မြန်မာစစ်တပ်ရဲ့ ထပ်တိုးကာလ ရခိုင်မှာ တိုက်ပွဲပြန်ဖြစ်လာနိုင်သလား

By Western News / 2023 August     5

မြန်မာစစ်တပ်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ကို အသွင်ပြောင်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အာဏာသိမ်းယူလိုက်တာဟာ ဒီနေ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ထိဆိုရင် နှစ်နှစ်ခြောက်လနဲ့ ငါးရက်နေ့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ယခင် ဒီမိုကရေစီအစိုးရလို့ တင်စားကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၁၈ ဒီဇင်ဘာလကနေ ရခိုင်ပြည်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် ULA/AA တို့ဟာ တိုက်ပွဲတွေ မရပ်မနား ဆက်တိုက်ဆိုသလို ပြင်းပြင်းထန်ထန် ဖြစ်ပွားကြပြီး မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးတဲ့အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့ သေနတ်သံကိုတွေကို ရပ်တန့်ခဲ့ကြပါတယ်။

အတင်းအဓမ္မသိမ်းယူထားတဲ့ စစ်အာဏာသိမ်းခြင်းကို မြန်မာစစ်တပ်က ၆ ကြိမ်မြောက်အနေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားပြီး ဒီထပ်တိုးကာလတွေမှာ ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့ဟာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်မလားဆိုတာ ဒေသခံတွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေကြားမှာ အပြောများတဲ့ အကြောင်းအရာဖြစ်ပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်သူတွေဟာ အသက်၊ အိုးအိမ်တွေနဲ့ လုပ်ငန်းတွေ များစွာဆုံးရှုံးထားပြီး နလန်မထူနိုင်သေးတာကြောင့် ရက္ခိုင့်တပ်တော် ULA/AA ဖက်က စစ်ပွဲကိုရှောင်ရင် တိုက်ပွဲတွေပြန်မဖြစ်နိုင်သလို မြန်မာစစ်တပ်ရဲ့ မဆင်မခြင်နဲ့ ရဲတင်းလာတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်လည်း အလွန်ပြင်းထန်တဲ့ စစ်ပွဲကို ရောက်ရှိနိုင်ပါတယ်။

တကယ်လို့ ရခိုင်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ဟာ ဒီအချိန်ဒီကာလမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ရင် အဆုံးမရှိတဲ့ စစ်ပွဲကိုဖြစ်ပွားနိုင်သလို ဒေသခံပြည်သူတွေဟာလည်း ယခင်သေဆုံးခဲ့တဲ့ အရေအတွက်ထက် အဆပေါင်းများစွာ သေဆုံးနိုင်ပြီး မြန်မာစစ်တပ်ရဲ့ ယုတ်မာမှုကြောင့်လည်း အရပ်သားအများအပြား ဖမ်းဆီးချုပ်နှောင် ထောင်ချခံရနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရမှာလဲဆိုတော့ ရက္ခိုင့်တပ်တော်ရဲ့ အုပ်ချုပ်ရေးယန္တရားက တစ်ပြည်နယ်လုံးကို ရာခိုင်နှုန်းပြည့်နီးပါး သက်ရောက်နေပြီး အရင်က ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့နဲ့ အုပ်ချုပ်ရာကနေ အခု အာရက္ခပြည်သူ့အစိုးရ ဟု တရားဝင်ပြောင်းလဲပြီး လူမှုစီးပွားကဏ္ဍအားလုံး အုပ်ချုပ်နေတာကြောင့် ဒီယန္တရားကို ရက္ခိုင့်တပ်တော်အနေနဲ့ လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်တဲ့အတွက် မြန်မာစစ်တပ်နဲ့ ပြန်လည်ဖြစ်ပွားလာမယ့် တိုက်ပွဲတွေဟာ အလွန့်အလွန်ပြင်းထန်လာမှာဖြစ်ပါတယ်။

