By Western News / 2023 August 12
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ခိုလှုံနေကြသော မွတ်ဆလင်ဒုက္ခသည်များမှာ ညှဉ်းပန်းနှိပ်စက်ခံရမှု၊ မတရားဖမ်းဆီးချုပ်နှောင်ခံရမှုနှင့် နှောင့်ယှက်မှုများအပါအဝင် ခြိမ်းခြောက်ငွေညှစ်ခံရမှုနှင့် အကြမ်းဖက်မှုများခံရမှုအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် တာဝန်ခံစေရန် Fortify Rights အဖွဲ့မှ အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်သည်။
ရဲတပ်ဖွဲ့၏ အကျင့်ပျက်ခြစားမှုနှင့် မွတ်ဆလင်များအပေါ် ညှဉ်းပန်းနှိပ်စက်မှု တာဝန်ခံမှုရှိစေရေး အစီရင်ခံစာတစ်စောင်ကို Fortify Rights အဖွဲ့မှ ဩဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အထူးတိုက်ခိုက်ရေးအဖွဲ့ လက်နက်ကိုင်ရဲတပ်ရင်း (APBn) မှ အဖွဲ့ဝင်များသည် ငွေညစ်သည်ဟုထင်ရှားသည့် တရားမဝင်အခကြေးငွေများတောင်းခြင်းနှင့် မွတ်ဆလင်ဒုက္ခသည်များကို မတရားဖမ်းဆီးနှိပ်စက်မှု တွေ့ရှိရသည့်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရဲအရာရှိများကို စုံစမ်းစစ်ဆေးပြီး တာဝန်ခံမှုရှိရန်လိုအပ်သည်ဟု Fortify Rights က ပြောသည်။
Fortify Rights ၏ အမှုဆောင်အရာရှိချုပ် မက်သယူးစမစ် (Matthew Smith) က “ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က မတရားတဲ့ငွေတွေတောင်းဖို့ မွတ်ဆလင်ဒုက္ခသည်တွေကို စိတ်ရောကိုယ်ပါ နာကျင်စေအောင်လုပ်ပြီး လူသားငွေထုတ်စက်များ သဖွယ်အသုံးပြုနေတယ်” ဟု ပြောသည်။
Fortify Rights ၏ စုံစမ်းစစ်ေဆးမှုတွင် ဘဂ်လားဒေ့ရှ် ရဲတပ်ဖွဲ့သည် မွတ်ဆလင်ဒုက္ခသည်အချို့ထံမှ အေမရိကန် ဒေါ်လာထောင်ပေါင်းများစွာနှင့် ညီမျှသော ငွေများကို ညစ်ယူရန် နံပတ်တုတ်များဖြင့်ရိုက်ခြင်း၊ လည်ပင်း ညစ်ခြင်းနှင့် အခြားသော ညှဉ်းပန်းနှိပ်စက်မှုများကို ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။
“ဒါကာမြို့အာဏာပိုင်တွေအနေနဲ့ ရဲတပ်ဖွဲ့ကို ချက်ချင်းကိုင်တွယ်ပြီး ရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုနဲ့ အပြစ်ပေးခံရမှုမှ လွတ်မြောက်နေတာတွေကို အဆုံးသတ်ရပါမယ်။ အစိုးရအနေနဲ့ APBn က ကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှုတွေအပေါ် လွတ်လပ်ပြီး သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်သင့်ပြီး ဒုက္ခသည်စခန်းတွေမှာ လုံခြုံရေးသေချာစေဖို့ အစိုးရရဲ့ဆောင်ရွက်မှုတွေကို ချက်ချင်းစတင်ပြုပြင်ပြောင်းလဲသင့်ပါတယ်” ဟု ဆက်လက်ပြီး မက်သယူးစမစ် (Matthew Smith) က ဆိုသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ်၊ မေလအတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ရဲတပ်ဖွဲ့ဝင်များ၊ အရာရှိများ ကျူးလွန်ခဲ့သော မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်၊ ငွေညစ်ခြင်းတို့ကို မွတ်ဆလင်ဒုက္ခသည် ၁၄ ဦးအား မေးမြန်းကာ အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု Fortify Rights က ပြောသည်။
မတရားဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံမှ အသက် ၃၀ အရွယ် မွတ်ဆလင်ဒုက္ခသည်တစ်ဦးက “ကျနော့်ကို ဖမ်းတာ ဘာအကြောင်းပြချက်မှ မရှိဘူး။ အိမ်မှာအေးဆေးနေတဲ့အချိန် APBn ရဲ တစ်ဆယ်ကျော်လာပြီး ဖမ်းတယ်။ ည ၁၁ နာရီ သန်းခေါင်ယံအချိန်မှာ လာဖမ်းကြတာ။ ကျနော် ဘာအမှားလုပ်လို့လဲ ဘာကြောင့်ဖမ်းတာလဲ မေးတော့ ကျနော့်ကို ရိုက်ကြတယ်” ဟု ပြောသည်။
ဘဂ်လားဒေ့ရှ် အစိုးရသည် ကုလသမဂ္ဂ အဂတိလိုက်စားမှု ဆန့်ကျင်ရေးသေဘာတူစာချုပ် (UNCAC) ကို တရားဝင် သေဘာတူလိုက်နာရန်လက်မှတ်ထိုးခဲ့ထားသည့်အတွက် ယခုဖြစ်ရပ်များကို စုံစမ်းဆေးမှုများကို အမြန်ဆုံး ပြုလုပ်သင့်ကြောင်း Fortify Rights က ထောက်ပြခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ရှိ မွတ်ဆလင်ဒုက္ခသည် အများစုမှာ မြန်မာနိုင်ငံမှ ထွက်ပြေးသွားရသူများဖြစ်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးနှင့် မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုရှိခြင်းကြောင့် ရခိုင်ပြည်အတွင်းက မွတ်ဆလင် ရှစ်သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်။
အဆိုပါ မွတ်ဆလင်ဒုက္ခသည်များမှာ အကြမ်းဖက်မှုကျူးလွန်နေသော အကြမ်းဖက်မွတ်ဆလင်များ၏ စည်းရုံးခြင်း၊ သတ်ဖြတ်ခံရခြင်းများရှိနေသည့်အထဲ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်များကပါ မတရားဖမ်းဆီးချုပ်နှောင်ခံရမှု ရှိလာသည့်အတွက် မွတ်ဆလင်ဒုက္ခသည်များမှာ စိုးရိမ်မှု မြင့်တက်နေကြသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/724839282988834