(နေအိမ်များဖျက်ဆီးခြင်းမှာ ဦးမြသန်းနှင့် တိုက်ရိုက်မသက်ဆိုင်ဘဲ တရားရုံးအမိန့်ဖြင့်သာ ဆောင်ရွက်ခြင်းဟု သိရ)
By Western News / 2023 August 23
ဩဂုတ်လ ၁၀ ရက်နေ့ နံနက်က ရခိုင်ပြည် မြေပုံမြို့ မြောက်ပိုင်းရပ်ကွက်တွင် ရဲတပ်ဖွဲ့ဝင်များမှ နေအိမ်များဖျက်ဆီးခြင်း၊ ဒေသခံအချို့အား ဖမ်းဆီးချုပ်နှောင်ခြင်းမှာ အမတ်ဟောင်း ဦးမြသန်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ တရားရုံးအမိန့်ဖြင့်သာ ဥပဒေအရ ရဲတပ်ဖွဲ့မှ ဆောင်ရွက်သွားခြင်းဖြစ်ကြောင်း ဦးမြသန်းက တုန့်ပြန်ပြောဆိုသည်။
မြေပုံမြို့ မြောက်ပိုင်းရပ်ကွက်ရှိ မြေကွက်ကို အမတ်ဟောင်း ဦးမြသန်းက မြေကွက်ပိုင်ရှင်ဖြစ်သော ဒေါ်ခိုင်သာဖြူထံမှ ဝယ်ယူခြင်းဖြစ်ပြီး ယင်းမြေကွက်တွင် ကျူးကျော်နေအိမ်များရှိနေ၍ ဦးမြသန်းမှ ငွေအကျေမချေခဲ့ပေ။
ထို့ကြောင့် ကျူးကျော်နေအိမ်များကို ဒေါ်ခိုင်သာဖြူက မြို့နယ်တရားရုံးတွင် တရားမမှုနှင့်တရားစွဲဆိုရာ အထောက်အထားပြည့်စုံ၍ ဒေါ်ခိုင်သာဖြူက တရားအနိုင်ရပြီး ကျူးကျော်နေအိမ်များ ရှုံးနိမ့်ခြင်းကြောင့် တရားရုံးအမိန့်ဖြင့် ကျူးကျော်နေအိမ်များကို ဖျက်ဆီးခြင်းဖြစ်ပြီး ဦးမြသန်းက ၎င်းနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း ပြောသည်။
“မြေရာကိစ္စက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြောက်ပိုင်းရပ်ကွက်မှာနေတဲ့ ဦးရွှေစောအောင် ပိုင်တဲ့မြေဖြစ်တယ်။ အဲဒီတုန်းက မည်သူ့ကိုမှ ရောင်းခဲ့တာမရှိဘူး။ အသက်ကြီးလာတဲ့အခါမှာသာ ဦးရွှေစောအောင်ဟာ ဒေါ်ခိုင်သာဖြူကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ရောင်းခဲ့တယ်။ ဒေါ်ခိုင်သာဖြူက ဆင်းရဲတယ်။ အသက်လည်းကြီးလာတော့ မြေကွက်ရောင်းမယ်ဆိုလို့ ကျနော်က ဝယ်တာပါ။ မြေကွက်မှာ ကျူးကျော်နေအိမ်တွေ တည်ဆောက်ထားတာကြောင့် ငွေအကျေမပေးဘဲ ကျူးကျော်တွေဖယ်ရှားပေးမှ ငွေအကျေပေးမယ်ပြောတော့ ဒေါ်ခိုင်သာဖြူက ဖယ်ရှားတာပါ။ ကျူးကျော်နေအိမ်တွေကို ဖယ်ပေးဖို့ ပထမ စကားနဲ့ပြောတယ်။ နောက်ဆုံးမရလို့ တရားစွဲတာမှာ ဒေါ်ခိုင်သာဖြူက အနိုင်ရတော့ ကျူးကျော်နေအိမ်တွေကို ဖယ်ပေးဖို့ တရားရုံးအမိန့်နဲ့ လုပ်ကြတာပါ။ ကျနော်က ဝယ်သူသာ ဖြစ်ပါတယ်။ နေအိမ်ဖျက်ဆီးတာ၊ ဖမ်းဆီးတာတွေက ကျနော်နဲ့ ဘာမှမဆိုင်ပါဘူး။ မီဒီယာတွေမှာ ဖော်ပြနေတာက အမှားတွေပါ။ အမှားတွေကို ဖော်ပြကြတော့ ကျနော်လည်း သိက္ခာကျတယ်။ ကျနော့်မိသားစုဝင်တွေကလည်း စိတ်မကောင်းဖြစ်နေကြတယ်။ “ဟု ပြောသည်။
