မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်က နတ်မြစ်အတွင်း ၂ ရက်ကြာ ထပ်မံ ရေကြောင်းကင်းလှည့်

By Narinjara / 2023 August     23

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိ နတ်မြစ်အတွင်းတွင် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များသည် ၂ ရက်ကြာ ရေကြောင်းကင်းလှည့်မှုကို ထပ်မံဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

နယ်စပ်လုံခြုံရေးနှင့် မူးယစ်ကုန်သွယ်မှုကို တားဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် ရေကြောင်းကင်းလှည့်ခြင်းများကို သြဂုတ်လ ၁၉ ရက်နှင့် ၂၂ ရက်တို့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပြည်နယ်စစ်ကောင်စီက ယနေ့ သြဂုတ်လ ၂၃ ရက် ထုတ်ပြန်ထားချက်တွင် ထိုသို့ကင်းလှည့်ခြင်းကို နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိဦးစီး ကိုယ်စားလှယ်အဖွဲ့ဖြင့် နတ်မြစ်တစ်လျှောက်ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်ကင်းလှည့်မှုအခြေအနေများကို မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်၊ ၂ဝ ရက်နှင့် ၂၂ ရက်တို့တွင်လည်း နတ်မြောက်တစ်လျှောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ ၃ ရက်ကြာ ရေကြောင်းကင်းလှည့်မှု ပြုလုပ်ခဲ့သေးသည်။

မူးယစ်ဆေးဝါးနှင့် တရားမဝင် လူဝင်ထွက်မှုများ မရှိစေရေး၊ ရေကြောင်းပြောင်းလဲမှုနှင့် ဝင်ထွက်ပေါက်များ စစ်ဆေးခြင်း၊ နှစ်ဘက် ကင်းလှည့်မှု မှတ်တမ်းတွင် လက်မှတ်ရေးထိုးခြင်းနှင့် နှစ်ဘက်သတင်းဖလှယ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဇူလိုင်လအတွင်း ကင်းလှည့်ခဲ့စဉ် ထုတ်ပြန်ခဲ့သည်။

မောင်တောဒေသသည် အာဆာ လက်နက်ကိုင်အဖွဲ့က ဘင်္ဂလားဒေ့ရှ်မှတဆင့် နတ်မြစ်ကို ခိုးဝင်ဖြတ်ကျော်ပြီး စိမ့်ဝင်လှုပ်ရှားမှုများရှိနေပြီး မကြာခဏ ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှုများကို ကျူးလွန်မှုများ ရှိနေသည်ဟု သိရှိရသည်။

ယခုသြဂုတ်လ ၁၂ ရက်ကလည်း မောင်တောမြောက်ပိုင်းရှိ မွတ်ဆလင်စီးပွားရေး သမားနှစ်ဦးစီးလာသည့်ကားကို ARSA က မီးရှို့ကာ လူကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

ယင်းအပြင် မောင်တောဒေသသည် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မူးယစ်ဆေးဝါးများ တရားမဝင် ရောင်းဝယ်ဖောက်ကားရာ အဓိကလမ်းကြောင်းတစ်ခုဖြစ်နေပြီး နတ်မြစ်တစ်လျှောက်တွင်လည်း လူကုန်ကူးမှု၊ မူးယစ်မှောင်ခိုကုန်သွယ်မှုများကို ပြုလုပ်မှုများလည်း ရှိနေဟု ဒေသခံများက ပြောဆိုကြသည်။

https://www.facebook.com/narinjara.info/posts/692206412946491

Leave a Reply

Your email address will not be published.