“အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ – ရခိုင်လူငယ်များ၏ စကားသံ”

By DMG / 2023 August               12

ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) ဖြစ်သည်။ ၁၉၉၉ ခုနှစ် (၅၄) ကြိမ်မြောက် ကုလသမဂ္ဂအစည်းအဝေးက သတ်မှတ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ကစပြီး နိုင်ငံအသီးသီးက လက်ခံလာကြခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် ယနေ့ခေတ်လူငယ်များ၏ မျှော်လင့်ချက်၊ စိန်ခေါ်မှု၊ အခက်အခဲများနှင့် ပတ်သက်ပြီး ရခိုင်ပြည်တွင်းကလူငယ်များ စကားသံကို DMG က ဖော်ပြပေးလိုက်သည်။ 

ကိုဦးသန်းနိုင် (ရခိုင်ပြည်ကျောင်းသားသမဂ္ဂ)

မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်ကို ရောက်နေတယ်။ ကျနော်တို့လူငယ်တွေအနေနဲ့ နိုင်ငံရေး၊ တခြား လူမှုရေးလှုပ်ရှားခွင့်မရတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ အရင်ကဆိုရင် စစ်သားတပိုင်း၊ အရပ်သားတပိုင်း အစိုးရဖြစ်တဲ့အတွက် တချို့လှုပ်ရှားမှုတွေဆိုရင် ကျနော်တို့အတွက် အဆင်ပြေတယ်။ လက်ရှိအချိန်မှာတော့ ကျနော်တို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့ မြေပေါ်လှုပ်ရှားမှုတွေကို ရပ်တန့်ထားရတာ ရှိပါတယ်။  စစ်အာဏာရှင်လက်ထက်မှာဆိုရင် အဖွဲ့အစည်းဖွဲ့စည်းခွင့်တွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ မီဒီယာနဲ့ပတ်သက်ပြီး လူငယ်အခန်းကဏ္ဍတွေမှာလည်း ဖိနှိပ်ခံရတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်အခန်းကဏ္ဍက မှေးမှိန်သွားတယ်လို့ ပြောလို့ရတယ်။

ကိုကျော်အေးမောင် (မောင်တောဒေသခံ)

လူငယ်တွေကို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စတွေမှာ လက်တွဲပြီးခေါ်ဆောင်ပေးကြဖို့ လိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင် လူငယ်တွေရဲ့အခန်းကဏ္ဍက မှေးမှိန်သွားတယ်လို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ လူမှုရေးလှုပ်ရှားမှုတွေမှာ လွတ်လပ်စွာ လှုပ်ရှားလို့မရဘူး။ အကြောက်တရားတွေ အများကြီးဝင်ပြီးတော့ ကိုယ်တို့လုပ်ချင်တဲ့ဟာ လုပ်လို့မရဘူး။ သွားချင်တာသွားလို့မရဘူး။ အွန်လိုင်းကနေ အလုပ်လုပ်မယ်ဆိုရင်တောင် လုပ်လို့မရဘူး။ အွန်လိုင်းနဲ့ပတ်သက်ပြီး ဥပဒေပြဌာန်းချက်တွေက အမျိုးမျိုးနဲ့ ချုပ်နှောင်ကိုင်တွယ်လာတော့ မလုံခြုံမှုတွေ ခံစားလာရတယ်။ လူငယ်တွေအနေနဲ့ တစ်ခုလုပ်ပြီဆိုရင် သူတို့က ဘယ်ပုဒ်မတွေနဲ့ ကိုင်ပေါက်မလဲ ဒါမျိုးတွေကို စိုးရိမ်ကြောင့်ကြမှုတွေရှိနေတော့ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူး။ ဒီနေ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာဆိုရင် လူငယ်တွေရဲ့အသံကို ထုတ်ဖော်ချင်ကြတယ်။ အစိုးရတစ်ရပ်အနေနဲ့ လူငယ်ရဲ့ အခန်းကဏ္ဍတွေကို ဦးစားပေးစေချင်တယ်။

မတင်ဌေး (ပေါက်တောဒေသခံ)

