ရခိုင် မြို့နယ်အချို့မှ ကျေးရွာပေါင်း ၇၀ ကျော်မှာ ရေကြီးရေလျှံဖြစ်၊ အသေအပျောက်ရှိ

By Western News / 2023 August     7

ပုံစာ မြောက်ဦးမြို့နယ် မြောင်းဘွေက စောဘုန်းကြွယ် ဘုရား ယနေ့ မြင်ကွင်းနှင့် ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင်စခန်း/ဓါတ်ပုံ-ဦးမြတ်ချို၊ ရွှေသန့်ကျော်

ရခိုင်ပြည် မြောက်ပိုင်းက မြို့နယ်အချို့နှင့် တောင်ပိုင်းက မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူအသေအပျောက်ရှိကြောင်း Western News မှ စုံစမ်းသိရသည်။

မြောက်ပိုင်းဒေသကများဖြစ်သော မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မောင်တောမြို့နယ်က ကျေးရွာများနှင့် တောင်ပိုင်းဒေသကများဖြစ်သော တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲမြို့နယ်တို့က ကျေးရွာများတွင် ရေကြီးနေခြင်းဖြစ်သည်။

အဆိုပါ မြို့နယ်များမှ ကျေးရွာပေါင်း ၇၀ ကျော်မှာ ရေကြီးရေလျှံဖြစ်နေပြီး မင်းပြားမြို့နယ်တွင် လူအသေအပျောက်ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးနှင့် မင်းပြားမြို့နယ်သို့ စီးဆင်းလျှက်ရှိနေသည့် လေးမြို့မြစ်မှာ ဒေသအခေါ် အညာရေပေါက်မှုကြောင့် မြစ်တစ်လျှောက်ရှိ ကျေးရွာပေါင်း ၃၀ ကျော်မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကစ၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံဖြစ်ပေါ်နေသည်။

စစ်တွေ ကုလားတန်မြစ်ကြောင်းနှင့် ဆက်စပ်သွယ်တန်းလျှက်ရှိသည့် မြောက်ဦးမြို့နယ်က ချောင်းငယ်များတွင်လည်း ကုလားတန်မြစ်ရေမြင့်တက်လာခြင်းကြောင့် ရေလျှံနေပြီး ယင်းချောင်းတစ်လျှောက်ရှိ ကျေးရွာများမှာ ရေနစ်မြှုပ်နေကြသည်။

မင်းပြားမြို့နယ် သာစည်ကျေးရွာတွင် ရေကြီးမှုကြောင့် ပြင်ယောင်းကျေးရွာမှ လာသော ဒေသခံနှစ်ဦးသေဆုံးသွားကြောင်း သာစည်ကျေးရွာအနီးရှိ ရွှေကျင်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“ပြင်ယောင်းကလာတဲ့ ဒေသခံတွေလို့ ပြောတယ်။ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလို့ သိရတယ်။ မနေ့က ရေနစ်လို့ သေဆုံးသွားတယ်လို့ သိရတယ်” ဟုပြောသည်။

မင်းပြားမြို့နယ် လေးမြို့မြစ်တစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာလည်း တောင်ကျရေခေါ် အညာရေပေါက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေပြီး အသေအပျောက်မရှိဟု ဒေသခံများက ပြောသည်။

ထို့အပြင် ရွှေကျင်၊ မင်းဖူး၊ ကုလားမတောင်၊ ပုလဲတောင်၊ သာစည်၊ ပြင်ယောင်း စသည့်ကျေးရွာများတွင် ရေကြီးနေခြင်းဖြစ်သည်။

‌ကျောက်တော်မြို့နယ်တွင်လည်း ကုလားတန်မြစ်ရေ မြင့်တက်လာခြင်းကြောင့် ဒုက္ခသည်စခန်းများအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော် ရေကြီးမှုဒဏ်ခံနေကြရသည်။

ဒေသခံများပြောပြချက်အရ ကုလားတန်မြစ်ကြောင်း လက်တက်ဖြစ်သည့် သရီချောင်းမှ ရေမြင့်တက်လာ၍ မဟာမုနိဘုရားအနီး ကျေးရွာအချို့မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရသည်ဟု သရက်တပင်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“သရီချောင်း ရေကြီးလို့ ကျေးရွာအချို့က ဒေသခံတွေဟာ ကုန်မြင့်တွေကို ရွှေ့ပြောင်းနေရပါတယ်။ မဟာမုနိဘုရားနဲ့ သိပ်မဝေးတဲ့ ညောင်ချောင်းစစ်ရှောင်စခန်းမှာ ရေကြီးနေလို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရပါတယ်။ နောက် ကျောက်တော်မြို့အနီး ကုလားတန်မြစ်တစ်လျှောက်က ကျေးရွာ ၁၀ ကျော်လောက်မှာ ရေကြီးနေတယ်လို့ ပြောပါတယ်”  ဟု ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်းဒေသက ကျေးရွာအချို့တွင်လည်း ရေကြီးရေလျှံဖြစ်ပေါ်နေပြီး အလားတူ တောင်ကုတ်မြို့နယ်တွင်လည်း ရေကြီးနေ၍ တန်းလွဲတိုက်နယ်ဒေသရှိ သက္ကေကျွန်းနှင့် ပန်းတင်းကျွန်းတွင် တာတမံများကျိုးပေါက်သွားကြောင်း သိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/721478066658289

Leave a Reply

Your email address will not be published.