သံတွဲအကျဉ်းထောင်က လူ့အခွင့်အရေးချိုးဖောက်မှုများ

ထောင်ဝန်ထမ်းများမှာ မူးယစ်ဆေးဝါး သုံးစွဲပြီး အကျဉ်းသားများအား ရိုက်နှက်မှုများရှိနေ

By Western News / 2023 August     23

ရခိုင်ပြည်၊ သံတွဲအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသား၊ အချုပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အလွန်ဆိုးရွားနေကြောင်း မကြာသေးခင်က လွတ်ငြိမ်းသာခွင့်နှင့် ပြန်လာလွတ်လာသူများက ပြောသည်။

သံတွဲ အကျဉ်းထောင်မှ ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်းများမှာ အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲမှုများရှိနေပြီး နိုင်ငံရေးအကျဉ်းသားများအပေါ် ဒုစရိုက်မှု၊ ရာဇဝတ်သားကဲ့သို့ ရိုက်နှက်ဆက်ဆံပြုမူ ရှိနေကြောင်း လွတ်ငြိမ်းဖြင့် လွတ်လာသူများက ပြောသည်။

ဩဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာသူတစ်ဦးက “နိုင်ငံရေးပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရတဲ့သူတွေကို အကျဉ်းထောင်ထဲမှာ မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးဆိုးလုယက်မှုနဲ့ အကျဉ်းသားတွေနဲ့ တခန်းတည်းအတူထားတယ်။ ဒုစရိုက်မှု ရာဇဝတ်မှုကျူးလွန်ထားသူလို တစ်သားတည်းဆက်ဆံကြတယ်။ ထောင်မှူးနဲ့ ထောင်ဝန်ထမ်းတွေဟာ အရက်မူးလာပြီဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို နှုတ်ကြမ်း၊ လျှာကြမ်းနဲ့ ဆဲဆိုကြတယ်။ မူးယစ်ဆေးဝါး သုံးစွဲတာတွေရှိတယ်။ ဘာမှ မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကို ခြေချင်းခတ်ပြီးတော့လည်း သပ်သပ်မဲ့ အပြစ်ပေးတာလည်း ရှိတယ် ” ဟု ပြောသည်။

သံသယနှင့်ချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသားများကို စိတ်ပိုင်းဆိုင်ရာ ညှမ်းပန်းနှိပ်စက်မှုများ ရှိကြောင်း နောက်ထပ် လွတ်မြောက်လာသူတစ်ဦးက ဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအမှုနဲ့ ရင်ဆိုင်နေရတဲ့သူတွေ စတဲ့ အချုပ်သားတွေကို ထားတဲ့ ဥပဒေတွေရှိပေမယ့် ထောင်ဝန်ထမ်းတွေက ဥပဒေတွေကို လက်တစ်လုံးခြား လုပ်နေကြတယ်။ ဒုစရိုက်မှုကျူးလွန်တဲ့သူတွေနဲ့ အတူထားတာက အရမ်းဆိုးရွားတဲ့ လုပ်ရပ်ပါ။ သူတို့က စိတ်ဒဏ်ရာ ရအောင် လုပ်နေတာပါ” ဟု ပြောသည်။

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နှင့် အမှုရင်ဆိုင်နေရသော သံတွဲမြို့နယ်က လူမှုရေးတက်ကြွလုပ်ရှားသူ အသက် ၆၀ ကျော်အရွယ်ရှိ ဦးညီလေးကို အရက်မူးလာသော ထောင်ဝန်ထမ်းတစ်ဦးက ဆဲဆိုကြိမ်းမောင်းပြီး ခြေချင်းခတ်ကာ ခြေထောက်ဖြင့် ဆောင့်ကန်မှုများရှိသည်ဟု သိရသည်။

