အမေရိက၏ သေနတ်ယဉ်ကျေးမှု နောက်ကွယ်က လွတ်လပ်ခွင့်နှင့် အကြောက်တရား

By DMG / 2023 August               25

အင်္ဂလိပ်လက်အောက်မှ အမေရိကန်ကိုလိုနီနယ်များ လွတ်လပ်ရေးကြေညာပြီးစ ၁၇၇၆ ခုနှစ်တွင်ဖြစ်သည်။ စစ်ပွဲအရှိန် မြင့်လာသည်နှင့်အမျှ နိုင်ငံကိုထူထောင်ခဲ့ကြသည့် ဖခင်ကြီးများ အကြီးအကျယ် ဆွေးနွေးငြင်းခုန်ခဲ့ကြရသည့် အကြောင်းအရာမှာ ‘အမေရိကန်နိုင်ငံသားများအနေဖြင့် တသီးပုဂ္ဂလ သေနတ်ပိုင်ဆိုင်ခွင့် ရသင့်သလား၊ သို့မဟုတ် ဒေသန္တရ စစ်တပ် တပ်ဖွဲ့ဝင်များကိုသာ သေနတ်ကိုင်ခွင့် ပေးမည်လား’ ဆိုသည့်အချက်ဖြစ်သည်။

၂၀၂၂ ခုနှစ် မေလ ၂၄ ရက်၊ အင်္ဂါနေ့တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ စာသင်ကျောင်းတစ်ခု၌ သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ကလေးငယ် ၁၉ ဦးနှင့် ဆရာ ၂ ဦး သေဆုံးသည်။ အဆိုပါဖြစ်ရပ်အပြီး သီတင်းပတ်အနည်းငယ်အကြာ ဇွန်လ ၂၃ ရက်နေ့တွင် နိုင်ငံတော်တရားရုံးချုပ်က သေနတ်ကိုင်ဆောင်ခွင့်ကို တိုးချဲ့ခွင့်ပြုချက် ထွက်ပေါ်လာခဲ့သည်။ (ဤဆုံးဖြတ်ချက်အရ အမေရိကန်နိုင်ငံသားများသည် ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်အရ အများပြည်သူနေရာများတွင် သေနတ်ကိုင်ဆောင် သွားလာခွင့်ရှိသည်။)

ဤသို့ဖြင့် အငြင်းပွားမှုများ ပေါ်ထွက်လာခဲ့သလို ပြင်ပကမ္ဘာမှ လူများအဖို့လည်း အမေရိကန်များသည် အဘယ့်ကြောင့် လက်နက်ကိုင်ဆောင်မှုကို ဤမျှအထိ စွဲလမ်းနေကြရသနည်းဟု နားမလည်နိုင် ဖြစ်ရသည်။  မကြာခဏဆိုသလို ကြားနေရသည့် ပစ်ခတ်သတ်ဖြတ်မှုများတွင် သေနတ်က အဓိကလက်နက် ဖြစ်နေသည် မဟုတ်ပါလား။

ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ ဤမေးခွန်းအတွက် အဖြေသည်ကား အခြေအနေ နှစ်ရပ်နှင့် သက်ဆိုင်နေသည်ဟု ဆိုပါသည်။ တစ်ခုမှာ ဗြိတိန်လက်အောက်မှ လွတ်လပ်ရေး ရယူခဲ့သည့် နိုင်ငံ၏ နောက်ခံသမိုင်းဖြစ်ကာ နောက်တစ်ခုမှာ မကြာသေးမီကာလများအတွင်းကမှ ကြီးထွားလာသည့် ယုံကြည်မှုတစ်ခုဖြစ်သော ကိုယ့်လုံခြုံရေးအတွက်ကိုယ် သေနတ်ကိုင်ဖို့ လိုအပ်သည်ဆိုသော ထင်မှတ်ချက် ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း အမေရိကန်တွင် သေနတ်အလက် သန်း ၂၀၀ ကျော် ရောင်းချခဲ့ရသည်။ နိုင်ငံသည် ယခင်က အားကစားနှင့် အမဲလိုက်ခြင်း အတွက်သာ သေနတ်ကိုင်ဆောင်ခဲ့ကြသည့် ‘သေနတ်ယဉ်ကျေးမှု 1.0’ မှ ယခုအခါ မိမိတို့နေအိမ်နှင့် မိသားစုကို ကာကွယ်ရန်အတွက် သေနတ်ကိုင်ဆောင်ဖို့ လိုအပ်သည်ဟု ရှုမြင်ကြသည့် ‘သေနတ်ယဉ်ကျေးမှု 2.0’ အဆင့်သို့ ပြောင်းလဲသွားခဲ့သည်။