လက်ရှိအခြေအနေမှာ မုန်တိုင်းလည်း တိုက်ခတ်သွားတယ်။ စစ်ဘေးရှောင်တွေလည်းရှိတဲ့အခါ ငွေရေးကြေးရေး အခက်ကြုံရတာတွေရှိတယ်။ စီးပွားရေးအခက်အခဲတွေဖြစ်တယ်။ ဒါတွေကြောင့် ကိုယ်ဖြစ်ချင်၊ လုပ်ချင်တာတွေ မလုပ်ရဘဲ မျှော်လင့်ချက်မဲ့သွားတာတွေရှိတယ်။ လူငယ်တွေအနေနဲ့ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကအစ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပညာရေးဆိုလို့ရှိရင်လည်း ကိုဗစ်ရော၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်လည်း ကျောင်းတွေပိတ်လိုက်ရတဲ့အခါ တစ်နှစ်တက်လိုက် တစ်နှစ်နားလိုက်နဲ့ အချိန်တွေ အများကြီးကြာသွားတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဖြစ်စေချင်တာက တစ်ခုခုဖြစ်ပြီဆိုရင် လမ်းပန်းဆက်သွယ်ရေး ပိတ်လိုက်တာမျိုးတွေ မလုပ်စေချင်ဘူး။ နိုင်ငံရေးအခြေအနေ မကောင်းဘူးဆိုရင်လည်း ကျောင်းတွေ ပိတ်လိုက်တာမျိုး မလုပ်စေချင်ဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ အကြာကြီး ပိတ်ထားတာမျိုး အဲလိုပုံစံမျိုးတွေ မဖြစ်စေဖို့ တောင်းဆိုချင်ပါတယ်။

ကိုဇော်မျိုးနိုင် – ရသေ့တောင်ဒေသဖွံ့ဖြိုးရေးအသင်း (RRDA)

လတ်တလောမှာ ကျနော်တို့က သဘာဝဘေးဒဏ်ကို ခံစားခဲ့ရတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပိုင်းမှာ အများကြီး ပါဝင်လုပ်ကြဖို့ ပြောချင်ပါတယ်။ နောက်ပြီး ကျနော်တို့ ရသေ့တောင်မှာဆိုရင် စစ်ဘေးရှောင်တွေ အများကြီးရှိတယ်။ အဲဒီစခန်းတွေထဲမှာရှိတဲ့ လူငယ်တွေမှာ လုပ်ချင်တာ လုပ်ခွင့်မရဘူး။ စားဝတ်နေရေးအတွက်ပဲ ရုန်းကန်နေရတဲ့အခါ ပညာရေးပိုင်းမှာ မလှမ်းနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိပါတယ်။ လူငယ်လေးတွေအနေနဲ့ ပညာရေးပိုင်းမှာ ငွေကြေးမတတ်နိုင်တဲ့အတွက် ဆုံးခန်းတိုင်အောင် ပညာသင်ကြားဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။  ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ ဒုက္ခတွေခံစားနေရတဲ့အချိန်မှာ တိုက်ပွဲတွေ လုံးဝ မဖြစ်စေချင်ပါဘူး။ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ကျနော်တို့လူငယ်လေးတွေရဲ့ ဘဝအနာဂတ်၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူနေမှုဘဝတိုးတက်ရေးနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကို စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြဖို့လိုပါတယ်။ လူငယ်တွေရဲ့ အခန်းကဏ္ဍတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ထင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် လူငယ်တွေကို လက်တွဲခေါ်ပြီး ပွင့်ပွင့်လင်းလင်း လုပ်ပိုင်ခွင့်တွေပေးဖို့ လိုအပ်ပါတယ်။

မချိုချိုဝင်း (အမ်းဒေသခံ)

အမ်းမှာကတော့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လှုပ်ရှားမှုကတော့ သိပ်မတွေ့ရပါဘူး။ အခုအချိန်မှာ လူငယ်တွေအခက်အခဲကတော့ စစ်အာဏာသိမ်းမှုကြောင့် ပညာရေးအခက်အခဲရှိလာတယ်။ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာပြီးတော့ ကုန်ဈေးနှုန်းတွေလည်း အရင်ထက်နှစ်ဆလောက်တက်လာတယ်။

https://www.facebook.com/dmgnewsagency/posts/680379130802353

Leave a Reply

Your email address will not be published.