ရခိုင်ဘောလုံးအားကစားတိုးတက်စေရေး လေ့ကျင့်သင်ကြားပေးနိုင်ရန် လူငယ်ကစားသမားအသစ် ၃၀ ဦးကို ရခိုင်ယူနိုက်တက်အသင်းရွေးချယ်

By Narinjara / 2023 August     12

ဓာတ်ပုံ – သံတွဲမြို့မအားကစားကွင်းတွင် လူငယ်ကစားသမားများအား ရွေးချယ်ခဲ့စဉ်။/Photo – Narinjara and Zaw Thet Oo

ရခိုင်ပြည်နယ်ဘောလုံးအားကစား တိုးတက်စေရေး လေ့ကျင့်သင်ကြားပေးနိုင်ရန် ဘောလုံးဝါသနာရှင် လူငယ်ကစားသမားအသစ် ၃ဝ ဦးကို ရခိုင်ယူနိုက်တက်ဘောလုံးအသင်း(RUFC)က ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါရွေးချယ်မှုကို သံတွဲမြို့ရှိ မြို့မအားကစားကွင်းကြီးတွင် ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နှင့် ယနေ့ သြဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းတို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ရွေးချယ်ရာတွင် သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် မာန်အောင်မြို့နယ်တို့မှ ယူ-၂၂ အတွက် လူငယ် ၈၅ ဦးနှင့် ယူ-၁၅ အတွက် လူငယ် ၆၄ ဦးခန့် ဝင်ရောက်အရွေးခံခဲ့ကြခြင်းဖြစ်သည်။

ယင်းအနက် ယူ-၂၂ ကစားသမား(၂၀)ဦးနှင့် ယူ-၁၅ ကစားသမား (၁၀)ဦးကို ကနဦးရွေးချယ်ခဲ့ကြောင်း ရခိုင်ယူနိုက်တက်ဘောလုံးအသင်း၏ နည်းစနစ်ဒါရိုက်တာ ဦးအောင်ဇော်မျိုးက နိရဥ္စရာသို့ပြောသည်။

“ယူ- ၂၂ ကတော့ ရက္ခပူရအသင်းအတွက် ရွေးချယ်တာပေါ့။ လောလောဆယ် အယောက် ၂၀ ရွေးထားပါတယ်။ အဲဒီထဲကမှ ကျနော်တို့က တစ်သင်းစာ ၁၁ ယောက်လောက်ပြန်ရွေးဖို့စီစဉ်ထားပါတယ်။ ကျွန်တော်တို့ရွေးတော့ ရွေးထားတယ်ပေါ့နော်။ ဒါအသင်းပိုင်ရှင်နဲ့ပြန်တိုင်ပင်ပြီး ဘာဆက်လုပ်မလဲဆိုတဲ့အပိုင်းကို စောင့်ရမှာပေါ့” ဟု ဆက်ပြောသည်။

ယူ- ၁၅ အသင်းအတွက် ရွေးချယ်ထားသည့် လူငယ် ၁ဝ ဦးကိုလည်း ယှဉ်ပြိုင်ကစားနိုင်ရန် လေ့ကျင့်သင်ကြားပေးသွားမည်ဟု ဆိုသည်။

“ယူ-၁၅ အတွက်ရွေးချယ်ထားတဲ့ကစားသမားတွေကတော့ လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေပါတော့ ကျွန်တော်တို့က ၅ နှစ်စီမံကိန်းပုံစံမျိုးရွေးချယ်တဲ့သဘောပေါ့။ ဒီနှစ်မပူးပေါင်းနိုင်ရင် နောက်နှစ်။ နောက်နှစ်မပူးပေါင်းနိုင်ရင် နောက်နှစ်နောက်နှစ်တွေပေါ့” ဟု ပြောသည်။

ရွေးချယ်ထားသည့်ကစားသမားများ အမည်နှင့်မြို့နယ်များကို ရခိုင်ယူနိုက်တက်ဘောလုံးအသင်းစာမျက်နှာမှ တရားဝင်ထုတ်ပြန်ပေးသွားမည်ဟုလည်း သူက ပြောသည်။

ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် လူငယ်ကစားသမားသစ်ရွေးချယ်ရခြင်းမှာ ရခိုင်မှ ဘောလုံးပါရမီရှင်လူငယ်များအနေဖြင့် ဘောလုံးကောင်းကောင်းကစားနိုင်ရန်နှင့် ရခိုင်ဘောလုံးအားကစားကို ပိုမိုတိုးတက်လာရန် ရည်ရွယ်ကြောင်း ပြောသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏လမ်းညွှန်မှုဖြင့် တစ်နိုင်ငံလုံးမှ ဘောလုံးကျွမ်းကျင်လူငယ် ၂ဝဝ ကျော်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့် ဧပြီလက ပထမအဆင့်ရွေးချယ်ခဲ့ရာတွင်လည်း ရခိုင်မှ လူငယ် ၅ ဦး ရွေးချယ်ခံထားရသည်ဟု ပြီးခဲ့သည့် မေလ ၂ ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

သူတို့သည် ရန်ကုန်ဘောလုံးအကယ်ဒမီနှင့် မန္တလေးဘောလုံးအကယ်ဒမီတို့တွင် အခမဲ့တက်ရောက်သင်ယူခွင့်ရမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အပြင် ပြည်ပနိုင်ငံများသို့လည်း သွားရောက်ကစားနိုင်သည်အထိ ပံ့ပိုးသင်ကြားပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။ (NN-23)

https://www.facebook.com/narinjara.info/posts/686360973531035

Leave a Reply

Your email address will not be published.