(ကိုယ်လည်းမကူနိုင် ကူပေးမယ့်သူတွေကိုလည်း ဟန့်တားပိတ်ပင်၊ မစားရတဲ့အမဲ သဲနဲ့ပက်တာပဲ)
By Western News / 2023 August 10
ယူအန်အဖွဲ့များနှင့် နိုင်ငံတာကာအဖွဲ့များမှာ ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးအပ်ကူညီခွင့်မရရှိဘဲ ကန့်သတ်ပိတ်ပင်ခံထားရပြီး စစ်ကောင်စီအနေဖြင့် ဆက်လက်မကန့်သတ်ရန်နှင့် ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့များကို ရခိုင်ပြည်အတွင်း လွတ်လပ်စွာသွားလာကူညီခွင့်ပေးရန် ရခိုင်ပြည်သူများက ပြောသည်။
မိုခါမုန်တိုင်းတိုက်ခတ်ပြီး ရက်ပိုင်းတွင် ရခိုင်ပြည်အတွင်း လူသားချင်းစနာမှုဆိုင်ရာအထောက်အပံ့များ ပေးအပ်နေသော ယူအန်အဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့များကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခဲ့သည်မှာ လက်ရှိအချိန်အထိ ဖြစ်သည်။
ရခိုင်ပြည်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မည်ဟု သတင်းထွက်ပြီးနောက် ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့များမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့မည့်အစီအစဉ် ကြိုတင်ပြင်ဆင်ခဲ့ပြီး မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒုက္ခရောက်နေသော ပြည်သူများကို ကူညီကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများပေးမည့်အချိန် စစ်ကောင်စီက ဟန့်တားပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လုပ်ရပ်သည် မှန်ကန်သော လုပ်ရပ်မဟုတ်ဘဲ ပြည်သူများ၏ ဒုက္ခများကို ငဲ့ညှာမှုမရှိကြောင်း ရသေ့တောင်ဒေသက မုန်တိုင်းသင့်ပြည်သူတစ်ဦးက ပြောသည်။
“စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ အကူအညီတွေကို ဟန့်တားပိတ်ပင်တာဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူး။ မုန်တိုင်းကြောင့် ရခိုင်တပြည်လုံး ဆင်းရဲဒုက္ခနဲ့ကြုံနေရတယ်။ သူကတော့ (စစ်ကောင်စီ) အကူအညီပေးမယ့်သူတွေကို တားဆီးနေတယ်။ နိုင်ငံကို ဘယ်လို အုပ်ချုပ်နေတာလဲ။ ပြည်သူတွေကို လုံးဝ ငဲ့ညှာမှုမရှိဘူး။ ပြည်သူတွေကို စေတနာ မှန်မှန်ကန်ကန် ထားစေချင်တယ်။ အကူအညီများများရှိလေလေ ကျမတို့တွေ ဆင်းရဲဒုက္ခတွေ ပိုသက်သာလေလေပေါ့ ” ဟု ပြောသည်။
ယူအန်နှင့် နိုင်ငံတကာအဖွဲ့များမှ မုန်တိုင်းသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးမည့်ပစ္စည်းများကို စစ်ကောင်စီက ၎င်းတို့ထံမှ တစ်ဆင့် ပေးအပ်ရန်ပြောသော်လည်း ယူအန်နှင့် နိုင်ငံတကာအဖွဲ့များမှာ စစ်ကောင်စီမှတစ်ဆင့် ကူညီထောက်ပံ့မှုမပြုလုပ်ပေ။
စစ်ကောင်စီမှတစ်ဆင့် ကူညီထောက်ပံ့ပေးပါက ပြည်သူလူထံသို့ အပြည့်အဝမရောက်ရှိခြင်းကို ကောင်းစွာနားလည်ထားပြီး စစ်ကောင်စီမှ ထောက်ပံ့နေသော အကူအညီများမှာလည်း မုန်တိုင်းသင့်ပြည်သူများလက်ထဲသို့ အပြည့်အဝ မရောက်ရှိဘဲ အုပ်ချုပ်ရေးအဖွဲ့များနှင့် အာဏာပိုင်များက ဖြတ်ယူထားကြသည်။
