၁၀ ဦး၊ စစ်တွေအကျဉ်းထောင်က ၁၂ ဦး၊ ကျောက်တော်အချုပ်ခန်းက ၂ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ ၉ ဦး၊ မောင်တောအချုပ်ခန်းမှ ၄ ဦး၊ တောင်ကုတ်အချုပ်ခန်းမှ ၃ ဦး၊ အမ်းအချုပ်ခန်းက ၅ ဦး စုစုပေါင်း ၆၁ ဦးမှာ လွတ်မြောက်လာခြင်းဖြစ်သည်။

ကိုစန်းကို၏ ညီဖြစ်သူက  “ကိုစန်းကို ပြန်လွတ်လာတော့ အရမ်းဝမ်းသာတာပေါ့။ သူ့မှာ မိသားစုတွေရှိတယ်။ ကလေးကလည်း ငယ်သေးတော့ မိသားစုအတွက် လိုအပ်နေတာပေါ့။ ကိုစန်းကို မရှိတော့ သူ့မိသားစုက အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ရတာပေါ့။ အခု ပြန်လွတ်လာတော့ ဝမ်းသာပါတယ်။ ကိုစန်းကို လက်နက်ကိုင်ဘာညာတွေနဲ့ ဆက်စပ်မှု မရှိပါဘူး။ ဒီအတိုင်းကျောင်းဆရာလေးပါ။ သီချင်းလေးရေးတာပေါ့ ” ဟု ပြောသည်။

ထို့ပြင် တရားရုံးမှ အမိန့်ချပြီး ထောင်ဒဏ်အသီးသီးကို ကျခံနေရသော ရခိုင်ပြည်က အကျဉ်းသား ၂၅၀ ကျော်လည်း လွတ်မြောက်ခဲ့ကြောင်းနှင့် ယင်းအထဲတွင် နိုင်ငံရေးပုဒ်မဖြင့် ထောင်ချခံခဲ့ရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်လည်း ပါဝင်ခဲ့သည်။

ကိုတင်ထွန်းအောင်သည် Western News ကို အင်တာဗျူးတစ်ခု ဖြေဆိုခဲ့ခြင်းကြောင့် စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ရာမှ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ကိုတင်ထွန်းအောင် မိသားစုဝင်တစ်ဦးက “ဟုတ်ကဲ့ တင်ထွန်းအောင်က ပြန်လွတ်မြောက်ပါပြီ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တာပါ။ ပြန်လည်လွှတ်ပေးလိုက်တော့ မိသားစုတွေက အရမ်းဝမ်းသာတာပေါ့” ဟု ပြောသည်။

ဩဂုတ်လ ၁ ရက်နေ့မှာ ကျရောက်သည့် ဓမ္မစကြာနေ့ ဝါဆိုလပြည့်နေတွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်များမှ အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၇၇၄၉ ဦးကို စစ်ကောင်စီက လွှတ်ပေးခဲ့ကြောင်းနှင့် နိုင်ငံခြားသား ၁၂၅ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး၊ လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ ဦးကို လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သို့သော်လည်း ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုခဲ့သည့် ဒေသခံများထဲမှ ဒေသခံ ၉၅ ဦးကိုလည်း အပြီးသတ်အမိန့်ချမည့်ရက်ကို စစ်ကောင်စီတရားရုံးများမှ အကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည်။

Western News ၏ စုစည်းချက်အရ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊‌ တောင်ကုတ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ဒေသခံ ၉၅ ဦးမှာ တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီထံ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ဥပဒေပုဒ်မ ၅၀၅(က) နှင့် မတရားအသင်းဆက်သွယ်ရေး ဥပဒေပုဒ်မ ၁၇(၁) (၂) တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။ ထိုအထဲမှ ဩဂုတ်လ ၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၆၁ ဦးက ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ပယ်ဖျက်ပြီးနောက်ပိုင်း ဒေသခံ ၁၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၇၀ ကျော်ခန့်မှာ ထောင်ဒဏ်ချမှတ်ခံထားရသေးသည်။

စစ်ကောင်စီမှ အကျဉ်းသားများလွှတ်ပေးခြင်းမှာ ပွင့်လင်းမြင်သာမရှိခြင်းကြောင့် အချက်အလက် ကောက်ခံရာ၌ အဟန့်အတားရှိနေသည့်အတွက် ဩဂုတ်လ ၃ ရက်နေ့ နံနက် ၅ နရီအချိန်အထိ လတ်တလောကောက်ယူထားသည့် စာရင်းအရ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၇၀ ဦး ဝန်းကျင်ရှိကြောင်း AAPP က အတည်ပြုထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄၁၃၇ ဦးရှိပြီး ထိုအထဲမှ ၁၉၆၈၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၆၉၅၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ထို့ပြင် နိုင်ငံတဝန်း ဖမ်းဆီးခံရမှုအနေဖြင့် အမျိုးသား ၁၁၁၉ ဦးရှိပြီး စစ်ကိုင်းတိုင်းမှ ၂၆၃ ဦးနှင့် အများဆုံး ဖမ်းဆီးခံထားရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/718606093612153

Leave a Reply

Your email address will not be published.