ရေပြည့်လာ၍ ပလက်ဝက စစ်ဘေးရှောင် ၅၀၀ ကျော်ကို အရေးပေါ် ပြောင်းရွှေ့ထားရ

By DMG / 2023 August               8

ပုံစာ – မြေပြိုကျ၍ ပျက်စီးသွားသည့် ပလက်ဝမြို့က အဆောက်အအုံများကို မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းနေသည်ကို ဩဂုတ်လ ၈ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ – CRI Myanmar

မိုးအဆက်မပြတ်ရွာသွန်းမှု၊ ကုလားတန်မြစ်ရေ မြင့်တက်လာမှုတို့ကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စိုက်ပျိုးရေး စစ်ဘေးရှောင်စခန်းနှင့် မြို့မရပ်ကွက်၊ သာယာဝရပ်ကွက်တို့တွင် ရေနစ်မြုပ်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်ဝဒေသတွင် ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းနေပြီး ယမန်နေ့က ကုလားတန်မြစ်ရေမှာ စိုးရိမ်ဖွယ်မြင့်တက်လာသဖြင့် စိုက်ပျိုးရေးစခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင်လူဦးရေ ၅၃၀ ကျော်ကို ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ထားကြောင်း သိရသည်။

“ရေက စခန်း အနောက်ဘက်ကနေ ဝင်လာတာ။ ကျနော်တို့ စခန်း ၃ ပုံ ၂ ပုံလောက် ရေမြုပ်နေပါပြီ” ဟု စိုက်ပျိုးရေး စစ်ဘေးရှောင်စခန်း တာဝန်ရှိသူ ဦးမောင်လှဝင်းက ပြောသည်။

စိုက်ပျိုးရေးစစ်ဘေးရှောင်တွင် ရေဝင်ရောက်မှုကြောင့် ပစ္စည်းများ ရေနှင့်မျှောပါသွားခဲ့ကာ ရေက ဆက်လက်မြင့်တက်လာနေသဖြင့် စခန်းတစ်ခုလုံး ရေနစ်မြုပ်သွားမည့် အခြေအနေတွင်ရှိကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ပလက်ဝမြို့၊ တိုင်းရင်းဆေးပေးခန်း၌ စစ်ဘေးရှောင်များ ယာယီခိုလှုံနေကြပြီး နေရာမဆံ့သဖြင့် အချို့မှာ ပြင်ပတွင် ယာယီတဲများဖြင့် နေထိုင်နေရကြောင်း စစ်ဘေးရှောင်များကပြောသည်။

“ရေသာမကျဘူးဆိုရင် ကျမတို့အတွက် နေရေးထိုင်ရေးနဲ့ စားဝတ်နေရေးက သိပ်အခက်အခဲရှိတယ်” ဟု စိုက်ပျိုးရေး စစ်ဘေးရှောင်စခန်းမှ ဒေါ်ခိုင်ရွှေဝါက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စစ်တပ်နှင့် AA တို့ တိုက်ပွဲများကြောင့် အထက်မီးလက်ဝ၊ နှမဒါ၊ သရက်တောင်၊ ကေသက်၊ လေသက်၊ ရုပ်ဝ စသည့်ကျေးရွာ ဒေသခံများမှာ စိုက်ပျိုးရေးစစ်ဘေးရှာင်စခန်းတွင် လာရောက်ခိုလှုံနေကြခြင်း ဖြစ်သည်။

ကုလားတန်မြစ်ရေ မြင့်တက်လာမှုကြောင့် ပလက်ဝမြို့ရှိ မြေနိမ့်ပိုင်းဖြစ်သော သာယာဝရပ်ကွက်နှင့် မြို့မရပ်ကွက်တို့တွင်လည်း ရေ ၃ ပေခန့်အထိ မြင့်တက်နေပြီး မြို့ခံများမှာ ဘေးကင်းလုံခြုံရာနေရာများသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

“ရေက အိမ်နောက်ဘက်ကနေ ဖောက်ဝင်လာတာ။ ရေစီးက အရမ်းပြင်းတယ်။ ကမ်းတွေတောင် ပြိုကျတယ်” ဟု ပလက်ဝမြို့ရှိ မြို့မရပ်ကွက်မှ ဒေါ်လှသန်းမေက ပြောသည်။

ပလက်ဝမြို့၊ မြို့မရပ်ကွက် (သာယာကုန်းအပိုင်း)တွင် ဩဂုတ် ၇ ရက်နေ့က မြေပြိုကျမှုဖြစ်ပွားပြီး လူနေအိမ်နှင့် အဆောက်အအုံတစ်ချို့ ပျက်စီးမှုရှိခဲ့သဖြင့် ဒေသခံများမှာ စိုးရိမ်နေကြသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ ဩဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်တွင် ကုလားမြစ်ရေ စိုးရိမ်ရေမှတ် ၁,၆၀၀ စင်တီမီတာရှိကြောင်း ဖော်ပြထားသည်။

https://www.facebook.com/dmgnewsagency/posts/678006914372908

Leave a Reply

Your email address will not be published.