By Narinjara / 2023 August 16

ရခိုင်အမျိုးသမီးများအရေးလှုပ်ရှားဆောင်ရွက်သူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးအား စစ်ကောင်စီက ဖမ်းဆီးတရားစွဲခြင်းသည် ရခိုင်ပြည်သူများ၏ ပို၍ နာကျည်းမုန်းတီးမှုကိုသာ ရရှိနိုင်ပြီး မည်သည့် အကျိုးမှ ဖြစ်ထွန်းနိုင်မည်မဟုတ်ဟု ရခိုင့်နိုင်ငံရေး လေ့လာ သုံးသပ်သူလည်းဖြစ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်းလည်း ဖြစ်သည့် ဦးဖေသန်းက သတိပေးပြောကြားလိုက်သည်။
အခမ်းအနား တစ်ခုကိုတက်ရောက်ရုံမျှဖြင့် ယခုကဲ့သို့ မတရားဖမ်းဆီးပြီး ကြီးလေးသည့်ပုဒ်မဖြင့် အမှုဖွင့်လိုက်ခြင်းသည် ရခိုင်ပြည်သူများ၏ နှလုံးသားထဲတွင် ပို၍စိုးရိမ်သောက ဖြစ်စေသည့်အပြင် စစ်ကောင်စီအား နာကျည်းမုန်းတီးစိတ်များသာ ပို၍ဖြစ်လာနိုင်သည်ဟု ဦးဖေသန်းက ပြောဆိုသည်။
“ စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို တက်တဲ့ အတွက် ဒေါ်ညိုအေးကို ခုလို ကြီးလေးတဲ့ ပုဒ်မနဲ့ အမှုဖွင့်လိုက်တာဟာ ရခိုင်ပြည်သူများ၏ နှလုံးသားထဲမှာ ပို၍ စိုးရိမ်သောက ဖြစ်စေတဲ့အပြင် စစ်ကောင်စီကို နာကျည်းမုန်းတီးစိတ်များ ပို၍ဖြစ်လာနိုင်တယ်။ ဒီလုပ်ရပ်များအတွက် ပြောင်းပြန် အကျိုးသက်ရောက်မှုကိုသာ ခံစားရမှာဖြစ်တဲ့အတွက် သတိထားဆင်ခြင်ကြဖို့လိုပါမယ်။”
၎င်းပြင် ဖက်ဒရယ်ဒီမိုကရေစီကိုသွားမည်ဟု ကြွေးကြော်နေသော စစ်ကောင်စီ အနေဖြင့် တိုင်းရင်းသားများ၏ ခံစားချက်များကို အများကြီးအသိအမှတ်ပြုရန် လိုအပ်နေပြီး မြန်မာစစ်တပ်၏ ကျူးလွန်ခဲ့သော အမှားများအတွက် ဝန်ချတောင်းပန်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
“အဲဒီလို ဆန်ပြဿနာနေ့မျိုးက သမိုင်းအမှန်တွေပါ။ သမိုင်းအမှန်တွေကို ဖော်ထုတ်တာ။ ကျင်းပတာက ဘယ်လူမျိုးကိုမဆို ခွင့်ပြုရမှာဖြစ်ပါတယ်။ ဖဒရယ်ပြည်ထောင်စုကို သွားမယ်လို့ ကြွေးကြော်နေတဲ့ စစ်အစိုးရဟာ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို အများကြီး အသိအမှတ်ပြုဖို့လိုတယ်။ ကိုယ်ချင်းစာဖို့လိုတယ်။ ဖြစ်နိုင်ရင် ပူးပေါင်းပါဝင်ပြီးတော့ သမိုင်းမှာ မှားခဲ့တာတွေကို မှားတယ်လို့ ဝန်ချတောင်းပန်ဖို့လိုတယ်ပေါ့နော်” ဟု နိရဥ္စရာသို့ ပြောသည်။
ရခိုင်ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား အာဏာကို မတော်မတရား အသုံးပြုပြီး အဖက်ဖက်က တားဆီးပိတ်ပင်နေလျှင် ရခိုင်လူထုထံမှ ပို၍ ဆိုးရွားသည့် တုံ့ပြန်မှုမျိုးသာ ရရှိနိုင်မည်ဟုလည်း ဦးဖေသန်းက သတိပေးပြောဆိုသည်။
