ရခိုင်ကို မုန်တိုင်းငယ်အဖျားခတ်တိုက်ခတ်နေ

By Narinjara / 2023 August     1

ပုံစာ- ယနေ့နံနက်က ရခိုင်တွင်တိုက်ခတ်နေသည့် လေမုန်တိုင်းမြင်ကွင်း ( Khin Maung Than post)

ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ရခိုင်ပြည်နယ်က  မြို့နယ်အများအပြားကို အဖျားခတ် ဝင်ရောက် တိုက်နေသည်ဟု သိရှိရသည်။

ယနေ့ ဩဂုတ် ၁ ရက် နံနက်အစောကြီး ညဉ့် ၂ နာရီက စတင်တိုက်ခတ်ပြီး ခန့်မှန်းခြေ တစ်နာရီ မိုင် ၅၀ နှင့် ၆၀ နူန်းဖြင့် ယနေ့နံနက် ၇ နာရီခွဲထိ တိုက်ခတ်နေတုန်းဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

မုန်တိုင်းနှင့် အတူ မိုးများလည်း အဆက်မပြတ်ရွာသွန်းနေပြီး တစ်ချက်တစ်ချက်တွင် လေပြင်းနှုန်းမှာ ပြင်းထန်သည်ဟု ဆိုပါသည်။ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏  ယနေ့ မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်  တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေသည်ဟု ဖော်ပြထားသည်။

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် (၆)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်ဟု ဆိုသည်။

မုန်တိုင်းအရှိန်ကြောင့် ယနေ့နံနက်မှ (၃.၈.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းများကျ ရောက်စဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်သည်ဟု ဖော်ပြထားသည်။ 

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီး မည်။ မိုးသက်လေပြင်းများကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၂)ပေမှ (၁၅)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။

(ဂ) ယနေ့နံနက်မှ (၃.၈.၂၀၂၃)ရက်နေ့အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် နှင့် မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်သည်ဟု ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/680038557496610

Leave a Reply

Your email address will not be published.