သန္တာကျောက်တန်းများ၏ ဂေဟစနစ်ကိုထိန်းညှိပေးသည့် ငါးကြက်တူရွေးငါးမျိုးစိတ်များရခိုင်တွင် ရှားပါးလာ

By Narinjara / 2023 August     22

သန္တာကျောက်တန်းများရှိ ကျောက်ခက်ကျောက်ပန်းများ၏ ဂေဟစနစ်ကို ထိန်းသိမ်းပေးသည့်အပြင် အစာခြေပြီး သဲဖြူမှုန့်များ ပြန်ထုတ်လုပ်ပေးသည့် ငါးကြက်တူရွေး (Parrotfish)မှာ ရခိုင်ဒေသတွင် ရှားပါးလာကြောင်း ဒေသခံများက ပြောသည်။

အဆိုပါငါးကြက်တူရွေးငါးကို ရခိုင်ပြည်နယ်ထဲမှ သံတွဲ၊ ဂွအပါအဝင် ရခိုင့်ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် ဖမ်းဆီးရှာဖွေစားသောက်ခဲ့ကြရာမှ ယခုနောက်ပိုင်းနှစ်များ၌ ရှားပါး ပျောက်ကွယ်လာကြောင်း ဂွမြို့ဒေသခံတစ်ဦးက ပြောသည်။

“ငါးက သန္တာကျောက်တန်းတွေမှာနေတဲ့ငါးမျိုးပါ။ ကျောက်တန်းအနီးတွေမှာ ပိုက်ချပြီးတော့ ဖမ်းရတယ်။ ငါးကြက်တူရွေးဖမ်းသူတွေကတော့ ပလပ်ပိုက်ဆိုတာမျိုးနဲ့ဖမ်းတယ်။ အခုနောက်ပိုင်း မှာတော့ တချို့တံငါသည်တွေရဲ့ပိုက်မှာ တစ်ကောင်စနှစ်ကောင်စ ပါတာမျိုးတွေ့ရတယ်။ ရှားပါးပျောက်ကွယ်ကုန်ပြီထင်ပါတယ်။ အခု ဖမ်းသူလည်း သိပ်မတွေ့တော့ဘူး” ဟု ပြောသည်။

ငါးကြက်တူရွေးငါးသည် သန္တာကျောက်တန်းများတွင်နေထိုင်ပြီး စိမ်း၊ ပြာ၊ နီ အရောင်များစပ်ထားသည့် ငါးတစ်မျိုးဖြစ်ပြီး တစ်ခြားငါးများနှင့် အရောင်အဆင်း ကွဲပြားကြောင်း သိရသည်။

အဆိုပါငါးမှာ သန္တာကျောက်ခက်များအား သူ၏သွားများဖြင့် ချိုးဖဲ့ကိုက်ခြစ်စားသောက်ပြီး နူးညံ့သည့် သဲမှုန်များ ပြန်ထုတ်လုပ်ပေးရာ တစ်နှစ်လျှင် ငါးတစ်ကောင်မှ သဲ ၉၀ ကီလို ဂရမ်အထိ ထုတ်လုပ်နိုင်ကြောင်း ငါးသုတေသနကျွမ်းကျင်သူများ၏ စာတမ်းများက ဆိုသည်။

ယင်းအပြင် အကြောင်းအမျိုးမျိုးကြောင့်  သန္တာကျောက်တန်းများသေဆုံးသွားသည့်အခါ ယင်းသန္တာကျောက်တန်းများအပေါ်  စုပုံဖုံးလွှမ်းလာသည့်ရေညှိများကိုစားခြင်းဖြင့် သန္တာကျောက်တန်းများအား ထိန်းသိမ်းပေးထားကြောင်း သိရသည်။

ကျောရိုးမဲ့ဖြစ်သည့် သန္တာကောင်များက သူတို့ခန္တာကိုယ်ကိုထုံးကျောက်များဖြင့်ဖွဲ့စည်းပြီး သန္တာကျောက်ခက်များ သန်းနှင့်ချီထုတ်လုပ်တတ်ရာ သန္တာကျောက်တန်းများ အဆမတန် ကြီးထွားမလာအောင် ထိန်းသိမ်းပေးသည့် ရေနေသတ္တဝါများထဲ ငါးကြက်တူရွေးလည်း အဓိကပါဝင်နေကြောင်း ဂွမြို့မှ ငါးလုပ်ငန်းရှင်ကျွမ်းကျင်သူ ဦးဖေပုကပြောသည်။

“သန္တာကျောက်ခက်တွေပွားများလာတာကို တားဆီးဖို့ ဒီငါးကြက်တူရွေးဆိုတဲ့ငါးက ရှိမှရတယ်။ သူက အဲဒါတွေကိုက်စားတယ်။ ကိုက်စားပြီးရင် သူအညစ်အကြေးစွန့်တဲ့အခါ သူက သဲဖြူမှုန်လေးတွေကို ပြန်စွန့်တယ်။ အဲဒီထုံးကျောက် ကယ်လ်ဆီယမ်အမှုန့်လေးတွေပေါ့။ ဒါကတော့ သန္တာကျောက်တန်းတွေရဲ့ကြီးထွားမှုကို သူက ထိန်းပေးထားတာပေါ့” ဟု ပြောသည်။

ငါးကြက်တူရွေးငါးသည် ရှားပါးပြီးအရေအတွက်နည်းသွားလျှင် သန္တာကျောက်တန်းများ အဆမတန်ကြီးထွားမှုကို မထိန်းသိမ်းပေးနိုင်တော့သည့် အခြေအနေရှိကြောင်း သိရသည်။

