ရက္ခိုင်ပြည်သူလူထုနှင့် ကျောင်းသားထုကို စော်ကားခြိမ်းခြောက်သည့် စစ်ကောင်စီတရားစီရင်ရေးကို အသိအမှတ်မပြုဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှထုတ်ပြန်

By Arakan Bay News / 2023 August      31

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ရက္ခိုင်ပြည်သူလူထုနှင့် ကျောင်းသားထုကို စော်ကားခြိမ်းခြောက်နေသည့် စစ်ကောင်စီတရားစီရင်ရေးကို အသိအမှတ်မပြုဟု ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်သည် ၆၅နှစ်မြောက် ဆန်ပြဿနာနေ့ကို ကျောင်းသားသမဂ္ဂထဲမှ ကျောင်းသား၊ ကျောင်းသူ ၁၅ဦးနဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးအပါအဝင် သြဂုတ် ၁၃နေ့ကပြုလုပ်ကျင်းပခဲ့ကြောင်းနှင့်ပတ်သက်၍ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုနေ့တွင် ဒေါ်ညိုအေးက ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဆန်ပြဿနာနေ့ အရေးအခင်းကို အကျဥ်းချုပ်ပြောကြားခဲ့ပြီး တတ်ရောက်လာသော ကျောင်းသူ၊ ကျောင်းသားများက သြဂုတ် ၁၃နေ့နှင့်ပတ်သက်၍ ကဗျာများရွတ်ဖတ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ပါဝင်သည်။

သြဂုတ် ၁၃နေ့ ဆန်ပြဿနာနေ့ အခမ်းအနားသည် ခေတ်အဆက်ဆက် ပြည်သူ့အာဏာအား အကြမ်းဖက်သိမ်းယူထားသည့် အာဏာရှင်တို့စစ်အုပ်ချုပ်ရေးတွင် စီးပွားရေးကျဆင်းကာ ပြည်သူတို့၏ငတ်မွတ်၊ ခေါင်းပါးခြင်းကို လက်နက်အဖြစ်အသုံးချဖြေရှင်းတတ်သည့် အကြမ်းဖက်လူသတ်၊ ဖက်ဆစ်စစ်တပ်၏လုပ်ရပ်အားမီးမှောက်ထိုးပြသည်ဟု မှတ်ယူကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ရခိုင်ကျောင်းသားသမဂ္ဂမှ ထိုနေ့ကိုအောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ကျင်းပခြင်းသည် စစ်ကောင်စီ၏ ” အနာပေါ်တုတ်ကျသည့်အတိုင်း” မလုံမလဲအဖြစ်သို့ရောက်ရှိခြင်းဖြစ်ပြီး လက်ရှိမတရားအာဏာသိမ်း စစ်ကောင်စီသည် အရှက်ပြေအနေဖြင့် မိမိတို့ကျောင်းသားသမဂ္ဂခေါင်းဆောင်များနှင့် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးအား ရည်ရွယ်ချက်ရှိရှိ အငြိုးထားတရားစွဲဆိုထားခြင်းသာဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တာရားသည် စစ်တွေအစိုးရဟုခေါ်တွင်ရလောက်အောင် စစ်တွေမြို့တစ်မြို့တွင်သာ လည်ပတ်လှုပ်ရှားနေရပြီး စစ်ကောင်စီတရားသူကြီးက ပြည်သူလူထုရှေ့မှောက်တွင် ” အခမ်းအနားဦးဆောင်ကျင်းပသည့် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီးမှ ဒေါ်ညိုအေး အမှုအားစီရင်ချက်ချမည်” ဟု အာချောင်ပြောဆိုခြင်းသည် ဟာသပျက်လုံးတစ်ခုသာဖြစ်ပြီး ရက္ခိုင်ပြည်သူလူထုနှင့် ကျောင်းသားထုအား အကြောက်အလန့်မရှိခြိမ်းခြောက်စော်ကားခြင်းဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ မှတ်ယူကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏တရားစီရင်ရေးသည် ဖက်ဆစ်စစ်ကောင်စီတပ်၏ လက်သုံးတော်ခံအဖြစ်မှတ်ယူ၍ တရားမျှတမှုမရှိသော တရားစီရင်ရေးအား အယုံအကြည်မရှိကြရန် နှင့် အသိအမှတ်မပြု သပိတ်မှောက်ကြရန် တိုက်တွန်းထားသည်။

https://www.facebook.com/ArakanBayNewsMedia/posts/267130989506493

Leave a Reply

Your email address will not be published.