အမေရိကန် သေနတ်လုပ်ငန်းကြီးများ၏ ကြော်ငြာများက ဤအပြောင်းအလဲအပေါ် အကြီးအကျယ် လွှမ်းမိုးခဲ့သည်ဟု စက်မှုလုပ်ငန်း အမှုဆောင်ဟောင်း ရိုင်ယန်ဘာဆီက ဆိုသည်။ အမေရိကန် သေနတ်ကုမ္ပဏီကြီးများ၏ စုစုပေါင်း လုပ်ငန်းလည်ပတ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံခန့်ရှိသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများသည် “အမုန်းတရား၊ အကြောက်တရားတို့ကို မြင့်တက်အောင်လုပ်ကာ အကျိုးအမြတ်ရှာဖွေရန် ဖန်တီးထားသည့် သေနတ်စက်မှုလုပ်ငန်း စီးပွားရေးပုံစံတစ်မျိုး၏ ဘေးထွက်ထုတ်ကုန်” ဖြစ်သည်ဟု ဘာဆီက အွန်လိုင်းမဂ္ဂဇင်းတစ်ခုဖြစ်သည့် Bulwark တွင် ၂၀၂၂ ခုနှစ် မေလက ရေးသားခဲ့သည်။

နယူးယောက်ပြည်နယ်ရှိ စျေးဝယ်စင်တာတစ်ခုတွင် လူမည်းများအား ပစ်ခတ်မှု၊ တက္ကဆက်ပြည်နယ် ယူဗာဒေးမြို့တွင် စာသင်ကျောင်းတစ်ခု၌ ကလေးများနှင့် ဆရာများအား ပစ်ခတ်မှုတို့ ရှိလာခဲ့ပြီးနောက်၌ သာမန်ကာလျှံကာမျှသာရှိခဲ့သော သေနတ်ထိန်းချုပ်ရေး စည်းကမ်းအချို့ကို ပိုမိုတိုးမြှင့်ရန် သဘောတူညီမျှများ အမေရိကန်လွှတ်တော်အမတ်များ အကြားတွင် ရှိလာခဲ့သည်။

တစ်ချိန်တည်းလိုလို၌ အမေရိကန်တရားရုံးချုပ်ကလည်း သေနတ်ကိုင်ဆောင်သွားလာခွင့်ကို ကန့်သတ်ထားသည့် နယူးယောက်ပြည်နယ် ဥပဒေကို အဆုံးသတ်လိုက်သည်။ သေနတ်လွတ်လပ်ခွင့်အတွက် အထူးပင်တာသွားသည့် ဆုံးဖြတ်ချက်ကြီးဖြစ်သည်။

■ သေနတ်များနှင့် နိုင်ငံတော်သစ်

၁၇၇၀၊၁၇၈၀ အလွန်ခုနှစ်များအတွင်း အမေရိကန်ပြည်ထောင်စုသစ်ကို ပုံဖော်ခဲ့ကြသည့်  ပုဂ္ဂိုလ်ကြီးများအတွက်ကတော့ သေနတ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ မရှိခဲ့ကြပေ။

ဥရောပသက်ဦးဆံပိုင် ဘုရင်များနှင့် ၎င်းတို့၏ စစ်တပ်များက သေနတ်ကို မောင်ပိုင်စီးပြီး ကိုင်ဆောင်ထားခြင်း ကပင်လျှင် အမေရိကန်ရှိ အခြေချနေထိုင်သူများ တော်လှန်တိုက်ခိုက်နေကြရသည့် ဖိနှိပ်မှုများ၏ အကြောင်းရင်းဖြစ်သည်ဟု သူတို့က ဆိုကြသည်။

