By Western News / 2023 August 28

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်က AA အခြေစိုက်ရာ တပ်စခန်းတစ်ခု ဧရိယာထဲသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်မှုမှာ မဟုတ်မှန်ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက Western News ကို ပြောသည်။
ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ တပ်မကြီးက ပစ်ခတ်လိုက်သော လက်နက်ကြီးမှာ နတ်အိုင်ရွာအနီးရှိ ရက္ခိုင့်တပ်တော် စခန်း ဧရိယာထဲ ကျရောက်ပေါက်ကွဲသည်ဟု ဒေသခံများ၊ မီဒီယာနှင့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတို့တွင် သတင်းထွက်ပေါ်နေပြီး ယင်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း ဦးခိုင်သုခက ဆိုသည်။
“ကျနော်တို့ မြေပြင်သတင်းအချက်အလက်အရ ကျနော်တို့ စခန်းဧရိယာထဲမှာ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီး ကျရောက်တာ မဟုတ်ပါဘူး။ သတင်းအမှားသာဖြစ်တယ်။ မြန်မာစစ်တပ် အခြေစိုက်တဲ့ ပွိုင့် ၄၂၈ ကုန်းမှာ ပေါက်ကွဲတာပါ။ ဘာပေါက်ကွဲတာလဲတော့ မသိဘူး။ တက်နင်းမိလို့ မိုင်းပေါက်ကွဲတာလား၊ ဘာပေါက်ကွဲတာလဲတော့ မသိသေးဘူး ” ဟု ပြောသည်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသလို ထိခိုက်ဒဏ်ရာသေဆုံးမှု အခြေအနေကို မသိရသေးကြောင်းနှင့် ဒေသခံများနှင့် ရက္ခိုင့်တပ်တော်က အတည်ပြုထားပြီး ဩဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီ တပ်စခန်းအတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ဒေသခံများပြောဆိုချက်အရ စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးများ စပ်သပ်ခတ်ရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ပေါက်ကွဲသံများကို အနီးအနားကျေးရွာများက ကြားခဲ့ရသည်ဟု ပြောဆိုကြသည်။
တစ်ဆက်တည်းတွင် စစ်ကောင်စီ တပ်ဖွဲ့များသည် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့ အစပ် ကျေးရွာများတွင် ရက္ခိုင့်တပ်တော်၏ အခြေစိုက်တပ်စခန်းများကို ဒရုန်းဖြင့်ကင်းထောက်မှုများရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
ရက္ခိုင့်တပ်တော်ဘက်ကမူ ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိပေ။
ယင်းအပြင် စစ်ကောင်စီ၏ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့မှာ မြစ်ကြောင်း၊ ရေကြောင်း၊ အဝေးပြေးလမ်းမများနှင့် ကျေးလက်ဒေသများအထိ သွားလာလှုပ်ရှားမှုများရှိနေပြီး တစ်ကျော့ပြန် စစ်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှ စ၍ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် နားလည်မှုဖြင့် ပစ်ခတ်ရပ်စဲခဲ့ပြီး လက်ရှိအချိန်အထိ ဆိုပါက နှစ်ဖက် ပစ်ခတ် ရပ်စဲမှုမှာ ၈ လနီးပါး ရှိလာပြီးလည်း ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/735036061969156