၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

By DMG / 2023 August               13

ပုံစာ – ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားမြင်ကွင်း။

ယနေ့ ဩဂုတ် ၁၃ ရက်နေ့တွင် ကျရောက်သည့် ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြီး စစ်တွေမြို့ တစ်နေရာတွင် ပြုလုပ်ခဲ့သည်။

ခေတ်အဆက်ဆက် ဆန်စပါးပေါများခဲ့သည့် ရခိုင်ပြည်တွင် ၁၉၆၇ ခုနှစ် ဦးနေဝင်း ဦးဆောင်သော ဆိုရှယ်လစ်လမ်းစဉ် “တစ်ပါတီစနစ်”၏ ခေါင်းပုံဖြတ်မှုကြောင့် ရခိုင်ပြည်တွင် အကြီးမားဆုံး ဆန်ရှားပါးမှု ဖြစ်ပေါ်စေခဲ့သည်။

ထိုဆန်ဆန်ရှားပါးမှု အငတ်ဘေးကိုဖြေရှင်းပေးရန် လူထုတစ်ရပ်လုံး အုပ်ချုပ်သူအစိုးရကို တောင်းဆိုဆန္ဒပြခဲ့ရာ အစိုးရသည် လူအုပ်ကို ရက်စက်စွာ ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ ထိုလူများကို အောက်မေ့လွမ်းဆွေးသည့်အနေဖြင့် အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က DMG သို့ပြောသည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်လောက်က ရခိုင်မှာ ဆန်ရှားပါးမှုတွေဖြစ်ခဲ့တယ်။ ဆန်ရှားပါးမှုတွေကြောင့် တောင်းဆိုခဲ့တဲ့ ပြည်သူလူထုတွေ အသတ်ခံခဲ့ရတယ်။ သူတို့ကို ကောင်းမှုကုသိုလ်ပြုပေးသလို တဖက်မှာလည်း သူတို့ကျဆုံးခဲ့တဲ့ အောက်မေ့လွမ်းဆွေးတဲ့အတွက် ဒီအခမ်းအနားပြုလုပ်ရတာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယခင်နှစ်များက ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂအနေဖြင့် စည်းစည်းကားကား ပြုလုပ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံရေးအခြေအနေအရ အကျဉ်းချုပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြလူအုပ်ကို ပစ်ခတ်နှိမ်နင်းစဉ် သေဆုံးသူ ၂၄ ဦးရှိသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သော်လည်း ရခိုင်လူထုကမူ လူပေါင်း ၃၀၀ ကျော်ခန့် သေဆုံးခဲ့ကြောင်း ပြောဆိုကြသည်။

၁၉၆၇ ခု သြဂုတ်လ ၁၃ ရက်နေ့တွင် ပစ်ခတ်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိမှု အဖြစ်အပျက်များရှိခဲ့သည့်အတွက် သြဂုတ်လ ၁၃ ရက်နေ့ကို စစ်တွေဆန်ပြဿနာနေ့အဖြစ် ရခိုင်တစ်မျိုးသားလုံးက ခေတ်သစ်သမိုင်းအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။

https://www.facebook.com/dmgnewsagency/posts/680844934089106

Leave a Reply

Your email address will not be published.