 ‘ဖွဲ့စည်းပုံအခြေခံဥပဒေ၏ဖခင်’ ဂျိမ်းမက်ဒီဆင်က “လက်နက်ကိုင်ဆောင်ထားခြင်း၏ အကျိုးကျေးဇူးမှာ အခြားသော နိုင်ငံအားလုံးနီးပါးရှိ ပြည်သူများထက် အမေရိကန်လူထုက အသာရနေသည့် ပိုင်ဆိုင်မှုပင်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ဤကိစ္စရပ်၏ ရှုပ်ထွေးသော သဘောသဘာဝကို သူအပါအဝင် နိုင်ငံထူထောင်သူများကလည်း သဘောပေါက်ခဲ့ကြပါသည်။ ပြည်နယ်အသစ်များသည် ထိုစဉ်က အခြေတည်စ ဖက်ဒရယ်အစိုးရအပေါ် အယုံအကြည် မရှိခဲ့ကြပေ။ ကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင်လက်နက်များသာ အလိုရှိခဲ့ကြသည်။

လူထုအနေဖြင့် အမဲလိုက်ရန်၊ သားရိုင်းတိရစ္ဆာန်များနှင့် သူခိုးဓားပြများရန်မှ ကာကွယ်ရန် လိုအပ်ကြောင်း သူတို့က သတိပြုခဲ့ကြသည်။ သို့သော်လည်း သေနတ်ကိုင်သူ များလာပြီး ဥပဒေမဲ့ဖြစ်ရပ်များ တိုးပွားလာနိုင်ခြေကိုလည်း အချို့က စိုးရိမ်ပူပန်ခဲ့ကြသည်။

နိုင်လိုမင်းထက် ကြီးစိုးအုပ်ချုပ်မှုကို တားဆီးနိုင်ရန်အတွက် ပုဂ္ဂလိကသေနတ်ပိုင်ဆိုင်မှုသည် မရှိမဖြစ် လိုအပ်ပါသလား။ ဒေသန္တရ စစ်တပ်များက အဆိုပါလိုအပ်ချက်ကို ဖြည့်စွမ်းမပေးနိုင်ဘူးလား။ ဒါမှမဟုတ် စစ်တပ်ကိုယ်၌က ဒေသခံများကို ဖိနှိပ်သူဖြစ်လာနိုင်သလား။

ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းအခံရဆုံး ပြင်ဆင်ချက်တစ်ရပ်ကို ၁၇၉၁ ခုနှစ်တွင် ဖွဲ့စည်းပုံဥပဒေ၌ ထည့်သွင်းခဲ့သည်။ အဆိုပါ ပြင်ဆင်ချက်အမှတ် (၂) တွင် သေနတ်ကိုင်ဆောင်ခွင့်ကို အောက်ပါအတိုင်း အာမခံထားသည်။

 “လွတ်လပ်သောနိုင်ငံတော်တစ်ခု၏ လုံခြုံရေးအတွက် စနစ်တကျဖွဲ့စည်းထားသော ပြည်သူ့စစ်အဖွဲ့တစ်ရပ် လိုအပ်သောကြောင့် ပြည်သူများ၏ လက်နက်ကိုင်ဆောင်ခွင့်ကို မထိပါးစေရ။”

■ ၁၉၆၀ ကျော်နှစ်များအတွင်း သေနတ်ထိန်းချုပ်ရေး

နောင်နှစ်ပေါင်း ၂၀၀ အတွင်း အမေရိကန်တို့၏ ဘဝနေထိုင်မှုနှင့် ဒဏ္ဍာရီတွင် သေနတ်များသည် အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့သည်။

ဝိတ်ဖောရက်စ်တက္ကသိုလ်ပါမောက္ခ ဒေးဗစ်ယာမာနီ၏ အဆိုအရ သေနတ်ယဉ်ကျေးမှု 1.0 သည် ကနဦးအခြေချသူများအတွက် အရေးပါသည့် တန်ဆာပလာဖြစ်ခဲ့သည်ဟု ဆိုသည်။ ၎င်းတို့သည် သေနတ်ကို အမဲလိုက်ကစားခြင်း၊ သားရဲတိရစ္ဆာန်များကို ရှောင်ကြဉ်ခြင်းအတွက်သာမက ဌာနေအမေရိကန်များအပေါ် လူမျိုးတုံးသွားစေသည်အထိ ခြယ်လှယ်ခြင်း၊ ကျေးကျွန်များကို ထိန်းချုပ်ခြင်းများအတွက်ပါ အသုံးချခဲ့ကြသည်။