■ ဘာကြောင့် တိုက်ပွဲတွေ ရပ်တန့်ခဲ့ရသလဲ

မြန်မာစစ်တပ်ကတော့ အာဏာသိမ်းပြီးကတည်းက အသစ်ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ နိုင်ငံတစ်ဝန်းမှာ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ရာမှာ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု များပြားလာတာရယ်၊ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ခံထားရတာကြောင့်ရယ်၊ လက်နက်အင်အား လျော့နည်းလာတာတွေကြောင့် စစ်မျက်နှာကို များများ မဖွင့်လှစ်နိုင်တဲ့အတွက် ရခိုင်ဘက်က တိုက်ပွဲကို ရပ်တန့်ပစ်ခဲ့တာ တွေ့ရပါတယ်။ မြန်မာစစ်တပ်အနေနဲ့ စစ်မျက်နှာကို များများဖွင့်လေလေ အထိနာမှု ပိုများလေလေဖြစ်တာကြောင့် တစ်ဖက်မှာလည်း အတင်းအဓမ္မသိမ်းယူထားတဲ့ နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားဖို့ လိုတာကြောင့် ရခိုင်စစ်မျက်နှာကို ပိတ်ခဲ့တာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် ULA/AA ကတော့ အိုးအိမ်စွန့်ခွာလာကြရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ဒုက္ခသည်စခန်းတွေမှာ အမိုးအကာမလုံ စားဝတ်နေရေးအဆင်မပြေကြတဲ့ ပြည်သူတွေကြောင့်ရယ်၊ အာဏာသိမ်းပြီးကတည်းက နိုင်ငံအတွင်းစီးပွားရေးလုပ်ငန်းများ ထိုးဆင်းခဲ့ပါတယ်။ ပို့ကုန်သွင်းကုန်ဟာ ကျဆင်းသွားပြီး အာဏသိမ်းကတည်းက စီးပွားရေးလမ်းကြောင်းတွေဟာ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုနဲ့ အကျပ်အတည်းကိုကြုံတွေ့ရပါတယ်။ ဒေါ်လာဈေးမြင့်တက်မှုကြောင့်လည်း ကျပ်ငွေများတန်ဖိုးကျပြီး နိုင်ငံတစ်ဝန်း ကုန်ဈေးနှုန်းအလွန်မြင့်တက်လာတာနဲ့ ရခိုင်ပြည်သူတွေ ကျပ်တည်းခက်ခဲလာကြတဲ့ အခြေအနေရယ်၊ မြန်မာစစ်တပ်က မတရားဖမ်းဆီးထားတဲ့ ရခိုင်ပြည်သူတွေ ပြန်လည်မလွတ်သေးတဲ့ အကြောင်းအရင်းတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာအပစ်အခတ်ရပ်စဲရေး ခေါင်းစဉ်နဲ့ ပစ်ခတ်မှုကို ရက္ခိုင့်တပ်တော်ဘက်က ရပ်တန့်ခဲ့တာ တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားစီရင်ရေးနဲ့ အာဏာသက်ရောက်မှု ယန္တရားလည်ပတ်မှုတွေကို စစ်အေးကာလမှာ တည်ဆောက်လို့ ရတာကြောင့် မြန်မာစစ်တပ်နဲ့ ပစ်ခတ်မှု ရပ်တန့်တာလည်း ဖြစ်နိုင်ပါတယ်။