စစ်ကောင်စီသည် မစားရသည့်အမဲ သဲနှင့်ပက်နေသည်ဟု မွတ်ဆလင်ဒုက္ခသည်များနှင့် စစ်ဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ပေးနေသော ရခိုင်အရပ်ဘက်အဖွဲ့အစည်းကြီးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကျနော်တို့ နိုင်ငံတကာအဖွဲ့အစည်းအချို့နဲ့ ပူးပေါင်းပြီး ရခိုင်ပြည်အတွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်စားသောက်နိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနေတာရှိပါတယ်။ မုန်တိုင်းတိုက်တော့ ရခိုင်တပြည်လုံးနီးပါး အိုးမဲ့အိမ်မဲ့နဲ့ စားဝတ်နေရေး အခက်ခဲဖြစ်ကြတယ်။ ဒါကို ယူအန်နဲ့နိုင်ငံတကာအဖွဲ့တွေက ကူညီဖို့ လုပ်ကြတယ်။ စစ်ကောင်စီက အဲဒါကို ကန့်သတ်ပိတ်ပင်တယ်။ ကျနော်တို့ ဆက်လက်ကူညီခွင့် မရတော့ဘူး။ ကိုယ်လည်းမကူနိုင် ကူပေးမယ့်သူတွေကိုလည်း ဟန့်တားပိတ်ပင်၊ မစားရတဲ့အမဲ သဲနဲ့ပက်တာပဲ” ဟု ပြောသည်။
မိုခါမုန်တိုင်းမှာ အင်အလွန့်အလွန်ပြင်းထန်သောကြောင့် ရခိုင်ပြည်က မြို့နယ် ၁၀ ကျော်မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပြီး ပြည်သူ ၁၂ သိန်းကျော်မှာလည်း အိုးမဲ့အိမ်မဲ့နှင့် စားဝတ်နေရေးခက်ခဲနေကာ စစ်ကောင်စီ၏ မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများမှာလည်း ဟန်ပြသက်သက်ဖြစ်သောကြောင့် လက်ရှိအချိန်အထိ မုန်တိုင်းသင့်ပြည်သူများ အမိုးအကာအောက်သို့ ရောက်ရှိခြင်းမရှိသေးပေ။
ရက္ခိုင့်တပ်တော်ကမှု ရခိုင်ပြည်အတွင်းက မုန်တိုင်းသင့်ပြည်သူများမှာ အရေးပေါ်အကူအညီ များစွာလိုအပ်နေသေးပြီး ၃၅ ရာခိုင်နှုန်းသာ အကူအညီရရှိသေး၍ ၇၀ ရာခိုင်နှုန်းခန့်မှာ အရေးပေါ်အကူအညီများနှင့် ပြန်လည်ထူရေးလုပ်ရန် လိုအပ်နေသည်ဟု ဇူလိုင်လက ထုတ်ပြန်ထားသည်။
ထိုကြောင့် ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့များအနေဖြင့် မုန်တိုင်းသင့်ရခိုင်ပြည်သူများကို အကူအညီပေးကြရန် ရက္ခိုင့်တပ်တော် ULA/AA က တောင်းဆိုထားသည်။
ယူအန်အဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့ ၁၁ ဖွဲ့ပါသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များမှာ ရခိုင်ပြည်အတွင်း မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ခွင့်ရရန် UNOCHA က စစ်ကောင်စီနှင့်ညှိနှိုင်းနေပြီး စစ်ကောင်စီကတော့ ရခိုင်ပြည်အတွင်း ကူညီခွင့်ကို ဆက်လက်ကန့်သတ်ထားဆဲဖြစ်ကြောင်း ဩဂုတ်လ အစောပိုင်းတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီအနေဖြင့် ပြည်သူများ၏ ချစ်ခင်မှုကို လိုပါက ပြည်သူများ၏ သဘောထားဆန္ဒများကို လေးစားလိုက်နာရန်လိုအပ်ပြီး ကယ်တင်ရှင်ပုံစံမျိုးဖြင့် ဟန်ပြသက်သက် မလုပ်ရန် ရခိုင့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်ထားသည်။
ဩဂုတ်လ ၂ ရက်နေ့ကစပြီး ရခိုင်ပြည်မှာ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မြစ်ရေ၊ ချောင်းရေမြင့်တက်မှုကြောင့် မြို့နယ် ၈ ခုတွင် ရေကြီးရေလျှံဖြစ်ပွားနေပြီး ကျေးရွာပေါင်း ၁၀၀ ကျော် ရေနစ်မြုပ်နေကာ ပြည်သူ တစ်သောင်းကျော်မှာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရ၍ သဘာဝဘေးအန္တရာယ်ထပ်မံ သင့်နေကြသည်။
ဤအချိန်ဤကာလတွင် စစ်ကောင်စီအနေဖြင့် ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့များကို လွတ်လပ်စွာသွားလာကူညီခွင့်ကို ခွင့်ပြုပေးသင့်ပြီး ပြည်သူများ၏ အိုးမဲ့အိမ်မဲ့နှင့်ဆင်းရဲဒုက္ခများကို ဖေးမကူညီသင့်ကြောင်း ရခိုင်ပြည်သူများက ဆိုသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/723521389787290