ရခိုင်မှာ ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများ သောက်သုံးရေ ခက်ခဲမှုနှင့် ဝမ်းပျက်ဝမ်းလျှော ကို စိုးရိမ်နေရ

By Western News / 2023 August     11

ပြီးခဲ့သည့် ရက်ပိုင်းများက မင်းပြားမြို့နယ် မင်းဖူးကျေးရွာနှင့် အသေကာလ ကျေးရွာများကို မြစ်ရေဖုံးလွှမ်းခဲ့စဉ်။ ဓါတ်ပုံ/ ERRCA

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရခိုင်ပြည်အတွင်း မြို့နယ် ၈ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၁၀၀ ကျော် ရေနစ်မြုပ်မှုနှင့် ကြုံတွေ့ခဲ့ရကာ သောက်သုံးရေကန်ပေါင်း ၁၀၀ ကျော်လည်း မြစ်ရေ၊ ချောင်းရေ ဝင်ရောက်မှုကြောင့် ပျက်စီးခဲ့ရသည်။

အထူးသဖြင့် မင်းပြားမြို့နယ်မှ ကျေးရွာပေါင်း ၅၀ ခန့်နှင့် ကျောက်တော်မြို့နယ်မှ ကျေးရွာပေါင်း ၃၀ ကျော်တို့က ရေကန်ပေါင်း ၈၀ ခန့်မှာ ရေနောက်များဝင်ရောက်၍ ပျက်စီးသွားပြီး သောက်သုံးရေအခက်အခဲကြောင့် ရေနောက်များကို သောက်သုံးနေရသည်ဟု ဒေသခံများက ပြောသည်။

ထိုကြောင့် မသန့်ရှင်းသော ရေနောက်များကို သောက်သုံးမိ၍ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမည်ကို ဒေသခံများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများမှ စိုးရိမ်နေကြသည်။

မင်းပြားမြို့နယ် ကုလားမတောင်ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်အေးအေးမြင့်က “ကျမတာဝန်ကျနေတဲ့ ကုလားမတောင်မှာ လူအသုံးနည်းတဲ့ ရေကန်တစ်ကန်တော့ နစ်မြုပ်သွားတယ်။ တခြားကန်တွေလည်း ချောင်းရေတွေဝင်လို့ အချိန်မီတော့ ပြန်ဖာထဲလို့ ရလိုက်တယ်။ ဒါပေမယ့် အသေကာလကျေးရွာမှာ ကန် ၄ ကန်ရှိတာ အကုန်လုံးရေနစ်မြုပ်သွားတော့ ရွာသားတွေ သောက်သုံးရေ အခက်အခဲဖြစ်နေကြတယ်။ ကန်ထဲက ရေနောက်တွေသောက်မိပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်မှာကို စိုးရိမ်ရပါတယ်။ ကျမတို့ ကျန်းမာရေးဌာနကတော့ ရေကိုသန့်စင်တဲ့ ဆေးတွေ ပေးနေပါတယ်” ဟု ပြောသည်။

အသေကာလ၊ မင်းဖူး၊ အိုးပျဉ်တောင်၊ ကုလားမတောင်၊ တံခွန်တိုင်၊ ဒုံးသား၊ မြင်းကင်းဆိပ် ချင်းဆိပ် စသော ကျေးရွာများ အပါအဝင် အခြားသော မင်းပြားမြို့နယ်က ကျေးရွာများတွင် မိုးရွာတုန်းက ခံယူထားလိုက်သည့် ရေကိုသာ လတ်တလောအသုံးပြုနေရပြီး အကယ်၍ အဆိုပါ မိုးရေကုန်သွားပါက ရေကန်များမှ ရေနောက်များကို သောက်သုံးရာတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခြင်းမရှိသော်လည်း ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများကို ရေသန့်ဆေးများ ဖြန့်ဝေပေးနေပြီး ရေကန်များတွင်လည်း ရေသန့်ဆေးချပေးသွားမည်ဟု သိရသည်။

