By DMG / 2023 August 12
ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွင် စပါးခင်းများ ရေနစ်မြုပ်ကာ လယ်ဧကငါးသောင်းကျော် ပျက်စီးသွားကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။
တောင်သူလယ်သမားသမဂ္ဂက ကောက်ယူထားသောစာရင်းအရ ကျောက်တော်မြို့နယ်တွင် ဧက ၁၅,၀၀၀ (တစ်သောင်းခွဲ)၊ မြောက်ဦးမြို့နယ်တွင် ဧက ၁၀,၀၀၀(တစ်သောင်း)နှင့် မင်းပြားမြို့နယ်တွင် ဧက ၂၅,၀၀၀(နှစ်သောင်းခွဲ) ရေနစ်မြုပ်ပျက်စီးသွားကြောင်း ဆိုသည်။
“ပျက်စီးသွားတဲ့လယ်ဧကတွေကို စာရင်းအတိအကျ မရနိုင်သေးဘူး။ အခုက ရသလောက် ကောက်ယူထားတာ။ အသေးစိပ်ကိုရဖို့အတွက် အချိန်ယူပြီးကောက်ရအုံးမှာဆိုတော့ လက်ရှိကတော့ မပြည့်စုံသေးဘူး” ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောသည်။
ရေနစ်မြုပ်သွားသည့် လယ်ဧကများမှာ ရေပြန်ကျသွားချိန်တွင် ရွံ့၊ နွံ များ တင်ကျန်ခဲ့ပြီး မိုးရွာသွန်းမှုမရှိသဖြင့် ပျက်စီးသွားခြင်းဖြစ်ကြောင်း တောင်သူများက ပြောသည်။
“ရေပြန်ကျပြီးတဲ့အခါ မိုးရွာခဲ့ရင်တော့ စပါးပင်တွေက ရှင်သန်ဖို့ မျှော်လင့်လို့ရသေးတယ်။ စပါးပင်တွေက နွံထဲနစ်ကျန်ခဲ့တယ်။ မိုးရွာရင် နွံတွေက ရေနဲ့ပြန်ကျသွားမှာ။ မိုးမရွာတော့ ဆယ်ပုံပုံလို့ တစ်ပုံလောက်တောင် မမျှော်လင့်တော့ဘူး” ဟု မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ဦးမောင်နှောင်း က ပြောသည်။
ပျက်စီးသွားသည့် လယ်ဧကများကို ပြန်လည်စိုက်ပျိုးရန် မျိုးစပါးအခက်အခဲရှိနေပြီး အစားထိုး စိုက်ပျိုးရန်မှာလည်း ပျိုးပင်ရှားပါးကြောင့် လယ်သမားမှာ စိန်ခေါ်မှုများရှိနေကြသည်။
ရေကြီးမှုဒဏ်ကို အများဆုံးခံခဲ့ရသော ကျောက်တော်မြို့နယ် သက်ရက်တပင်၊ ကျောက်တလုံး၊ ညောင်ချောင်း စသည့်ကျေးရွာများနှင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကျေးရွာများတွင် လယ်ဧက အများအပြား ပျက်စီးသွားပြီး ပြန်လည်စိုက်ပျိုးရန် အခက်အခဲရှိနေကြသည်။
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ ဒေါဆန်းဆန်းဝင်းက “ကျမတို့မှာ လယ် ၈ ဧက လောက် စိုက်ထားတာ အကုန်လုံးပျက်စီးသွားပြီ။ အခု စပါးတွေပြန်ကြဲဖို့ကလည်း ပိုက်ဆံရော၊ မျိုးစပါးရော တော်တော်အဆင်မပြေဖြစ်နေတယ်” ဟု ပြောသည်။
ရခိုင်က လယ်သမားများမှာ “မိုခါ”မုန်တိုင်းကြောင့် နေအိမ်ပျက်စီးမှု၊ မျိုးစပါးပျက်စီးမှု၊ လယ်ယာသုံး ကျွဲ၊ နွားသေဆုံးမှု စသည့် အခက်အခဲများကြားမှ စိုက်ပျိုးထားသောစပါးခင်းများမှာ ရေကြီးမှုဒဏ်ကို ထပ်မံကြုံတွေ့ရသဖြင့် ပိုမိုအထိနာခဲ့ရသည်။
မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှ ဦးစိုးနိုင်က “တိမ်ညိုအနီးမှာတော့ ဧက ၂၀ လောက် ပျက်စီးသွားမယ်ထင်တယ်။ ဘာမှတော့ ကူညီထောက်ပံ့ပေးတာ မရှိသေးဘူး။ အပျက်အစီးစာရင်းတောင် လာမကောက်သေးဘူး။ ဒီအချိန်မှာ လယ်သမားတွေကတော့ အကူအညီလိုနေကြတယ်” ဟု ပြောသည်။
ရေကြီးမှုကြောင့် ပျက်စီးသွားသည့် စပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုစာရင်းကို တင်ပြရန်အတွက် စိုက်ပျိုးရေးဌာနသို့ ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်။
ရခိုင်ပြည်တွင် ဩဂုတ်လလဆန်းပိုင်းကစ၍ မိုးရွာသွန်းမှုနှင့်အတူ ဒီရေမြင့်တက်မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တို့တွင် စပါးစိုက်ဧက ငါးသိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး လူဦးရေခုထောင်ကျော်မှာ ဘေးလွှတ်ရာသို့ ယာယီပြောင်းရွှေ့ခဲ့ရသည်။
https://www.facebook.com/dmgnewsagency/posts/680261314147468