By Narinjara / 2023 August 30

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆို ခံထားရသည့် လူမှုရေး တက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း အပါအဝင် ၃ ဦးတို့ အမှုကို ဩဂုတ် ၂၉ ရက်တွင်လည်း အမိန့်မချဘဲ ရုံးချိန်းရက် အကြိမ်ကြိမ် ရွေ့ဆိုင်းနေခြင်းမှာ တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ပြည်သူကို လှည့်စားနေခြင်းဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
“ဒီဟာကနေပြီးတော့ တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့ ပြည်သူကို လှည့်စားနေတယ်လို့ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ သက်သေကို စစ်လို့စုံတယ်ဆိုတာနဲ့ ဒီလူကို ပြစ်ဒဏ်ချကို ချရမယ်။ ပြစ်ဒဏ်မချဘဲ ပြစ်ဒဏ်ရက်ကို ရွေ့ဆိုင်းနေတာဟာ ဖမ်းဆီးခံရတဲ့ သူတွေအနေနဲ့လည်း နစ်နာမှုတစ်ခုရှိတယ်။ အဲဒီမှာ တရားမျှတမှုမရှိ၊ ဘက်လိုက်တယ်၊ အဲလိုမျိုးဖြစ်တယ်။ ဒါကြောင့် အဲဒါကို တရားဥပဒေအရ ပြောရမယ်ဆိုရင် ဥပဒေကို ဥပဒေဘက်တော်သားတွေက တရားဝင် ချိုးဖောက်နေတာဖြစ်တယ်။ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြောလို့ရတယ်” ဟုဆိုသည်။
ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရပြီး အမိန့်ချရန် ကျန်နေသူ ၃ ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း(၄၃)နှစ်၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်(၂၈) နှစ်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် (၅၁) နှစ်တို့ဖြစ်ကြသည်။
သူတို့ ၃ ဦးကို သြဂုတ်လ ၂၉ ရက်၊ နံနက် ၁၀ နာရီကျော်က ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း လာမည့် စက်တင်ဘာလ ၁၂ ရက်သို့ ရုံးချိန်းရက်ပေးပြီး အချုပ်စခန်းကို ပြန်ခေါ်သွားသည်ဟု သူတို့အမှုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“သူတို့ကိုက စစ်လည်းမစစ်၊ မေးလည်း မမေးဘူး။ ရုံးပေါ်ကိုတက်ပြီး ရပ်လိုက်တာနဲ့ ၁၂ ရက်နေ့ဆိုပြီး ထပ်ချိန်းတော့ ပြန်ထွက်သွားရပြီ” ဟုပြောသည်။
ဖမ်းဆီးခံထားရသူ ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူက “ဒီလိုမျိုး အမိန့်မချတာက မတရားဘူးလို့ပဲ ပြောချင်တယ်။ နောက်ထပ် ငါတို့က ဘာမှ မတတ်နိုင်ဘူး။ သူတို့လုပ်သလို ခံရမှာပဲ၊ လွှတ်ပေးစေချင်တယ်။ လွှတ်ပေးပါလို့ပဲ ပြောချင်တယ်။ အသားအရောင်တွေလည်း ဖြူဖတ်ဖြူရော်ဖြစ်နေပြီးတော့ အသွေးအသားမရှိသလိုဖြစ်နေတယ်။ နေမကောင်း မကြာမကြာဖြစ်နေတယ်။ ဒါပေမဲ့ ငါတို့ကတော့ အားတင်းပြီးတော့ နေခိုင်းထားတယ်။ အားပေးရတာပေါ့။ သူတို့ စိတ်ပိုင်းဆိုင်ရာတွေလည်း ထိခိုက်မှုတွေရှိနေတယ်။ ငယ်သေးလို့ သူတို့ မပြောတတ်လို့ပါ။ သူ့မှာ အပြစ်ရှိတာလည်း မဟုတ်ဘဲနဲ့ မတရားဖမ်းဆီးထားတာလို့ပဲ ပြောချင်တယ်” ဟုဆိုသည်။
