အမ်း-တပ်တောင်လမ်းမကြီးရှိ ရွာ ၈ ရွာမှ နေအိမ်များ လမ်းဧရိယာကျူးကျော်ပါက ဥပဒေအရအရေးယူမည်ဟု ထပ်မံသတိပေး

By Narinjara / 2023 August     18

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အမ်း-တပ်တောင် ကားလမ်းမ နေရာအချို့ရှိ နေအိမ်များ သတ်မှတ်ထားသော လမ်းဧရိယာ ပေ(၁၅၀) ကို ကျုးကျော်ပါက လမ်းမကြီးများ ဥပဒေအရ အရေးယူမည်ဟု လမ်းဦးစီးဌာနက သတိပေး ဆိုင်းဘုတ်များ ထပ်မံစိုက်ထူလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါလမ်း၏နေရာတချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ယခုကဲ့သို့ သတိပေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ခြင်းဖြစ်သည်ဟု တပ်တောင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“လမ်းရဲ့တချို့နေရာတွေမှာတော့ သတိပေးဆိုင်းဘုတ်စိုက်ထူလာတာရှိပါတယ်။ လမ်းဧရိယာကို မကျော်ဖို့၊ ကျော်ရင် အရေးယူမယ်ဆိုတာတွေပေါ့” ဟု ပြောသည်။

လက်ရှိတွင် သတိပေးဆိုင်းဘုတ်များကို တပ်တောင်မြို့ အမှတ်(၂) ရပ်ကွက် အပါအဝင်နေရာတချို့တွင် စိုက်ထူထားခြင်းဖြစ်ကြောင်း သူက ပြောသည်။

အမ်း- တပ်တောင်ကားလမ်းတလျှောက်တွင် ကျေးရွာပေါင်းအနည်းဆုံး ၈ ရွာခန့်ရှိပြီး ယင်းရွာတို့မှာ င,ရုပ်တောင်၊ စိန်ပိုက်၊ မွန်လှ၊ နွန်ကျော်၊ တိုက်မော်၊ စခန်းမော်၊ ဂါယ်လောင်း၊ လုံးရွာများဖြစ်ကြောင်းသိရသည်။

အဆိုပါကျေးရွာများမှ နေအိမ်များကို လမ်းဧရိယာ တစ်ဘက် ၇၅ ပေ၊ နှစ်ဘက်ပေါင်း ၁၅၀ ပေမှ  လွတ်အောင်ဖယ်ရှားပေးရန် အမ်းမြို့နယ်  လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) သက်ဖြိုးအောင်က ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းမှစတင်ကာ စာထုတ်ညွှန်ကြားထားခဲ့သည်။

ယင်းနောက် ယခုတဖန် သတိပေးဆိုင်းဘိုးများ ထပ်မံ စိုက်ထူလာခြင်းလည်း ဖြစ်သည်။

လမ်းဦးစီးဌာန၏ ညွှန်ကြားချက်အရဆိုလျှင် အဆိုပါကျေးရွာများတွင်ရှိသည့် လမ်းဘေးတစ်ဘက်တစ်ချက်မှ နေအိမ်များအားလုံးကို ဖယ်ရှားပေးရမည့် အခြေအနေဖြစ်နေပြီး အမ်းမြို့၊ ရပ်ကွက်သုံးခုရှိ အဆောက်အဦများကိုလည်း ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ဖယ်ရှားပေးရပါက နေအိမ်မြေနေရာများဆုံးရှုံးပြီး မိသားစုပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဘဝရောက်သွားနိုင်သဖြင့် နေအိမ်ပိုင်ရှင်များမှာ မဖယ်ရှားပေးဘဲ နေနေကြရသည်ဟု ပြောဆိုကြသည်။

သံတွဲမြို့နှင့် ဂွမြို့ကြား ကားလမ်းတစ်လျှောက်တွင် တည်ဆောက်ထားသည့် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသော ဆိုင်ခန်း၊ အဆောက်အဦများ အားလုံးကိုလည်း ဇူလိုင် ၁၀ ရက်နောက်ဆုံးထားကာ ဖယ်ရှားပေးရန် ဇွန်လ ၂၇ ရက်က ဂွမြို့နယ် လမ်းဦးစီးဌာနမှ ညွှန်ကြားခဲ့သေးသည်။

စစ်ကောင်စီလက်ထက် ရခိုင်ပြည်တွင် ယခုကဲ့သို့လမ်းဧရိယာ တိုးချဲ့ သတ်မှတ်နေသည့်အတွက် မြို့နယ်တချို့တွင် နေအိမ်အများအပြား ဖယ်ရှားပေးရနိုင်ပြီး လူအမြောက်အများ အိုးမဲ့အိမ်မဲ့အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း နေအိမ်ပိုင်ရှင်များက ပြောသည်။ (NN-23)

Photo – facebook

https://www.facebook.com/narinjara.info/posts/689619853205147

Leave a Reply

Your email address will not be published.