ဦးညီလေးသည် ငပလီကမ်းခြေနှင့် သံတွဲမြို့နယ်အတွင်း တောင်သူများ၏ အခွင့်အရေး၊ ကမ်းခြေအနီး လယ်ယာမြေများ မတရားသိမ်းဆည်းခံရခြင်း၊ ဥပဒေနားမလည်သော ဒေသခံများ မြေယာသိမ်းဆည်းခံရခြင်းမှ ကာကွယ်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးနေသည့် လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည် ဖုန်းလက်ခံခဲ့ခြင်းမရှိသလို စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို Western News ကို ဆက်ရာခဲ့သော်လည်း ပြန်လည်တုန်ပြန်ခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက မြေယာအသိမ်းခံရမှုတစ်ခုအား ကူညီနေစဉ် တရားရုံးမှအပြန်တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နှင့် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်အထိ အမှုရင်ဆိုင်နေရသူဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကို အကြောင်းပြပြီး ထောင်ဝင်စာကိုကန့်သတ်ထားကာ အချုပ်ကျသူများအား မိသားစုဝင်များဖြင့် တွေ့ဆုံခွင့်မပေးကြောင်းနှင့် တရားစာအုပ်ကလွဲ၍ အခြားမည်သည့် စာအုပ်များ၊ သတင်းစာများ၊ ဘောပင်များကို ကိုင်ဆောင်ခွင့် ယူဆောင်ခွင့်မရှိကြောင်းလည်း သိရသည်။

ထမင်းကျွေးရာတွင်လည်း ကြက်စာ၊ ဝက်စာ အဖြစ်ကျွေးသည့် ငါးများနှင့် ကျွေးမွေးပြီး စားနပ်ရိက္ခာများကို ဖြတ်တောက်မှုရှိသည်ဟု ဆိုသည်။

သံတွဲအကျဉ်းထောင်မှ လွတ်ငြိမ်းဖြင့် လွတ်လာသူနောက်တစ်ဦးက “ထမင်းကျွေးတာက ကြက်စာ၊ ဝက်စာ ကျနေတာပဲ။ နိုင်ငံတော်က ဘဏ္ဍာငွေနဲ့ ထမင်းကျွေးရမယ့် ဥပဒေတွေရှိတယ်။ နိုင်ငံတော်က ငွေလည်း လုံလုံလောက်လောက် ပေးတယ်။ တစ်ပတ်မှာ ကြက်ဥ ၅ လုံးပေးတယ်။ ထောင်မှူးက ကြက်ဥက ၃ လုံးပဲ ပေးတယ်။ အသားဆိုရင်လည်း ကျနော် နေခဲ့ရတဲ့ ၉ လတာအတွင်းမှာ သုံးနပ်ပဲ စားခဲ့ရတယ်။ စားနပ်ရိက္ခာတွေကို ဖြတ်တောက်ထားပြီး ကိုယ့်ကျိုးအတွက် အသုံးပြုကြတယ်”ဟု ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း အပြင်ဆေးခန်း၊ ဆေးရုံများတွင် ကုသခြင်းကို ကန့်သတ်ထားပြီး ငွေကြေးအမြောက်အများတောင်းကာ ခြိမ်းခြောက်မှုရှိသည်ဟု သိရသည်။

သက်ကြီးတစ်ဦးဆိုလျှင် မျက်လုံးတွင် တိမ်စွဲနေ၍ အပြင်ဆေးခန်း၊ ဆေးရုံတွင် ကုသရန် တောင်းခံသော်လည်း အစောင့်ထောင်ဝန်ထမ်းများကို ငွေပေးနိုင်မှ ကုသရမည်ဟု ပြောဆို၍ သက်ကြီးပိုင်းမှာ ယနေ့အချိန်အထိ ဆေးကုသခွင့်မရဘဲ အကျဉ်းထောင်မှာပဲ အဆင်ပြေသလို နေထိုင်ရကြောင်း ပြောသည်။

အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများမှာလည်း ကျန်းမာရေးမှူး၊ ဆရာဝန်များက အချိန်မှန်မရောက်သလို ဆေးဝါးများကိုလည်း အညံ့စားများပေးအပ်နေပြီး ဆေးဝါးအပြည့်အစုံကိုလည်း မပေးကြောင်း သိရသည်။

သံတွဲအကျဉ်းထောင်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ အပါအဝင် မတရားမသင်းဆက်သွယ်မှုပုဒ်မ များဖြင့် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများ ၄၀ ကျော်ရှိကြောင်း သိရသည်။

ထိုအထဲမှ အမျိုးသမီးတစ်ဦးအပါအဝင် ၁၇ ဦးမှာ ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။

https://www.facebook.com/westernnewsagency/posts/732142772258485

Leave a Reply

Your email address will not be published.