ရခိုင်မှာ သန္ဓေတားဆေး ဈေးမြင့်တက်နေ

By Western News / 2023 August     15

ရခိုင်ပြည်မှာ သန္ဓေတားဆေး ဈေးအဆမတန် မြင့်တက်နေကြောင်း ဆေးဆိုင်များနှင့် အိမ်ထောင်သည် အမျိုးသမီးများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် နှစ်လက ကျပ် ၂၈၀၀ သာရှိခဲ့သည့် OK သန္ဓေတားဆေးမှာ ယခု ဩဂုလတွင် ကျပ် ၄၀၀၀ ဝန်းကျင်ကို ဈေးမြင့်တက်သွားကြောင်း အိမ်ထောင်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

“အခု သန္ဓေတားဆေးတွေ ဈေးအရမ်းမြင့်တက်နေတယ်။ အရင်လက အိုခေ သန္ဓေတားဆေးဟာ ကျပ် သုံးထောင်ဝန်းကျင်ပဲရှိတာ။ အခု ကျပ် လေးထောင်ပေးရတယ်။ Marvelon ဆိုရင်လည်း အရင်လတွေက ကျပ် ၇ ထောင်ဝန်းကျင်ပဲရှိတာ။ အခု ကျပ် ၁၅၀၀၀ နီးပါးကို ပေးရတယ်။ ဘာဖြစ်လို့ ဈေးမြင့်တက်သွားတာလဲတော့ မသိဘူး” ဟု ပြောသည်။

သန္ဓေတားဆေးများဖြစ်သည့် Lydia၊ NorLevo နှင့် ellaOne စသည့်ဆေးများမှာလည်း ဈေးမြင့်တက်သွားကြောင်း စစ်တွေမြို့ရှိ ဆေးဆိုင်များထံမှ သိရသည်။

ဆေးဆိုင်တစ်ဆိုင်က “၂၄ နာရီ၊ ၇၂ နာရီ အရေးပေါ် သန္ဓေတားဆေးတွေထက် နေ့စဉ်သောက်ရတဲ့ သန္ဓေတားဆေးတွေက အများရောင်းရတယ်။ ဈေးလည်း မြင့်တက်သွားတယ်။ ဈေးမြင့်တက်တာကလည်း ရန်ကုန်ဘက်က ဈေးမြင့်လို့ မြင့်တက်သွားရတာပါ။ ဝယ်လိုများတဲ့အတွက်လည်း တချို့ဆိုင်တွေက ဈေးတင်ရောင်းတာဖြစ်နိုင်တယ်” ဟု ပြောသည်။

ယခင်က အိမ်ထောင်သည်အမျိုးသမီးများမှာ လက်မောင်း သို့မဟုတ် သားအိမ်တွင် သန္ဓေတားသည့် ဆေးချောင်းများ ထည့်ကြသော်လည်း ပြီးခဲ့သည့် ၃ နှစ်လောက်စ၍ ယင်းဆေးချောင်းများကို အသုံးပြုမှုနည်းလာပြီး သောက်ဆေးဖြစ်သည့် သန္ဓေတားဆေးများကို အသုံးပြုမှု ပိုများပြားလာကြကြောင်း ကျန်းမာရေးဝန်တစ်ဦးက ပြောပြလာသည်။

“အရင်က သောက်ဆေးတွေကို သိပ်မယုံကြည်ကြဘူး။ ကလေးလိုချင်တဲ့အချိန်မှာ ကလေးမရတဲ့ဆိုတဲ့ ယုံကြည်ကြတယ်။ ဒါကြောင့် လက်မောင်း ဒါမှမဟုတ် သားအိမ်မှာ ဆေးချောင်းထည့်တာ များကြတယ်။ အခုနောက်ပိုင်းတော့ သောက်ဆေးတွေကို အသုံးများလာကြတယ်။ သောက်ဆေးတွေက အဆင့်မြင့်လာကြတော့ ဆေးတွေကလည်း အမျိုးအစားတွေ များလာကြတော့ ဆေးရပ်လိုက်တဲ့အချိန်မှာ ကလေးက ချက်ချင်းရနိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် ထင်တယ် အိမ်ထောင်သည်အမျိုးသမီးတွေဟာ သန္ဓေတားဆေး သောက်ဆေးတွေကို အသုံးများလာကြတယ်။ အမှန်က ဘယ် သန္ဓေတားဆေးမဆို အနည်းနဲ့အများ ဆိုးကျိုးသက်ရောက်မှုတွေရှိပါတယ်။ ဒါကြောင့် အိမ်ထောင်သည်တွေကို အကြံပြုချင်တာက ကွန်တုံး (အကာအကွယ်) ကို အသုံးပြုစေချင်ပါတယ်။ အကာအကွယ်သုံးတာက ဘေးအကင်းဆုံး ဖြစ်ပါတယ်”ဟု ပြောသည်။

ကျန်းမာရေးဝန်ထမ်းများနှင့် အိမ်ထောင်သည်များအား Western News မေးမြန်းစုံးချက်အရ ရခိုင်က အိမ်ထောင်သည်အမျိုးသမီးများမှာ သန္ဓေတားဆေးများကို အသုံးပြုမှုများပြားလာကြောင်း သိရပြီး ယင်းကဲ့သို့ သန္ဓေတားဆေးအသုံးပြုမှု များပြားလာခြင်းမှာ စီးပွားရေးအဆင်မပြေမှုနှင့် ဆင်းရဲမွေးတေမှုတို့ကြောင့် ကလေးမွေးဖွားခြင်းကို လျှော့ချခြင်းဖြစ်ကြောင်း သိရသည်။

https://www.facebook.com/westernnewsagency/posts/726862399453189

Leave a Reply

Your email address will not be published.