“အခု မြစ်ရေ၊ ချောင်းရေ ဝင်သွားတဲ့ကျေးရွာတွေကို ရေသန့်ဆေးတွေကို ဖြန့်ဝေနေပါတယ်။ ကိုယ်အသုံးပြုမယ့် ရေကိုခတ်ယူပြီး ရေသန့်ဆေးပြားလေးတွေကို နာရီဝက်လောက် ကြိုထည့်ထားလိုက်ရင် အဲဒီရေကို ကြိုချက်အသုံးပြုရင်တော့ ဝမ်းပျက်ဝမ်းလျှောကို မဖြစ်စေပါဘူး။ ရေကန်တွေမှာလည်း ဆေးချပေးဖို့ရှိပါတယ်။ ဒါဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှော့ကို အတတ်နိုင်ဆုံး ကာကွယ်ပေးမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

ရေကန်များနစ်မြုပ်၍ သောက်သုံးအခက်အခဲဖြစ်နေသော ကျေးရွာများတွင် ရေနောက်များကို ချက်ချင်းအသုံးမပြုရန်နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများဖြင့် ချိတ်ဆက်ပြီး ရေသန့်ဆေးများအသုံးပြု၍ သောက်သုံးကြရန် ရွာဆော်များဖြင့် လိုက်လံဆော်အော် အသိပေးနေကြောင်း သိရသည်။

မင်းပြားမြို့နယ်မှာ မင်းဖူကျေးရွာ၌ သောက်သုံးရေကန် ခြောက်ကန် ရှိရာတွင် ရေကန် ၄မှာ ရေနစ်မြုပ်ခဲ့ပြီး မြစ်ရေဝင်ရောက်မှုကြောင့် သောက်သုံး၍ လုံးဝမရတော့ဟု မင်းဖူးကျေးရွာမှ အမျိုးသမီးတစ်ဦးက ‌Western News ကိုပြောဆိုသည်။

“ကျမတို့ မင်းဖူးမှာ သောက်သုံးရေ ၆ ကန်ရှိပါတယ်။ အဲ့ဒီထဲမှာ သောက်သုံးရေ ကန် ၄ကန်ကတော့  မြစ်ရေဝင်သွားပါတယ်။ သောက်သုံးလို့ လုံးဝမရတော့ပါဘူး။ ကျန်တဲ့ နှစ်ကန်ကတော့ သုံးလို့ ရပါသေးတယ်။ ကျန်းမာရေးဌာနတွေကတော့ ဆေးတွေ လာလို့ ပေးတာတော့ အခု အချိန်အထိတော့ မရှိသေးဘူး။ ကယ်ဆယ်ရေးလာပေးတာလည်း မရှိသေးပါဘူး။ နေအိမ်အားလုံးနီးပါး ရေနစ်မြုပ်သွားပါတယ်”ဟုပြောသည်။ 

အလားတူ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော စသော မြို့နယ်များတွင်လည်း ရေကန်များပျက်စီးသွားသော ကျေးရွာများ၌ ပြုလုပ်လျှက်ရှိကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဌာနမှ ညွှန်ကြားချက်များကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပါက ရောဂါဖြစ်ပွားမှုမှကာကွယ်နိုင်မည်ဟု ကျေးလက်တွင်တာဝန်ထမ်းဆောင်နေကြသည့် ဆရာမများက ပြောကြသည်။

လက်ရှိအချိန်အထိ ရခိုင်ပြည်အတွင်း ရေနစ်မြုပ်ခဲ့သော ကျေးရွာများတွင် သောက်သုံးရေ အကူအညီများ၊ ဆေးဝါးများ၊ စားနပ်ရိက္ခာများနှင့် အရေးပေါ်ကယ်ဆယ်လုပ်ငန်းများ ပြုလုပ်လိုအပ်နေကြောင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာကူညီရေးအဖွဲ့များမှာ ထောက်ပံ့ကူညီပံ့ပိုးမှု နည်းနေသေးကြောင်း သိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/724402159699213

Leave a Reply

Your email address will not be published.