အလားတူ အရေအတွက်များလွန်းလျှင်လည်း သန္တာကျောက်တန်းများကို ချိုးဖဲ့စားသောက်သည့် ငါးမျိုးစိပ်ဖြစ်၍ သန္တာကျောက်တန်းများပျက်စီးသွားနိုင်ကြောင်း သူက ဆက်ပြောသည်။

“ဒီရပ်ဝန်းမှာ အားလုံး ညီမျှဖို့လိုတာပေါ့။ သန္တာကျောက်တန်းတွေ အများကြီးပွားများလာရင်လည်း ငါးကြက်တူရွေးက ကိုက်ဖျက်ပြီးထိန်းသိမ်းပေးတယ်။ ငါးကြက်တူရွေးတွေ ပမာဏ အရမ်းများရင်လည်း သန္တာကျောက်တန်းတွေပိုပျက်စီးပြန်ရော။သူက တောက်လျှောက် အကုန်ကိုက်ဝါးပြီးစားနေတာလေ။ သူက ကြက်တူရွေးနှုတ်သီးလိုပဲ။ သူ့သွားနဲ့ အမြဲဝါးနေတာ။ ဆိုတော့ အရမ်းပေါများတဲ့အချိန်ဖမ်းဖို့နဲ့ ရှာပါးတဲ့အခါ ထိန်းသိမ်းဖို့လိုတယ်” ဟု ပြောသည်။

အဆိုပါငါးကြက်တူရွေးအပါအဝင် ရခိုင်ဒေသရှိ တခြားရေနေသားငါးသယံဇာတများ ရှားပါးလာရသည်မှာ ငါးဖမ်းလုပ်ငန်းများကြောင့် မဟုတ်ဘဲ ပင်လယ်ရေထုအဆိပ်သင့်မှု၊ ဂေဟစနစ်ပျက်စီးမှုများကြောင့်လည်း ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်နေသူ အမ်းမြို့နယ်ဒေသခံ ကိုမျိုးလွင်က သုံးသပ်ပြောဆိုသည်။

“ရေထုညစ်ညမ်းမှုမှာပါတဲ့ ဓာတုအဆိပ်သင့်မှုတွေကြောင့်လို့ ပြောလို့ရတဲ့အပိုင်းတွေရှိတယ်။ ရေနံတင်သင်္ဘောတွေကရော အညစ်အကြေးဘယ်လိုစွန့်လဲ။ တခြားစက်ရုံတွေ ဆီလှောင်ကန်တွေက အညစ်အကြေးကိုရော ဘယ်မှာစွန့်ပစ်ကြလဲ။ပလပ်စတစ်တွေစွန့်ပစ်မှုကရော။ ပင်လယ်ပြင်မှာ စည်းမရှိကမ်းမရှိစွန့်ပစ်ကြတာလား။ ဆိုတော့ အဲဒီလိုပုံစံမျိုးတွေက ရေထုညစ်ညမ်းမှုတွေ၊ ရေထုအဆိပ်သင့်မှုတွေနဲ့ ရေအရည်အသွေးကျဆင်းမှုတွေရှိလာတယ်။ ဆိုတော့ ရေနေသားငါး သတ္တဝါတွေ ထိခိုက်တဲ့အတွက် ရေထုအဆိပ်သင့်မှုကြောင့် သားငါးသယံဇာတ ပိုရှားပါးတယ်ဆိုတာက သေချာပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ကျောက်ဖြူမြို့၊ မဒေးကျွန်းအနီးရှိ သံဇစ်မြစ်ရေထုညစ်ညမ်းပြီး အဆိုပါရေထုညစ်ညမ်းမှုမှာ မြို့နယ်လေးခုအထိ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

သန်းနှင့်ချီသည့် ဂုံးများအပါအဝင် ရေနေသားငါးပုဇွန်များလည်း သေကြေခဲ့ရကြောင်း ကိုမျိုးလွင်က ပြောသည်။

“အဲဒီမြို့နယ်တွေကို အချက်အလက်ကောက်ယူတဲ့အခါ ငါးပုစွန်ဖမ်းဆီးမှုဟာ ၉၉ ရာခိုင်နှုန်းလောက် လျော့ကျသွားပြီးတော့ ငါးပုစွန်သေဆုံးမှုတွေ၊ ဂုံးသန်းပေါင်းများစွာ သေဆုံးမှုတွေရှိခဲ့ပြီးတော့ သားငါးပုစွန်အရှိန်အဟုန်နဲ့လျော့ကျသွားတယ်” ဟုပြောသည်။

ရခိုင်ကမ်းရိုးတန်းဒေသ ဂေဟစနစ်ကိုထိန်းညှိပေးသည့် ဒီရေတောများဧရိယာ တဖြည်းဖြည်း ပျောက်ကွယ်လာမှု၊ ရေထုအဆိပ်သင့်စေသည့် စွန့်ပစ်ကာဗွန်ဒိုင်အောက်ဆိုဒ်များကို စုပ်ယူ ထိန်းသိမ်းပေးသည့် ရခိုင်ရိုးမသစ်တောဧရိယာပျောက်ကွယ်လာမှုမှာလည်း ရေနေသားငါး သယံဇာတများရှားပါးလာသည့် အရင်းအမြစ်ပြဿနာတစ်ခုဖြစ်နေကြောင်း ကိုမျိုးလွင်က နိရဥ္စရာသို့ပြောသည်။

https://www.facebook.com/narinjara.info/posts/691752426325223

Leave a Reply

Your email address will not be published.