အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် HFA အဖွဲ့က မြောက်ဦးတွင်  စိန်ပန်းပင် ၁ဝဝ စိုက်ပျိုး

By Narinjara / 2023 August     12

ယနေ့ သြဂုတ်လ ၁၂ ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့(International Youth Day)အထိမ်းအမှတ်အဖြစ် HEART For All (HFA) အမည်ရှိ လူမှုကူညီရေးအဖွဲ့က မြောက်ဦးမြို့နယ်တွင် သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်ဟု သိရသည်။

မြောက်ဦးမြို့နယ်၊ ပုစွန်ဖေကျေးရွာသွားလမ်းတွင် စိန်ပန်းပင် အပင် ၁ဝဝ ကို ယနေ့ နံနက် ၉ နာရီခွဲခန့်က လူငယ်များနှင့်ပူးပေါင်းကာ စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်ဟု HEART For All အဖွဲ့ဥက္ကဋ္ဌ ကိုမောင်သန်းဝင်းက နိရဥ္စရာကို ပြောသည်။

“အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ အထိမ်းအမှတ်အနေနဲ့ပေါ့လေနော်။ နောက်တစ်ချက်ကကျတော့ မိုခါကြောင့် ပါသွားတဲ့ အပင်တွေကိုပေါ့။ အဲဒီနေရာတွေကို ကျနော်တို့ကနေပြီးတော့ တစ်ထောင့်တစ်နေရာကနေ သဘာဝကို ချစ်မြတ်နိုးတာတွေလည်း ပါတယ်ပေါ့လေ။ ဒါကြောင့် စိုက်ဖြစ်ခဲ့ကြတာပါ။ မိုခါကြောင့်ပါသွားတဲ့အပင်တွေကို ပြန်ပြီးတော့ အစားထိုးတာလည်း တစ်ကြောင်းပေါ့လေ”ဟု ပြောသည်။

ယင်းအပြင် အဆိုပါလမ်းဘေးဝဲယာအတွင်း သစ်ပင်များမရှိသေးသည့်အတွက် သစ်ပင်များစိုက်ပျိုးရန် လိုအပ်နေ၍ ယခုကဲ့သို့ စိုက်ပျိုးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

စိတ်ပါဝင်စားသည့်လူငယ်များအပါအဝင် လူအင်အား ၃ဝ ကျော်က စိုက်ပျိုးခဲ့ကြခြင်းလည်း ဖြစ်သည်။

အဆိုပါ HEART For All အဖွဲ့ကို ပြီးခဲ့သည့်တစ်နှစ်ကျော်က လူငယ်များဖြင့်စုပေါင်း ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် မြောက်ဦးမြို့၌ အခြေစိုက်ထားသည်ဟု ဆိုသည်။

ရခိုင်တွင် တိုက်ပွဲဖြစ်ပြီးနောက် မိုင်းအန္တရာယ်အသိပညာပေးဆောင်ရွက်ခြင်း၊ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အလှူငွေများ ကောက်ခံထောက်ပံ့ခြင်း၊ မိုခါကြောင့် ဆားငန်ရေဝင်ရောက်ပျက်စီးသွားသည့် ရေကန်များအနက် ကန်ပေါင်း ၁ဝ ကျော်ကိုလည်း စုပ်ထုတ်ကူညီပေးခဲ့ခြင်းနှင့် အခြား လူမှုကူညီရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်ဟု သိရသည်။

သြဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် ကုလသမဂ္ဂက ၂ဝဝဝ ပြည့်နှစ်မှစတင် သတ်မှတ်ခဲ့သည်ဟု သိရသည်။ (NN-16)

https://www.facebook.com/narinjara.info/posts/686405796859886

Leave a Reply

Your email address will not be published.