ရခိုင်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ဝါတွင်းကာလ ကျောင်းပိတ်ရက်အဖြစ် တနင်္ဂနွေနှင့် ဥပုသ်နေ့ကို သတ်မှတ်

By Narinjara / 2023 August     10

ရခိုင်ပြည်နယ်ရှိ အခြေခံပညာစာသင်ကျောင်းအားလုံးတွင် ဝါတွင်းကာလ ကျောင်းပိတ်ရက်အဖြစ် တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့ နှစ်ရက်ကို တပြေးညီသတ်မှတ်ရန် ပြည်နယ်ပညာရေးမှူးရုံးက ထုတ်ပြန်ကြေညာလိုက်သည်။

ရခိုင်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတက်ရက်များတပြေးညီဖြစ်စေရန်အတွက် ဩဂုတ်လ ၁ ရက်(ဝါဆိုလပြည့်နေ့)မှစတင်ပြီး အောက်တိုဘာလ ၂၉ ရက်(သီတင်းကျွတ်လပြည့်နေ့)အထိ တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့တို့ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်လိုက်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်လက်မှတ်ရေးထိုးကာ ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

ရခိုင်ရှိ မြို့ပေါ်များမှ အခြေခံပညာကျောင်းများတွင် ဝါတွင်းကာလ၌ တနင်္ဂနွေနှင့် ဥပုသ်နေ့ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ထားကြသော်လည်း မြို့နယ်များမှကျောင်းများတွင်မူ အဖိတ်နေ့နှင့် ဥပုသ်နေ့တို့ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်မှုများလည်းရှိကြောင်း ပေါက်တောမြို့နယ်မှ မူလတန်းပြကျောင်းဆရာတစ်ဦးက နိရဥ္စရာသို့ပြောသည်။

“မြို့ပေါ်တွေမှာ တနင်္ဂနွေနဲ့ ဥပုသ်သီတင်းရက်ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ပေမယ့် ကျွန်တော်တို့နယ်ဘက်တွေမှာကျတော့ အဖိတ်နေ့နဲ့ ဥပုသ်သီတင်းနေ့တွေကို ကျောင်းပိတ်ရက်သတ်မှတ်ပြီး ကျန်ရက်တွေကို ကျောင်းတက်ကြတယ်” ဟု ပြောသည်။

မြို့နယ်ကျေးလက်ဒေသများရှိကျောင်းများတွင် အဖိတ်နေ့နှင့် ဥပုသ်နေ့ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်လေ့ရှိသည့်အတွက် ကျောင်းပိတ်ရက်တစ်ဆက်တည်းကျရောက်နိုင်သည်ဟု ဆိုသည်။

ယခုကဲ့သို့ တနင်္ဂနွေနှင့် ဥပုသ်နေ့ကို ကျောင်းပိတ်ရက်သတ်မှတ်လိုက်သော်လည်း ပညာသင်ကြားရေးနှင့်ပတ်သက်၍ ထွေထွေထူးထူးထိခိုက်စရာမရှိကြောင်း သူက ဆက်ပြောသည်။

“အဖိတ်နေ့နဲ့ ဥပုသ်နေ့ပိတ်ရင်တော့ ကလေးတွေအတွက်ကျောင်းပိတ်ရက်တစ်ဆက်တည်းကျတာပေါ့။ အခုပြန်သတ်မှတ်လိုက်တော့ ကျောင်းပိတ်ရက်ခြားသွားနိုင်တာပေါ့။ ဒါကတော့ သင်ကြားရေးနဲ့ပတ်သက်ပြီးတော့ ထိခိုက်စရာကြီးကြီးမားမားတော့မရှိပါဘူး” ဟု ပြောသည်။

မြောက်ဦးမြို့နယ်၊ ကျေးလက်ဒေသရှိ အခြေခံစာသင်ကျောင်းများတွင်လည်း ယခင်က ဝါတွင်းကာလ၌ အဖိတ်နေ့နှင့် ဥပုသ်နေ့တို့ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်လေ့ရှိပြီး ယခုပြည်နယ်ပညာရေးမှူးရုံးက ထုတ်ပြန်သည့်အတိုင်း တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့တို့ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ထားပြီဖြစ်ကြောင်း ဒုတိယအလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

“အခုလိုသတ်မှတ်လိုက်တာ ကောင်းတယ်လို့ထင်တယ်။ အရင်က ကျွန်မတို့ကျခဲ့တဲ့ ကျောင်းမှာဆိုရင် ခရစ်ယာန်ဘာသာဝင် ကျောင်းသားကျောင်းသူတွေရှိတယ်။ အဖိတ်နေ့နဲ့ဥပုသ်နေ့နဲ့ပိတ်တော့ တနင်္ဂနွေဘုရားကျောင်းကို သူတို့မတက်နိုင်ခဲ့တာတွေရှိတယ်လေ” ဟု ပြောသည်။

ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်ရှိပြီး ယခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၅ သိန်း ၆ သောင်းကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်ဟု ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/685232846977181

Leave a Reply

Your email address will not be published.