မြောက်ဦးမြို့ မြို့ဦးဂေါင်း စစ်ဘေးရှောင်စခန်းတွင် ခြင်ထောင်၊ရေ၊ စားနပ်ရိက္ခာများ လိုအပ်နေ 

By Arakan Bay News / 2023 August      19

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ မြို့ဦးဂေါင်း စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာ၊ ခြင်ထောင်နှင့် သောက်သုံးရေများ လိုအပ်နေသည် ဟု သိရသည်။

ထိုမြို့ဦးဂေါင်းစစ်ဘေးရှောင်စခန်း၌    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၁၂ လပိုင်းမှစကာ စားနပ်ရိက္ခကယ်ဆယ်ရေးများ လုံလောက်စွာမရရှိခဲ့သည့်အတွက် စစ်ဘေးရှောင်များမှာ စားဝတ်နေရး မဖူလုံမှုဖြင့် ရင်ဆိုင်နေရကြောင်း စခန်းတာ  တာဝန်ခံ ဟောင်း ဦးဝင်းနိုင်မှ ABNသို့ပြောသည်။

“ကယ်ဆယ်ရေးက မရတာ ကြာပြီ။ အဲ့ဒါကြောင့် အခု စားဝတ်နေရေးအတွက် အခက်အခဲရှိနေတယ်။အဓိက ကျနော်တို့အတွက် စားနပ်ရိက္ခာတွေက ပိုလိုအပ်နေတယ်။ အခု ကြုံရာလုပ်ကိုင်နေကြရတယ်။ တချို့ကျောင်းသူ ၊ကျောင်းသားတွေဆို စားဝတ်နေရေးအဆင်မပြေလို့ ကျောင်းတောင် ဆက်မထားနိုင်ကြပါဘူး” ဟု ပြောသည်။

၄င်းအပြင် လက်ဆည်ကန်မှ ထိုစခန်းသို့    ရေတင်နေသည့် ရေပိုက်လုံးမှာ ကျိုးပြီး ပိုင်းသလိုဖြစ်နေ၍  စခန်းတာဝန်ခံအနေဖြင့်  ပြန်ပြုပြင်ပြီး လုပ်ပေးခြင်းမရှိသည့်အတွက် စစ်ဘေးရှောင်များမှာ ၁၅ မိနစ်ခန့်လောက်ဝေးသည့် အလိုတော်ပြည့် ဘုန်ကြီးကျောင်းမှ ရေသွားခပ်၍ သုံးနေရကြောင်း နောက်ထပ်စစ်ရှောင်တစ်ဦးက ABNသို့ ပြောသည်။

“ရေကတော့ အရမ်းအရေးကြီးပါတယ်။ ရေမရှိရင် ဘယ်လိုမှ အဆင်မပြေပါဘူး။ အခု ရေပိုက်ကျိုးနေတာမြင်လည်း စခန်းတာဝန်ခံဖြစ်သူက လုပ်မပေးဘူးဗျာ။ အိမ်သာ သွားရင်လည်း ကိုယ့်အိမ်က ရေဗူးလေးနဲ့ သွားရတယ်။ အရင် လက်ဆည်ကန်က ရေတင်တာပါ။ အခု ရေပိုက်က ကျိုးပြီး ပြတ်တော့မလိုဖြစ်နေလို့ ရေမတင်ရတော့ ရေခက်ခဲနေပါတယ် ” ဟု ပြောသည်။

ရေပိုက်ကျိုးပြီးနေသည်မှာ ၉ လခန့်လောက်ရှိနေပြီဖြစ်သော်လည်း စခန်းတာဝန်ခံက ပြန်ပြုပြင်ပေးသည်ကို မတွေ့ရသိဟု ပြောသည်။

ယင်းအပြင်  ထိုစစ်ဘေးရှောင်စခန်းရှိ  ခြင်ထောင်များမှာ ၂၀၁၈ ခုနှစ်ခန့်က ကယ်ဆယ်ရရှိထားသည့် ခြင်ထောင်းများဖြစ်သည့်အတွက်ကြောင့်   လက်ရှိမှာ ဟောင်းနွမ်းပြီး ပေါက်ပြဲ ကာ ခြင်ထောင် အသစ်များလိုအပ်နေသည် ဟု သိရသည်။

ထိုစစ်ဘေးရှောင်စခန်းတွင်  အိမ်ထောင်စု ၁၀၀ ကျော်ရှိပြီး လူဦးရေ ၇၀၀ ကျော်ရှိကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ ကျောက်တော်မြို့နယ်  ပြိုင်တိုင်းရွာ၊ တင်းမရွာ၊ အောင်သာယာရွာ၊ တောင်ဗွေရွာနှင့် မြောက်ဦးမြို့နယ် ပေါက်တောပြင်ရွာ၊ အုတ်ဖော်ကန်ရွာ၊ ရွာဟောင်းတောရွာ၊ ဝေသာလီရွာတို့မှဖြစ်ကြပြီး  ပလက်ဝမြို့နယ်မှ  မီးလက်ဝရွာကလည်းရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က အကြမ်းဖက်စစ်ကောင်စီတပ်က  ရွာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်လာခဲ့ကြသူများဖြစ်သည်။

ဓာတ်ပုံ-ဟိန်းထွန်း/ABN

https://www.facebook.com/ArakanBayNewsMedia/posts/260727713480154

Leave a Reply

Your email address will not be published.