အာဏာသိမ်းကာလမှာ စစ်တပ်လက်ချက်ကြောင့် အမျိုးသမီး ၆၀၀ နီးပါး သေဆုံးခဲ့ရ

(မတရားဖမ်းဆီးခံနေရဆဲ  အမျိုးသမီး ၃၆၀၀ ကျော်ရှိနေ)

By Border News Agency / 2023 August   6

မြန်မာနိုင်ငံမှာ  အာဏာသိမ်းကာလနှစ်နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့လက်ချက်ကြောင့် အမျိုးသမီးစုစု ပေါင်း ၅၉၀ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ဩဂုတ်လ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို အမျိုးသမီးတွေ သေဆုံးကြရတာဟာ  အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့၀င်တွေ ပစ်ခတ်သတ်ဖြတ်တာ၊အရပ်သားပြည်သူတွေနေတဲ့ ရွာတွေဆီလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊အရှင်လ တ်လတ်မီးရှို့သတ်ဖြတ်တာတို့ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်က ၂၇ရက်နေ့အထိ တစ်လနီးပါးအတွင်းမှာပင် စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသမီး ၂၁ ဦး ရှိခဲ့တယ်လို့ BWU ရဲ့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

အဲဒီသေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သါရီတိုင်း၊ကယားပြည်နယ်နဲ့ မကွေးတိုင်းတို့မှဖြစ်ပြီး စစ်ကိုင်းတိုင်းက အရေအတွက်အများဆုံးဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသမီးအရေအတွ က်ဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ၁၉ ဦးအထိ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၂၀၂၃ ဇူလိုင်လ ၂၇ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသမီးပေါင်း ၃၆၄၇ဦး အထိရှိနေပြီဖြစ်ပါတယ်။

အဲဒီဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေထဲက ၈၃၅ ဦးဟာ မတရားပြစ်ဒဏ်ချမှတ်ခြင်းကိုခံနေကြရပြီး ကုန်ခဲ့တဲ့ ဇူလိုင်လအတွင်းမှာပင် အကြမ်းဖက်စစ်တပ်က တစ်ဖက်သတ်အမိန့်ချမှတ်လို့  ထောင်ဒဏ်ကျခံခဲ့ရတဲ့ အမျိုးသမီး ၂၂ ဦးအထိရှိခဲ့တယ်လို့  BWU က ဆိုပါတယ်။

အဲဒီအမျိုးသမီးတွေဟာ  အကြမ်းဖက်စစ်တပ်လက်အောက်ခံစစ်သားတွေနဲ့ ရဲတွေကို  ဘက်ပြောင်းဖို့ ပို့စ်ရေးသားခြင်းကြောင့် ဖမ်းဆီးခံရခြင်းရှိသလို  တစ်ချို့မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဖမ်းဆီးခံကြရတာဖြစ်ပါတယ်။

အဲဒီအပြင်  တချို့အမျိုးသမီးတွေကတော့ အကြမ်းဖက်စစ်တပ်ရဲ့ ရုံးတွေအနီး ပေါက်ကွဲတဲ့ဗုံးတွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံကြရတာကို တွေ့ရတယ်လို့ BWU ဆိုပါတယ်။

၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက  အရပ်သားအစိုးရဆီကနေ တိုင်းပြည်အာဏာတွေကို လုယူခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ အရေးပေါ်ကာလတွေ တစ်ခုပြီးတစ်ခုတိုးယူကာ  အာဏာဆုပ်ကိုင်လာခဲ့တာ နှစ်နှစ်ခွဲကျော်ရှိပြီဖြစ်ပါတယ်။

https://www.facebook.com/bordernewsagency/posts/306491575232347

Leave a Reply

Your email address will not be published.