ရခိုင်မှ မြို့နယ်အချို့တွင် နောက် ၃ ရက်အထိ မိုးအလွန်သည်းထန်နိုင်ဟု မိုး/ဇလပညာရှင် ဦးဝင်းနိုင် သတိပေး

By Narinjara / 2023 August     8

ဓာတ်ပုံ – ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမြင်ကွင်း။

ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ယနေ့ ဩဂုတ်လ ၈ ရက်၊ နံနက် ၂ နာရီခွဲမှ ဩဂုတ်လ ၁၁ ရက်၊ နံနက် ၂ နာရီခွဲအထိ ၃ ရက်အတွင်း မိုးအလွန် သည်းထန်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးဝင်းနိုင်က သတိပေးပြောဆိုလိုက်သည်။

“ရခိုင်ပြည်နယ် ကလတန်(ကုလားတန်)မြစ်တစ်လျှောက်၊ မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေ အတွင်းမှာတော့ လာမဲ့ ၇၂ နာရီအတွင်း မိုးအလွန်သည်းထန်နိုင်ကြောင်း တွေ့ရပါတယ်”ဟု ယနေ့ နံနက် ၂ နာရီခွဲတွင် သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန် ရေးသားထားသည်။

ရခိုင်တွင် သြဂုတ်လ ၁ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသန်းနေ၍ မြစ်ရေများမြင့်တက်လာနေပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့နယ်များတွင် ကျေးရွာအမြောက်အများ ရေလွှမ်းမိုးမှုဖြစ်ပေါ်နေကြောင်း သိရသည်။

ရေလွှမ်းမိုးမှုဖြစ်ပေါ်နေ၍ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေကြရသည်ဟုလည်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ်ရှိ လေးမြို့မြစ်နှင့် ကျောက်တော်မြို့နယ်ရှိ ကုလားတန်မြစ်တို့တွင် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာနိုင်၍ မြစ်ကမ်းအနီးနေထိုင်သူများ အထူးသတိထားကြရန်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းလျက်ရှိသည်။

ယင်းအပြင် အဆိုပါ ၃ ရက်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် ဒေသများတွင် မိုးသည်းထန်နိုင်ပြီး ကျန်ပြည်နယ်နှင့်တိုင်းဒေသများတွင် နေရာအနှံ့မိုးအသင့်အတင့်ရွာနိုင်သည်ဟု ဆိုထားသည်။

ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေဆဲဖြစ်ပြီး ဩဂုတ်လ ၁၀ ရက်၊ ၁၁ ရက်တို့တွင် အားအနည်းငယ်ပြန်လျော့ကျကာ ၁၂ ရက်တွင် အားပြန်ကောင်းလာနိုင်မည်ဟုလည်း ဦးဝင်းနိုင်က ခန့်မှန်းထားသည်။  (NN-16)

https://www.facebook.com/narinjara.info/posts/683998310433968

Leave a Reply

Your email address will not be published.