ယင်းအပြင် လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းတို့မိသားစုတွင် ဆိုလျှင်လည်း အမျိုးသားဖြစ်သူ ဖမ်းဆီးခံထားရသည့်အတွက် ကလေးနှစ်ဦးနှင့်အတူ စားဝတ်နေရေးကို ခက်ခက်ခဲခဲ ဖြေရှင်းနေရသည့်အတွက် အမိန့်ကို အမြန်ချပြီး လွှတ်ပေးစေချင်သည်ဟု ဇနီးဖြစ်သူကပြောသည်။
“သားအငယ်ဆိုရင်လည်း ၂ နှစ်ကျော်ပဲရှိသေးတယ်။ သူက အမေနဲ့လည်း မနေရ၊ အဖေလည်း မရှိဆိုတော့ ကျမလည်း စာသွားပြရင် သူတစ်ယောက်တည်း ကျန်ခဲ့တာပေါ့။ ကျမ အစ်မနဲ့ထားခဲ့တယ်။ နွေးထွေးမှုလည်းမရဘူး၊ မိဘမေတ္တာကို။ စားဝတ်နေရေးကလည်း အဆင်ပြေသလို ဖြေရှင်းနေရတယ်။ ကျမမှာ လစာက ၁ သိန်းကျော်နဲ့ လောက်ငတာက မဟုတ်ဘူး။ သားသမီး ကျောင်းစရိတ်တွေဘာတွေနဲ့ အားလုံး အကျပ်အတည်း ဒီလိုပါပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ သူတို့လက်ထဲကို ရောက်သွားတော့ သူတို့ လုပ်သလို ခံနေကြရတာပါပဲ”ဟု ပြောသည်။
ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်၌ ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန် ၂၁ ရက်တွင် သူတို့ ၃ ဦးကို စစ်ကောင်စီက အကြောင်း ပြချက်မရှိ ဖမ်းဆီးခဲ့ကာ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သူတို့ ၃ ဦး ဖမ်းဆီးခံခဲ့ရသည်မှာ ၁ နှစ်ကျော်ကြာသွားခဲ့ပြီဖြစ်ပြီး အမှုကို အမိန့်မချဘဲ အချိန်ဆွဲထားခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၉ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ဆက်ပြောသည်။
“မတရားဖမ်းဆီးချုပ်နှောင်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းအပိုဒ် ၉ ကို ချိုးဖောက်တယ်လို့ပြောချင်တယ်။ ဘာလို့လဲဆိုရင် သူတို့က ပြစ်မှုပြစ်ဒဏ်ကို အကြာကြီး ဆွဲထားပြီးတော့၊ အရင်တုန်းက တရားဥပဒေစိုးမိုးတဲ့အချိန်မှာ ပြစ်မှုတစ်ခုဟာ တစ်နှစ်ကျော် လောက်ကြာသွားရင် အမှုလက်ကျန်အနေနဲ့ အမှုစစ်တဲ့သူကိုတောင် အရေးယူတာတွေရှိဖူးတယ်။ ရှိလည်းရှိတယ်” ဟုဆိုသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်က ကျရောက်ခဲ့သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများကိုလည်း အမှုမှလွှတ်ပေးခဲ့ရာတွင် ရခိုင်မှ AA နှင့် ဆက်စပ်သံသယဖြင့်တရားရင်ဆိုင်နေရသူ ၆၂ ဦးပါဝင်ခဲ့သည်။
သို့သော်လည်း ရခိုင်တွင် AA နှင့်ဆက်စပ်ပြီး တရားရုံးတွင် အမှုရင်ဆိုင်နေရသူများမှာ ရာနှင့်ချီ၍ ကျန်ရှိနေသေးကြောင်းလည်း သိရသည်။
https://www.facebook.com/narinjara.info/posts/695940545906411