သြဂုတ်လ ၁၃ ရက်က စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ကျင်းပသည့် (၅၆)နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ခဲ့သည့် အတွက် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ အသက် ၆၀ ကျော်အရွယ် ဒေါ်ညိုအေးအား စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက သြဂုတ်လ ၁၅ ရက်တွင် ဖမ်းဆီးကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ပြီး စစ်တွေထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်သူများ၏ အမျိုးသားရေး အထိမ်းအမှတ်ပွဲများ၊ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားများနှင့် ဘာသာရေးဆိုင်ရာပွဲများ ကျင်းပနေမှုများအပေါ် စောင့်ကြည့်ရုံသာမက အနှောင့်အယှက်ပေးမှုများလည်းရှိနေသည်ဟု ဆိုသည်။
“ လူမျိုးတစ်မျိုးရဲ့ အမျိုးသားအထိမ်းအမှတ်ပွဲတွေ၊ ဘာသာရေး ပွဲလန်းသဘင်တွေ၊ ဝမ်းနည်းအောက်မေ့ဖွယ်နေ့တွေ ကျင်းပပြုလုပ်တာကို နှောင့်ယှက်မှု၊ ဖမ်းဆီး စစ်မေးမြန်းမှုတွေ ပြုလုပ်တာ မလုပ်သင့်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ အနာဂတ် ပြည်ထောင်စုကို တည်ဆောက်ချင်တယ် ဆိုရင် စစ်ကောင်စီအနေနဲ့ ခုလို လုပ်ရပ်မျိုးတွေကို အမြန်ရပ်တန့်ပစ်ဖို့လိုပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသည် ယခုလို ရခိုင် အမျိုးသားနေ့ဆိုင်ရာ အခမ်းအနားများကို ပိတ်ပင်ထားသည်သာမက ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ ကုန်စည် စီးဆင်းမှု၊ သယ်ယူပို့ဆောင်မှုများကိုလည်း ကန့်သတ်ထားပြီး ရခိုင်ပြည်သူများ ပိုမို အကျပ်အတည်းဖြစ်အောင် ဥပဒေကို လိုသလို လက်တစ်လုံးခြား အသုံးချကာ ဆောင်ရွက်နေသည်ဟု ဒေသခံပြည်သူများက ပြောကြားသည်။
ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် ရပ်ရွာအတွင်း သွားလာနေမှုများကို ရပ်တန့်စေကာ ကားများနှင့် ဆိုင်ကယ်များကို ဖွင့်ပြီး စစ်ဆေးမေးမြန်းခြင်းများ၊ ကုန်းလမ်း၊ ရေလမ်းတို့တွင် ဆန်အပါအဝင် ဆေးဝါးများအပါအဝင် လူ့အဆောင်ပစ္စည်းများအား စစ်ဆေးမှုများတင်းကျပ်နေခြင်းတို့သည်လည်း ကောင်းကျိုးထက် ဆိုးကျိုးသာများစေမည်ဟု ဦးဖေသန်းက ဆိုသည်။
ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ ယနေ့အထိ နားလည်မှုဖြင့် အပစ် ရပ်စဲထားကြသော်လည်း စစ်ကောင်စီသည် အပြစ်မဲ့ရခိုင်ပြည်သူများ ဖမ်းဆီး တရားစွဲဆို ထောင်ချခြင်းများကို ပြုလုပ်နေဆဲဖြစ်သည်။
လက်ရှိ အပစ်ရပ်ထားစဉ်ကာလအတွင်း စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်းမှတဆင့် စစ်အင်အား၊ လက်နက်နှင့် ရိက္ခာများဖြည့်တင်းလျက်ရှိသလို ရသေ့တောင်၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့နယ်တို့ရှိ အေအေ တပ်စခန်းများ၏ တည်နေရာများကိုလည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဒရုန်းယာဉ်များအသုံးပြု ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/688531356647330