ဦးမြသန်းမှာ ဒေါ်ခိုင်သာဖြူထံမှ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က အဆိုပါ မြေကွက်ကို ကျပ်ငွေ သိန်း ၁၄၀ ဖြင့် ဝယ်ယူခဲ့ပြီး ယင်းအချိန်ကနေ ဒေါ်ခိုင်သာဖြူမှ ကျူးကျော်နေအိမ်များကို ဖယ်ရှားနိုင်ရန် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းနောက်တွင် မြေပုံမြို့နယ်တရားရုံးမှ ၂၀၁၈ ခုနှစ်တွင် အမိန့်ချပြီး အထောက်အထားပြည့်စုံသော ဒေါ်ခိုင်သာဖြူက အနိုင်ရပြီး ကျူးကျော်နေအိမ်များဖြစ်သော ဒေါ်မအောင်နုနှင့် ဦးရွှေလှဖြူတို့မှာ အမှုရှုံးနိမ့်၍ နေအိမ်များကို မိမိကိုယ်တိုင် ဖျက်ဆီးရန်နှင့် မြေကွက်မှဖယ်ပေးရန် တရားရုံးမှ နို့တစ်စာကို အကြိမ်ကြိမ်ပို့ခဲ့သော်လည်း ဒေါ်မအောင်နုနှင့် ဦးရွှေလှဖြူတို့မှာ မဖယ်ပေးခဲ့ကြောင်း သိရသည်။
မြေပုံမြို့နယ်တရားရုံးမှ ဘိလပ် ဒေါ်သီတာအေးက ဦးဆောင်ပြီး ဩဂုတ်လ ၁၀ ရက်နေ့က ဒေါ်မအောင်နုနှင့် ဦးရွှေလှဖြူတို့ နေအိမ်များကို ဥပဒေနှင့်အညီ ဖျက်ဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များမှ ဒေါ်သီတာအေးအား လုံခြုံရေးယူရန်သာ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးမြသန်းက ဆိုသည်။
သို့သော်လည်း ဖျက်ဆီးခံရသည့် မိသားစုဝင်များမှ ဘိလပ် ဒေါ်သီတာအေးအား တုတ်၊ ဓါးဖြင့် ရန်ပြုမူ၍ ခိုက်ရန်မဖြစ်ပွားစေရန်အတွက် ရဲတပ်ဖွဲ့ဝင်များမှ ရန်ပြုမူသူများကို ဖမ်းဆီးကာ ခေတ္တာချုပ်နှောင်ခဲ့ခြင်းသာ ဖြစ်သည်ဟု သိရသည်။
ယင်းကဲ့သို့ ဖမ်းဆီးရာတွင် ရပ်ကွက် ၃ ခုမှ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့တွင်လည်း ရဲမေများနှင့် တရားရုံးက တာဝန်ရှိသူများတို့ပါဝင်ကြောင်းနှင့် မြန်မာစစ်တပ်မှ တပ်သားများပါဝင်ခြင်းမရှိကြောင်း သိရသည်။
နေအိမ်ဖြိုဖျက်ခံရသည့် မိသားစုများကမှု အဆိုပါ မြေကွက်ကို ၎င်းတို့ပိုင်ဆိုင်သော ပိုက်ဆံဖြင့်ဝယ်ယူထားသည့် မြေများဖြစ်ပြီး နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ နေထိုင်လာသည့်နေရာဖြစ်ကာ တရားရုံးနှင့် ရဲတပ်ဖွဲ့တို့မှာ အင်အားသုံး၍ အတင်းအဓမ္မဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။
အမှုရင်ဆိုင်နေစဉ်ကာလအတွင်းမှာပင် ဒေါ်ခိုင်သာဖြူမှာ အသက် ၆၀ ကျော်အရွယ်ဖြင့် ၂၀၂၀ ခုနှစ်က လူကြီးရောဂါဖြင့် သေဆုံးသွားခဲ့ပြီး ဥပဒေနှင့်အညီ ဒေါ်ခိုင်သာဖြူကိုယ်စား ပြောခွင့်ရ၊ လုပ်ခွင့်ရသူက ကျူးကျော်နေအိမ်များ ဖျက်ဆီးရေးကို တရားရုံးနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျူးကျော်နေအိမ်များကို ဖယ်ရှားပြီးပြီဖြစ်၍ အမတ်ဟောင်း ဦးမြသန်းက ဒေါ်ခိုင်သာဖြူမိသားစုများအား လက်ကျန်ငွေများကို အပြီးကျေချေကာ အဆိုပါမြေကွက်အား ခြံစည်းရိုး ခတ်လိုက်ပြီဟု ဦးမြသန်းက ဆိုသည်။
ကျူးကျော်နေအိမ်များမှာ အမှုရှုံးနိမ့်ခဲ့စဉ်က နေစရာမရှိမည်ကိုစိုးရိး၍ စာနာသောအားဖြင့် ဦးမြသန်းက အခြားရပ်ကွက်နေရာတစ်ခုတွင် မြေကွက်အစားထိုး ဝယ်ပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ညှိနှိုင်းပြောဆိုခဲ့သော်လည်း ဒေါ်မအောင်နုနှင့် ဦးရွှေလှဖြူတို့မှာ လက်ခံခြင်းမရှိခဲ့ကြောင်း သိရသည်။
https://www.facebook.com/westernnewsagency/posts/731947345611361