(မုန်တိုင်းသင့်ပြည်သူများထံ မကြာမီ ပေးပို့လှူဒါန်းသွားမည်)
By Narinjara / 2023 August 21
ရခိုင်ပြည်ရှိ မိုခါတိုင်းသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေပွဲတစ်ခုကို အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာငွေ ကျပ်သိန်း ၄ဝဝ ကျော် ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါပွဲကို နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (World Arakanese Organization) (WAO) အဖွဲ့က ဦးဆောင်စီစဉ်ကာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ့်မြို့၌ Performing Arts Center တွင် သြဂုတ်လ ၁၂ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲကို ဈေးရောင်းပွဲတော်နှင့် ကပြဖျော်ဖြေရေးများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်ဟု သိရသည်။
ပွဲကို ရခိုင့်နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ရခိုင်တေးသီချင်းများနှင့် ရခိုင့်ရိုးရာ ဆီးမီးခွက်အကအလှများကို လော့စ်အိန်ဂျလိစ့်မြို့ ရခိုင့်မိသားစုဝင်များက ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။
အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားများနှင့်အတူ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာစသည့် တိုင်းရင်းသားပေါင်းစုံအပြင် အခြားလူမှုအဖွဲ့အစည်းများနှင့် အခြားပြည်နယ်များမှလည်း လာရောက် ဝိုင်းဝန်းကူညီအားပေးခဲ့ကြသည်။
အဆိုပါပွဲတွင် မုန်တိုင်းသင့်ပြည်သူများအတွက် ထည့်ဝင်လှူဒါန်းကြသောအလှူငွေ အမေရိကန်ဒေါ်လာ တစ်သောင်းခြောက်ထောင် တစ်ရာရှစ်ဆယ့်တစ် (၁၆,၁၈၁)ဒေါ်လာ (မြန်မာငွေ သိန်း ၄၀၀ ကျော်)အား ရရှိခဲ့သည်ဟု သိရသည်။
ယင်းအလှူငွေများကို ရခိုင်သဟာယအသင်း(ရန်ကုန်)မှတဆင့် မုန်တိုင်းသင့်ပြည်သူများထံ မကြာမီ ပေးပို့လှူဒါန်းသွားမည်ဟု ပွဲစီစဉ်သူများက ပြောသည်။
မုန်တိုင်းဘေးဒဏ်သင့်ဒေသများတွင် နှစ်လကြာရှည်စွာ ပြန်လည်ထူထောင်ရေးများ လုပ်ကိုင်နိုင်ရန်နှင့် မုန်တိုင်းသင့်ပြည်သူများထံသို့ လိုအပ်သည့် အကူညီများ တိုက်ရိုက်ပေးပို့နိုင်ရန်အတွက် ယခုပွဲအား စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့် လူပေါင်း ၁၄၈ ဦးသေဆုံးခဲ့ပြီး အဆောက်အအုံပေါင်း သိန်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့သည်။
ယင်းအပြင် ကျွဲနွားတိရစ္ဆာန်များ သောင်းနှင့်ချီ ထိခိုက်သေဆုံးခဲ့ကာ လယ်ယာမြေအများအပြားတွင်လည်း ဆားငန်ရေဝင်ရောက်ပျက်စီးခဲ့ပြီး လယ်သမားများ သိုလှောင်ထားသည့် မျိုးစပါးအများအပြားမှာ ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။ (NN-9)
https://www.facebook.com/narinjara.info/posts/691175746382891