By Narinjara / 2023 August 25

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် သက်ငယ် မုဒိမ်း ကျူးလွန်သည်ဟု သံသယရှိသည့် လူငယ်တစ်ဦးအား ယမန်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
အဖမ်းခံလိုက်ရသည့်လူငယ်မှာ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ရှိ ×××××× ရပ်ကွက်မှ မောင်စံငြိမ်းအုံးဖြစ်ပြီး အသက် ၁၄ နှစ်သာရှိသေးသည်ဟု မြို့ခံများက ပြောသည်။
သူသည် ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်၊ ညနေပိုင်းတွင် တစ်ရပ်ကွက်တည်းနေ အသက် (၄)နှစ် အရွယ်မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သည်ဟုဆိုကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာမှ ယမန်နေ့သြဂုတ်လ ၂၄ ရက်၊ ညနေ ၆နာရီခန့်တွင် AA က ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“သူ့က အဲ့ဒီနေ့ကနေ ထွက်ပြေးသွားတာ။ ရပ်ကွက်ထဲကလူတွေကော့ အနီးအနားရွာတွေကလူတွေပါ ဝိုင်းရှာကြတာ။ ဖမ်းမိပါပြီ။ အသက် မပြည့်သေးဘူးဆိုပေမဲ့ ဥပဒေအရတော့ အရေးယူရမှာပဲ။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုခံရမှာပဲ”ဟု ပြောသည်။
အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း အဓမ္မပြုကျင့်သည်ဟုသာသိရပြီး အသေးစိတ်မသိရသေးကြောင်း ပြောသည်။
“အဲ့ဒီနေ့က အဓမ္မပြုကျင့်မှုဖြစ်တယ်လို့ပဲသိရတာ။ ဘယ်ကနေ ဘယ်လို ဖြစ်လဲဆိုတာ မသိရဘူး။ ကျွန်တော့်အိမ်နဲ့ အလှမ်းဝေးတော့ ကျွန်တော်ကလည်း ည ၈ နာရီမှ သိရတယ်။ နစ်နာသူ ကလေးမလေးကလည်း ဘာမှမေးမရဘူး။ မေးရင်လည်း ဘာမှမဖြေဘူး” ဟု ပြောသည်။
အဓမ္မပြုကျင့်ခံရသည်ဆိုသည့်မိန်းကလေးငယ်မှာ ၁ တန်းကျောင်းသူဖြစ်ပြီး လက်ရှိတွင် ကျောက်ဖြူမြို့ဆေးရုံ၌ ဆေးကုသမှုခံယူနေရဆဲဖြစ်သည်ဟု သိရသည်။
သံသယရှိသူကိုမူ AA က ဖမ်းဆီးခေါ်ဆောင်ထားပြီး စုံစမ်းစစ်ဆေး အရေးယူသွားမည်ဟု သိရသည်။ (NN-12)
https://www.facebook.com/narinjara.info/posts/693287009505098