၂၀ ရာစုအစောပိုင်းသို့ ရောက်လာချိန်၌မူ မြို့ပြလူနေမှုပုံစံများ ကြီးထွားလာသည့် အမေရိကန်ပြည်နယ်များ၌ သေနတ်များ ပေါပေါလောလောဖြစ်လာခဲ့ကာ သေနတ်ကိုင်ဆောင်ပြီး ရာဇဝတ်မှု ကျူးလွန်ခြင်းများသည်လည်း အခြားနိုင်ငံများ၌ မမြင်တွေ့ရသည့် ပမာဏအထိ များပြားလာခဲ့တော့သည်။

၁၉၀၀ မှ ၁၉၆၄ ခုနှစ်အထိ အမေရိကတွင် သေနတ်ဖြင့် လူသတ်မှုကျူးလွန်မှု ၂၆၅,၀၀၀၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ၃၃၀,၀၀၀ နှင့် သေနတ်မတော်တဆမှု ၁၃၉,၀၀၀ ရှိခဲ့ကြောင်း ကွယ်လွန်သူ သမိုင်းပညာရှင် ရစ်ချက်ဟော့စတက်တာက မှတ်တမ်းပြုစုခဲ့သည်။

ကြိုတင်ကြံစည်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုများ မြင့်တက်လာသည်ကို ထိန်းချုပ်သည့်အနေဖြင့် ဖက်ဒရယ်အစိုးရသည် ၁၉၃၄ ခုနှစ်တွင် စက်သေနတ်ကိုင်ဆောင်ခြင်းကို တားမြစ်ခဲ့သည်။ သေနတ်များကိုလည်း လိုင်စင်လျှောက်ထားရန်နှင့် အခွန်ကောက်ခံရန်ပါ သတ်မှတ်ခဲ့သည်။

အချို့ပြည်နယ်များကလည်း အများပြည်သူ သွားလာရာနေရာများ၌ သေနတ်ပေါ်ပေါ်ထင်ထင် ကိုင်ဆောင်ခွင့် သို့မဟုတ် ကွယ်ဝှက်ကိုင်ဆောင်ခွင့်အား ပိတ်ပင်ခြင်းမျိုးကဲ့သို့ သီးခြား ကိုယ်ပိုင်ဥပဒေများ ထည့်ဖြည့်ခဲ့ကြသည်။

၁၉၅၉ ခုနှစ်တွင် သေနတ်ကို ပုဂ္ဂလိကအသုံးအတွက် ကိုင်ဆောင်ခြင်းကို လုံးဝပိတ်ပင်ရန် လိုလားသူ အမေရိကန်လူထု ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု လူထုဆန္ဒကောက်ယူမှုအရ သိရသည်။

ဂျွန်အက်ဖ်ကနေဒီ၊ ရောဘတ် အက်ဖ်ကနေဒီနှင့် မာတင်လူသာကင်းတို့ လုပ်ကြံခံရမှုတို့ကလည်း ၁၉၆၈ ခုနှစ်တွင် ထိထိရောက်ရောက် အကျိုးသက်ရောက်စေမည့် စည်းကမ်းများချမှတ်ရန် ဖိအားများ ရှိလာစေခဲ့သည်။

သို့သော်လည်း သေနတ်ထုတ်လုပ်သူများနှင့် အမျိုးသားရိုင်ဖယ်အသင်းတို့က ပြင်ဆင်ချက်အမှတ် (၂) ကို စွဲကိုင်ကာ တရစပ် ပြောကြားနေကြသည့်အတွက် စာဖြင့်လှမ်းမှာပြီး သေနတ်ဝယ်ယူခြင်းကို ကန့်သတ်ချက်ကဲ့သို့ အလွယ်တကူ ရှောင်ရှားနိုင်သည့် စည်းကမ်းမျိုးထက် ပို၍ ဥပဒေအသစ်ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

■ ပြင်ဆင်ချက်အမှတ် (၂)

