By DMG / 2023 August 25

ရခိုင်ပြည်က တောင်သူတချို့မှာ ကိုဗစ်ကာလအတွင်းထုတ်ယူထားသော ထောက်ပံ့ရေးစရိတ်ချေးငွေကို ပြန်မဆပ်နိုင်၍ နှစ်စဉ်ထုတ်ယူနေကျ စိုက်ပျိုးစရိတ်ချေးငွေ မရသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကိုဗစ်ကာလအတွင်းက စီးပွားရေးကျပ်တည်းမှုကြောင့် တောင်သူတစ်ဦးလျှင် တစ်ဧကကို ငွေကျပ် ငါးသောင်းနှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေထုတ်ပေးခဲ့သည်။
ကိုဗစ်ချေးငွေယူထားသော တောင်သူများမှာ နှစ်စဉ်ချေးယူသည့် စိုက်ပျိုးရေးစရိတ်ချေးငွေကို သတ်မှတ်ကာလအတွင်း ပြန်ဆပ်ထားပြီးဖြစ်သော်လည်း ကိုဗစ်ချေးငွေမဆပ်သေးဖြင့် ယခုနှစ်အတွက် စိုက်ပျိုးရေးစရိတ်ချေးငွေကို ထုတ်ယူ၍မရဖြစ်နေကြသည်။
“စိုက်ပျိုးရေးစရိတ်ချေးငွေကိုတောင် မနည်းဆပ်နေရတဲ့အထဲ အခုလို အားလုံးကို အကြေပြန်ဆပ်ဖို့က အခက်အခဲရှိနေတယ်” ဟု ကျောက်ဖြူမြို့နယ်၊ တောင်ရင်းရပ်ကွက်မှ ဒေါ်ဖြူဖြူဝင်းက ပြောသည်။
ကိုဗစ်ကာလ ထောက်ပံ့ရေးချေးငွေရယူထားသော တောင်သူများမှာ ငွေကျပ်တစ်သိန်းကို တစ်လလျှင် အတိုး ၅၀၀ ကျပ်နှုန်းဖြင့် အတိုး၊ အရင်းနှစ်ခုလုံးကို တစ်နှစ်အတွင်း ပြန်ဆပ်ရမည်ဖြစ်သည်။ ကိုဗစ်ချေးငွေမဆပ်နိုင်သူများကို ပြီးခဲ့သည့်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် ချေးငွေနှစ်ခုလုံးကို အကြေပြန်ဆပ်ရန် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ပြောဆိုထားခြင်းဖြစ်သည်။
မင်းပြားမြို့နယ်၊ ငါးသဲ့ချောင်းရွာမှ တောင်သူဦးဝေသာဖြူက “ဒီဘက်မှာတော့ ကိုဗစ်ချေးငွေ မဆပ်နိုင်လို့ စိုက်ပျိုးရေးချေးငွေမရတဲ့ လယ်သမားတွေ အများကြီးပါပဲ။ အဲဒီငွေကို ဆပ်ချင်ပေမယ့် လယ်သမားတွေမှာက ရှာကြံလို့မရဖြစ်နေကြတယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် ကိုဗစ်ကာလထောက်ပံ့ရေးချေးငွေ ထုတ်ယူထားသော တောင်သူဦးရေ သုံးသောင်းခန့်ရှိပြီး ပြန်ဆပ်သူဦးရေမှာ တစ်သောင်းခန့်သာရှိသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ မန်နေဂျာ ဦးဘကျော်စိန်က – တောင်သူများ ကိုဗစ်ချေးငွေယူချိန်မှစ၍ တစ်နှစ်အတွင်း ပြန်လည်ပေးဆပ်ရန် ကတိကဝတ်များနှင့်အညီ တောင်းခံရခြင်း ဖြစ်သည်ဟု ပြောသည်။
“တောင်သူတွေမှာ အခက်အခဲရှိနေကြတာကို နားလည်ပေမယ့် ကျနော်တို့မှာလည်း အထက်ဌာနတွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ထုတ်ပေးထားတာဆိုတော့ ဘာမှလုပ်ပေးလို့ မရပါဘူး။ မဆပ်ဘဲနေရင်တော့ အသစ်ချေးငွေတွေကို ထုတ်လို့မရသလို သူတို့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုလို ဖြစ်နေမှာမို့ ပိုပြီးအခက်အခဲ ဖြစ်ပါလိမ့်မယ်” ဟု ဦးဘကျော်စိန်က ပြောသည်။
ရခိုင်ကတောင်သူများမှာ ပြီးခဲ့သည့်နှစ်က သွင်းအားစုစရိတ်ကြီးမြင့်မှုနှင့် စစ်ရေးပဋိပက္ခများကြားမှ လယ်ယာစိုက်ပျိုးခဲ့ရသည့်အထဲ ရာသီဥတုဖောက်ပြန်မှုဒဏ်ကိုပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရသဖြင့် စပါးပေါ်ချိန်တွင် အထွက်နှုန်းလျော့နည်းခဲ့သည်။
ယခုနှစ်တွင်လည်း လယ်ယာစိုက်ပျိုးရေးကို အင်တိုက်အားတိုက်လုပ်ကိုင်ရန် ကြိုးပမ်းနေချိန်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် အထိနာခံရပြီး လယ်ယာစိုက်ပျိုးထွန်ယက်ပြီးချိန်တွင်လည်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့ခဲ့ရသည်။
ရခိုင်တောင်သူများမှာ ယခုနှစ်အတွင်း ထိခိုက်နစ်နာမှု များပြားနေသည့်အတွက် ချေးငွေနှင့်ပတ်သက်၍ ဖြေလျော့ပေးသင့်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ထောက်ပြသည်။
“အခုဆိုရင် ရေကြီးမှုကြောင့် စပါးပင်တွေ တော်တော်လေးပျက်စီးသွားတယ်။ ပျက်စီးသွားတဲ့လယ်တွေမှာ အစားထိုးပြန်စိုက်ပျိုးဖို့အတွက်တောင် မျိုးစပါးတွေ အခက်အခဲရှိနေတဲ့ အခြေအနေပါ။ ဒါကြောင့် အများစုကတော့ ပြန်ဆပ်ဖို့ မလွယ်ကူနိုင်ပါဘူး” ဟု တောင်သူလယ်သမားသမဂ္ဂ မင်ပြားမြို့နယ်တာဝန်ခံ ဦးမျိုးမင်းအောင်က ပြောသည်။
ရခိုင်တွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် မျိုးစပါးများပျက်စီးခြင်း၊ လယ်ယာသုံးကျွဲနွားများ သေဆုံးသွားခြင်းအပြင် နေအိမ်များလည်း ပျက်စီးခဲ့ရသည်။
ဩဂုတ်လအစောပိုင်းတွင် မိုးရွာသွန်းမှုနှင့်အတူ ရေကြီးခြင်းကြောင့် ရခိုင်က ထွန်ယက်စိုက်ပျိုးပြီး လယ်ဧက ငါးသောင်းခန့် ပျက်စီးဆုံးရှုံးခဲ့ကာ ပြန်လည်စိုက်ပျိုးရန်အတွက် အခက်အခဲများရှိနေကြသည်။
https://www.facebook.com/dmgnewsagency/posts/686926160147650