By DMG / 2023 August 19

မုန်တိုင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်နေသည့် ရခိုင်ပြည်အတွင်းက ကျေးရွာများကို လာမည့် စက်တင်ဘာလတွင် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
“လျှပ်စစ်မီး အမြန်ဆုံးရအောင် လုပ်ဆောင်နေတယ်။ လက်ရှိမှာတော့ နယ်ဝေးကျေးရွာတွေကို မရောက်နိုင်သေး ဘူး။ မြို့နဲ့ နီးတဲ့ကျေးရွာတွေကို ဦးစားပေးပြီး လုပ်ဆောင်လျှက်ရှိတယ်” ဟု စစ်တွေခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုန်တိုင်းသင့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်က ကျေးရွာအများအပြားတွင် ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်တိုင်များကို ပြုပြင်၍ မပြီးစီးသေးသဖြင့် လျှပ်စစ်မီး မရသေးကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာမှ ဒေါ်အေးနုဖြူက “မုန်တိုင်းတိုက်ပြီးကတည်းက အခုထိ မီးမရသေးဘူး။ အခုဆိုရင် ဆိုလာမီးကိုပဲ သုံးကြရတယ်။ ဆိုလာမီးဆိုတာကလည်း နေမပူရင် သုံးလို့ မရဘူး” ဟု ပြောသည်။
လျှပ်စစ်မီးပြတ်တောက်နေ၍ မုန်တိုင်းသင့်ဒေသခံများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရပြီး လျှပ်စစ်မီးကို အဓိကအားထား၍ လုပ်ကိုင်ကြရသည့် လုပ်ငန်းများတွင် အခက်အခဲဖြစ်ပေါ်နေကြသည်။
“လျှပ်စစ်မီးမရသေးလို့ ထင်းနဲ့ပဲ ချက်ပြုတ်ရတာက တော်တော်အခက်အခဲရှိတယ်။ မီးရတဲ့အခါက ထင်းတွေ အနည်းအကျဉ်းပဲ စုဆောင်းထားတယ်။ မုန်တိုင်းနဲ့လဲသွားတဲ့ သစ်ပင်တွေလည်း သိပ်မခြောက်သေးတော့ သုံးလို့ အဆင်မပြေဘူး” ဟု ရသေ့တောင်မြို့နယ်၊ လေးကိုင်ကျေးရွာမှ ကိုကျော်နိုင်လင်းက ပြောသည်။
“မီးမရတဲ့အတွက် ချက်ပြုတ်တာနဲ့ ကလေးတွေစာကျက်တာတွေမှာ တော်တော်အခက်အခဲရှိတယ်။ ညဘက်ကျရင်လည်း မီးအလင်းရောင်မရလို့ ခြင်တွေအရမ်းပေါတယ်။ ခြင်ကိုက်ခံရလို့ နေမကောင်းဖြစ်ပြီး ဆေးရုံတက်ရတာတွေ ရွာထဲမှာ ခဏခဏ ကြားရတယ်” ဟု ကျောက်တော်မြို့နယ်၊ ရှောက်ချောင်းကျေးရွာမှ ဦးမောင်ဝင်းက ပြောသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်တို့တွင် လျှပ်စစ်ဓာတ်တိုင်များ ပျက်စီးသွားသဖြင့် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ရသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြည်မဘက်မှ ကျွမ်းကျင်လျှပ်စစ်ဝန်ထမ်း ၅၀၀ ကျော် အပါအဝင် ရခိုင်ကဝန်ထမ်း တစ်ထောင်ကျော်ဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ပြီးနောက် နှစ်လခန့်အကြာတွင် မြို့ပေါ်ရပ်ကွက်များကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခဲ့သည်။
https://www.facebook.com/dmgnewsagency/posts/683990893774510