နောင်ဆယ်စုနှစ် နှစ်ခုအတွင်း အမျိုးသားရိုင်ဖယ်အသင်းကြီး (NRA) နှင့် ရီပါပလစ်ကန်တို့အကြားတွင် ‘ဒုတိယပြင်ဆင်ချက်သည် သေနတ်အခွင့်အရေး ကာကွယ်ရေးအတွက် ပြည့်စုံလုံလောက်သည့် ပြင်ဆင်ချက်ဖြစ်ကာ မည်သည့် စည်းကမ်းမျိုးမဆို အမေရိကန်တို့အပေါ် တိုက်ခိုက်မှုတစ်ရပ်သာ ဖြစ်သည်’ ဟူသည့် ဘုံအမြင်တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့သည်။

ဘားနဒ်ကောလိပ်မှ ပါမောက္ခတစ်ဦးဖြစ်သူ မက်သယူးလာကွန်ဘီ၏ အဆိုအရ အဆိုပါဘုံအမြင် ရရှိအောင် ကြိုးပမ်းရာတွင် NRA အသင်းကြီးသည် ဆိတ်သုဉ်းနေပြီဖြစ်သည့် သေနတ်ဗဟိုပြု အိုင်ဒီယိုလိုဂျီနှင့် သေနတ်ပိုင်ဆိုင်သူများအတွက် လူမှုရေးအသိအမှတ်ပြုမှုတို့ကို ဖန်တီးခြင်း ကြော်ငြာခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။

သေနတ်ပိုင်ဆိုင်ကြသူများသည် အဆိုပါ အိုင်ဒီယိုလိုဂျီကို ဗဟိုပြုကာ စုရုံးကြခြင်း၊ အင်အားကြီးသည့် မဲပေးရေးအဖွဲ့တစ်ရပ် ထူထောင်ကြခြင်းတို့ ပြုလုပ်လာကြသည်။ အထူးသဖြင့် ဒီမိုကရက်တို့လက်မှ ရီပါလစ်ကန်တို့ ပြန်လည်သိမ်းယူရန် ကြိုးပမ်းနေသည့် နယ်စွန်နယ်ဖျား ဒေသများတွင် ဖြစ်သည်။

NRA သည် အမေရိကန်တို့၏ ယဉ်ကျေးမှုနှင့် ဖွဲ့စည်းပုံဥပဒေတွင် ခရစ်ယာန်ဘာသာရေးက အဓိကအရေးပါသည်ဟု ယုံကြည်ကြသည့် ဘာသာရေးလက်ယာအဖွဲ့နှင့် အကျိုးတူအမြင် မျှဝေခဲ့သည်ဟု ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှ ပါမောက္ခ ဂျက်စီကာဒေါ်ဆွန်က ယူဆသည်။

 “လူ့ကျင့်ဝတ်များ ယိုယွင်းလာခြင်း၊ အစိုးရအပေါ် အယုံအကြည်မဲ့လာခြင်းနှင့် ဒုစရိုက်မှုအပေါ် ယုံကြည်ခြင်းတို့ ရှိလာကြသည် ဟူသည့် New Christian Rights အသင်းကြီး၏ ယုံကြည်ချက်”ကို ကောက်ချက်ဆွဲကာ NRA ခေါင်းဆောင်ပိုင်းသည် “ဒုတိယပြင်ဆင်ချက်ကို လောကီဆိုင်ရာ အစိုးရ၏ ကန့်သတ်ထိန်းချုပ်မှုများ အထက်တွင် ရှိနေစေရေးအတွက် ဘာသာရေးသဘောတရားများ ပိုမို သွတ်သွင်းထားသည့် ဘာသာစကားကို အသုံးပြုလာခဲ့ကြသည်” ဟု ဒေါ်ဆွန်က ရေးသားခဲ့သည်။

■ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေး

သို့သော်လည်း ဒုတိယပြင်ဆင်ချက်ကို မီးမောင်းထိုးသည့် လုပ်ရပ်များသည် သေနတ်ထုတ်လုပ်သူများအတွက် အကူအညီ မဖြစ်ခဲ့ပေ။ ၁၉၉၀ အလွန်နှစ်များအတွင်း အမဲလိုက်ခြင်းနှင့် သေနတ်ပစ်အားကစားများ စန်းကျလာသဖြင့် သေနတ်အရောင်းလည်း ကျဆင်းသွားသောကြောင့် ဖြစ်သည်။

