ရသေ့တောင် စေတီပြင် – ကျောက်ပန္ဒူတောင်ကျော် ကွန်ကရစ်လမ်း ဆိုးဝါးစွာ ပျက်စီးနေသော်လည်း တာဝန်ရှိ လမ်းအထူးအဖွဲ့ (၁၇) မှ တစ်ကြိမ်တစ်ခါမှ လာရောက်စစ်ဆေးပြုပြင်ခြင်းမရှိ၍ ပိုမိုပျက်စီးလာ

By Narinjara / 2023 August     24

ဓာတ်ပုံ – လူမှုကွန်ရက်

ဒေသခံပြည်သူများ အသုံးများသည့် ရသေ့တောင်မြို့နယ်ရှိ စေတီပြင်-ကျောက်ပန္ဒူ တောင်ကျော် ကားလမ်းမှာ ဆိုးဝါးစွာ ပျက်စီးနေသော်လည်း တာဝန်ယူထားသည့် လမ်းအထူးအဖွဲ့ (၁၇) က တစ်ကြိမ်တစ်ခါမျှ လာရောက်စစ်ဆေးခြင်း၊ ပြုပြင်ခြင်းမရှိ၍ လမ်းမှာ ပို၍ ပျက်စီးလာသည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါလမ်းသည် ကျောက်ချောခင်းလမ်းဖြစ်ပြီး သြဂုတ်လ ပထမအပတ်က မိုးသည်းထွန်စွာ ရွာသွန်းခဲ့သည့်အတွက် တောင်ကျရေများက လမ်းပေါ်ရေကျော်ခဲ့ကာ ပျက်စီးနေသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဒေသခံတစ်ဦးက “အခုက မိုးရွာတာနဲ့ သွားလို့မရဘူး။ ခရီးသည်တွေနဲ့ ကားတွေကိုတွန်းပြီးသွားကြတယ်။ အဲ့ဒီလိုတွန်းပြီးသွားလာကြရင်းနဲ့ လမ်းက ပိုပျက်စီးသွားတာ။ မိုးကအဆက်မပြတ်ရွာတော့ ရေကျော်ပြီး ချိုင့်ခွက်တွေက ပိုနက်လာတယ်။ မြေကလည်းနူးနေတော့ ကားသွားတာနဲ့ပျက်ပြီ” ဟု ပြောသည်။

စေတီပြင် – ကျောက်ပန္ဒူတောင်ကျော်လမ်းသည် ၁၀ မိုင်၊ ရဖာလုံ ရှည်လျားပြီး ကျောက်ချောခင်းလမ်းဖြစ်သော်လည်း တချို့နေရာများတွင် မြေသားလမ်းအဖြစ်ရှိနေသေးကာ အဆိုပါ နေရာများတွင် ပိုဆိုးရွားနေသည်ဟု သိရသည်။

ယင်းအထဲ ပျက်စီးနေသည့်လမ်းအရှည်များမှာ အရှည်ဆုံး ပေ ၄၀၀ ခန့်တစ်နေရာ၊ ပေ ၁၅၀၊ ၁၀၀ ခန့်အထိတစ်နေရာစသည်ဖြင့် ၆ နေရာအထိ ပျက်စီးနေပြီး ပျက်စီးနေသည့်လမ်းအရှည်စုစုပေါင်း ၇ မိုင်ခန့်ရှိသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် မယူတောင်အရှေ့ဘက်ရှိကျေးရွာများနှင့် မောင်တောမြို့နယ်ရှိ ဒေသခံများမှာ အဆိုပါစေတီပြင် – ကျောက်ပန္ဒူတောင်ကျော်လမ်းကို အဓိကအသုံးပြုနေကြရခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆိုးဆိုးဝါးဝါးပျက်စီးနေ၍ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားများနှင့် ဒေသခံများ စစ်တွေသို့ ဈေးရောင်းဈေးဝယ်သွားလာရေး၌ အခက်အခဲဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးက “ဒီလမ်းက စေတီပြင်ကနေ စစ်တွေကို သွားမယ်ဆိုရင် အငူမော်ထိ၊ ဒီလမ်း မြောက်ဘက်ဆိုရင် မောင်တောအထိ ဆက်သွယ်ထားတဲ့လမ်းဖြစ်တယ်။ ဘူးသီးတောင်ဆိုလည်း မောင်တောဘက်က ၃ မိုင်ဘက်က ပတ်ပြီးသွားရင် ဒီလမ်းက သွားရတယ်။ ဘူးသီးတောင် – အငူမော် – စေတီပြင်လမ်းရှိပေမဲ့ အဲ့ဒီလမ်းကကြမ်းလို့ ဒီတောင်ကျော်လမ်းကိုပဲ အဓိကအသုံးပြုကြတယ်။ လမ်းကပျက်စီးနေတော့ အချိန်ကြန့်ကြတာတွေ၊ ကားသမားတွေ ဘီးချော်ပြီး တောင်အောက်ကျသွားနိုင်တဲ့ အန္တရာယ်ရှိတယ်” ဟု ပြောသည်။

ယင်းအပြင် စေတီပြင် – ကျောက်ပန္ဒူတောင်ကျော်လမ်းမှာ ဆင်းလမ်း နေရာတွင် ပျက်စီးမှုများနေ၍  အလွန်အန္တရာယ်ရှိသည်ဟုလည်း သိရသည်။

အဆိုပါလမ်းမှာ တောင်ကျော်လမ်းဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် ကိုယ်ထူကိုယ်ထပြုပြင်၍ ရနိုင်မည့်အခြေအနေမရှိ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနက စက်ယန္တရားများနှင့် တိုက်ရိုက် ပြုပြင်ပေးမှသာ အဆင်ပြေနိုင်မည်ဟု ဒေသခံများကပြောသည်။(NN-12)

https://www.facebook.com/narinjara.info/posts/692816339552165

Leave a Reply

Your email address will not be published.