ဤသို့ဖြင့် သေနတ်ယဉ်ကျေးမှု 2.0 အဆင့်သို့ ရောက်ရှိလာခဲ့တော့သည်။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ရန်အတွက် လက်နက်များလိုအပ်သည်ဟု NRA နှင့် သေနတ်ကုမ္ပဏီများက သုံးစွဲသူများအား ပြောကြားမှုများ ရှိလာချိန်၌ ဤအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ဘာစီက ဆိုသည်။

သေနတ်အရောင်းစျေးကွက် ဖော်ဆောင်ရာ၌ အဓိကရုဏ်းများတွင် ပါဝင်သူများနှင့် သူခိုးများထံတွင် ပြည်သူများ တိုက်ခိုက်ခံရမှုများကို ပြသကြပြီး တစ်ကိုယ်ရေသုံး တိုက်ခိုက်ရေးလက်နက် လိုအင်ကို အသားပေးတင်ပြကြသည်။

၎င်းနှင့် တစ်ချိန်တည်းတွင် ဘားရက်အိုဘားမားသည်လည်း ပထမဆုံးသော အာဖရိကန်အမေရိကန်သမ္မတ ဖြစ်လာပြီး လူဖြူကြီးစိုးရေးဝါဒသည်လည်း ခေါင်းထောင်လာခဲ့သည်။

 “လွန်ခဲ့သည့် ၁၅ နှစ်က NRA ၏ တောင်းဆိုချက်အရ လက်နက်ကုမ္ပဏီများသည် စိတ်မချမ်းမြေ့ဖွယ် အလှည့်အပြောင်းတစ်ရပ် ပြုလုပ်ကာ အလွန်အန္တရာယ်များပြီး စစ်သုံးဆန်သည့် သေနတ်များနှင့် လက်နက်ကိရိယာများ စတင်ထုတ်လုပ်ခဲ့ကြသည်” ဟု ဘာစီက ရေးသည်။

တစ်ချိန်တည်းတွင် ပြည်နယ်အများအပြားကလည်း လူထုကို အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၌ သေနတ်သယ်ဆောင်ခွင့် ပြုသည့်အတွက် ရာဇဝတ်မှုများ ထူပြောလာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ပြသလာကြသည်။

တကယ်တမ်း၌ အကြမ်းဖက်ရာဇဝတ်မှုများသည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ကျဆင်းခဲ့သည်။ သို့သော်လည်း သေနတ်ကိုင်ဆောင် သတ်ဖြတ်မှုများမှာမူ မကြာသေးမီနှစ်များအတွင်း ပိုမိုမြင့်တက်လာခဲ့သည်။

ဤအချက်သည် သေနတ်ယဉ်ကျေးမှု 2.0 အတွက် သော့ချက်ကျသည့် အလှည့်အပြောင်းတစ်ခုဟု ပါမောက္ခဒေးဗစ်ယာမာနီက ယူဆသည်။ ဤအချက်ကြောင့်ပင် လူမျိုးစုံ အတန်းစားစုံများသည် နှစ်ဦးနှစ်ဘက်ကို ပျက်စီးစေသည့် အကြမ်းဖက်မှုများအပေါ် အလွန်အမင်း ကြောက်ရွံ့ကြသည့်ကြားမှ သေနတ်ဝယ်ယူမှု သိသိသာသာ မြင့်တက်လာသည်ဟု သူကဆိုသည်။

သေနတ်အရောင်းသည် ၂၀၀၉ ခုနှစ်တည်းက မြင့်တက်လာခဲ့ရာ ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ် ရောင်းချရသည့် သေနတ်အရေအတွက်သည် ၁၀ သန်းအထက်တွင် ရှိလာခဲ့သည်။ အများစုမှာ AR-15 အမျိုးအစား တိုက်ခိုက်ရေးရိုင်ဖယ်များနှင့် ဆီမီးအော်တိုမက်တစ် ပစ္စတိုများ ဖြစ်သည်။

 “ဒီကနေ့ သေနတ်ပိုင်ဆိုင်ကြသူ အများစု၊ အထူးသဖြင့် လူသစ်တွေကတော့ သူတို့ သေနတ်ကိုင်ရတာဟာ အဓိကအားဖြင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့အတွက်ပါလို့ ပြောကြတယ်” ဟု ယာမာနီက ဆိုလေသည်။

https://www.facebook.com/dmgnewsagency/posts/687044386802494

Leave a Reply

Your email address will not be published.