■ ဘယ်အရာတွေက တိုက်ပွဲကို ပြန်ဖြစ်စေမှာလဲ

မြန်မာစစ်တပ်ဟာ ရခိုင်ကလွဲပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲတွေမှာ အထိနာနေပေမယ့် နိုင်ငံအတွင်း အာဏာကိုတော့ ထိန်းထားနိုင်ပါသေးတယ်။ PDF နဲ့ EAO အဖွဲ့တွေလည်း အသာစီးရနေတယ်ဆိုပေမယ့်လည်း စစ်ကောင်စီရဲ့ အာဏာနဲ့အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို မဖြိုခွင်းနိုင်တဲ့အတွက် မြန်မာစစ်တပ်ဟာ မဟာဗျူဟာအရ အနည်းအကျဉ်း ထိန်းချုပ်နိုင်နေပြီလို့ ပြောလို့ ရပါတယ်။ ဒါကြောင့် အာဏာသက်ရောက်မှု ပိုမိုခိုင်မာအောင် နောက်ထပ် စစ်မျက်နှာဖွင့်ဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံပါ။ စစ်တပ်တစ်တပ်ဟာ သူရဲ့တာဝန်အရ သွားလာလှုပ်ရှားမှုတွေ၊ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ အာဏာရရှိရေးကို ဆောင်ရွက်တာ ရှိကြတယ်ဆိုပေမယ့်လည်း အပစ်အခတ်မရပ်စဲခင်အထိတော့ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်သူတွေနဲ့ နီနီးကပ်ကပ် မရှိခဲ့ပါဘူး။ ဒါပေမယ့် အခု အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်သူတွေနဲ့ နီးနီးကပ်ကပ်ရှိလာပြီး ရက္ခိုင့်တပ်တော်ကို လက်မခံဖို့ စည်းရုံးနေတာတွေရှိလာတယ်။ တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ၅ လကျော်ကတည်းက တပ်ဖွဲ့ဝင် အင်အားဖြည့်တင်းတာ၊ အပြောင်းအရွှေ့လုပ်တာ၊ လက်နက်အင်အားဖြည့်တင်းလာတာ၊ တရားဥပဒေစိုးမိုးရေးကို အကြောင်းပြပြီး ကျေးလက်ဒေသတွေအထိ အင်အားအလုံးအရင်းနဲ့ သွားလာလှုပ်ရှားမှုတွေ ပိုလုပ်လာတာတွေ့ ရပါတယ်။

မြန်မာစစ်တပ်ရဲ့ သွားလာလှုပ်ရှားမှုနဲ့ တပ်ဖွဲ့ဝင်၊ လက်နက်အင်အား အများဆုံးဖြည့်တင်းတာက ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်တော်မြို့နယ်တွေက တပ်မ၊ တပ်ရင်းတွေဖြစ်တယ်လို့ မီဒီယာတွေက ဖော်ထုတ်ထားကြပါတယ်။ ပြီးတော့ မိုခါမုန်တိုင်းကို အကြောင်းပြပြီး ရခိုင်ပြည်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လက်နက်ကြီး တပ်ဆင်ထားတဲ့ ဇက်သင်္ဘောတွေ၊ နေဗီသင်္ဘောကြီးတွေကို သုံးနေတာပါ။ ဒီသင်္ဘောတွေက မုန်တိုင်းသင့်ပြည်သူတွေကို ကူညီနေတယ်လို့ မြင်ရပေမယ့် စစ်ရေးအရဆိုရင် ဗျူဟာမြောက်နည်းလမ်းဖြစ်သလို အဲဒီစစ်ရေယာဉ်တွေမှာ မြန်မာစစ်တပ်က လက်နက်ကြီး လက်နက်ငယ် သယ်ဆောင်လာတာ၊ တပ်ဖွဲ့ဝင်အင်အားတွေကို အပြောင်းအရွှေ့လုပ်တာ၊ တပ်ဖွဲ့ဝင်အသစ်ဖြည့်တင်းတာတွေ လုပ်နေတာပါ။

မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေဟာ နေခင်း၊ ညဘက်တွေမှာ သွားလာနေတဲ့ အရပ်သားတွေကို အကြောင်းမဲ့စစ်ဆေးမှုတွေ၊ ညအချိန်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို အကြောင်းမဲ့ ဧည့်စာရင်းဝင်စစ်တာ၊ ရှာဖွေမှုတွေပြုလုပ်တာ ခပ်စိပ်စိပ်တွေ့လာရတာကလည်း  တိုက်ပွဲတွေကို ပြန်ဖြစ်စေမှာပါ။ အဓိကတော့ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို နှောက်ယှက်နေတာ၊ ပြည်သူတွေကို မထောက်ခံဖို့ စည်းရုံးလှုံ့ဆော်တာ၊ ရက္ခိုင့်တပ်တော်ရဲ့ ထိန်းချုပ်နယ်မြေတွေကို အသိမပေးအကြောင်းမကြားဘဲ သွားလာလှုပ်ရှားတာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် ULA/AA ဟာ အာရက္ခပြည်သူ့အစိုးရကို တရားဝင်ကြေညာပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာကို တွေ့ရပါတယ်။ ဒါကို မြန်မာစစ်တပ်၊ စစ်ကောင်စီအနေနဲ့ ကောင်းစွာနားလည် သိထားပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနေရာမှာ အာရက္ခပြည်သူ့အစိုးရကို ရာနှုန်းပြည့်အစားထိုးနိုင်ဖို့ ရက္ခိုင့်တပ်တော်က ကြိုးစားနေတာပါ။ အခုလည်း အုပ်ချုပ်ရေးရုံး၊ တရားရုံးနဲ့ ရဲတပ်ဖွဲ့တွေကို ရက္ခိုင့်တပ်တော်က အစားထိုးထားပြီးပါပြီ။ စီးပွားရေးလုပ်ငန်းတွေဆိုရင်လည်း တစ်ပြည်နယ်လုံးနီးပါး ထိန်းချုပ်ထားလိုက်ပါပြီ။ ရခိုင်ပြည်အတွင်း ဆောင်ရွက်နေကြတဲ့ ဒေသခံစီးပွားရေးသမားဖြစ်ဖြစ် ပြည်တွင်းပြည်ပက စီးပွားရေးလုပ်ငန်းဖြစ်ဖြစ် ရက္ခိုင့်တပ်တော် ULA/AA ဆီမှာ အခွန်ဆောင်ကြရပါတယ်။ နောက် ပညာရေး၊ ကျန်းမာရေးနဲ့ သယံဇာတ ထုတ်လုပ် တူးဖော်ရေးလုပ်ငန်းတွေမှာ အာရက္ခပြည်သူ့အစိုးရရဲ့ အာဏာ သက်ရောက်ဖို့ ကြိုးစားနေပါတယ်။

အာရက္ခပြည်သူ့အစိုးရ အာဏာသက်ရောက်စေဖို့ အုပ်ချုပ်ရေးယန္တရားတွေအတွက် ဥပဒေပြုရေးကို အဓိက ဆောင်ရွက်နေပြီး မကြာခင်မှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍအတွက် ဥပဒေတွေထွက်ရှိလာမှာဖြစ်သလို ရက္ခိုင့်တပ်တော်ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့အစိုးရ စာသင်ကျောင်းတွေ တရားဝင်ပေါ်လာတော့မှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရက္ခိုင့်တပ်တော်ဟာ တပ်ဖွဲ့အင်အားကို တိုးချဲ့နေသလို ထိန်းချုပ်ထားတဲ့ နယ်မြေတွေအားလုံးကို ခိုင်ခိုင်မာမာတည်ဆောက်ထားပါတယ်။ အရင်တုန်းက အရာရှိလေ့ကျင့်သင်တန်းတွေကို ညီနောင်မဟာမိတ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ သင်ကြားပေးခဲ့ပေမယ့် အခုအခါမှာတော့ ရခိုင်ပြည်အတွင်းမှာပဲ ပြုလုပ်လာပါတယ်။ မကြာသေးခင်ကမှပြီးဆုံးခဲ့တဲ့ အမှတ်စဉ် (၃) အရာရှိလေ့ကျင့်ရေးသင်တန်းကို ရခိုင်ပြည်အတွင်းမှာပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ခြုံငုံပြောရရင် ရခိုင်ပြည်အတွင်း တရားဥပဒေစိုးမိုးရေးကဏ္ဍကို မြို့ပေါ်က လွဲရင် ကျေးလက်ဒေသအားလုံးမှာ ရက္ခိုင့်တပ်တော်ရဲ့ အာရက္ခပြည်သူ့အစိုးရက ရာနှုန်းပြည့် နေရာယူထားလိုက်ပါပြီ။ မြို့ပေါ်တွေမှာတောင် အဓိက ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ပေါက်တောမှာ ၈၀ ရာခိုင်နှုန်းဖြင့် အုပ်ချုပ်ရေးယန္တရားကို ခိုင်ခိုင်မာမာ လည်ပတ်နေတာဖြစ်ပြီး ကျန်တဲ့ အမ်း၊ မာန်အောင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွမြို့တွေမှာ ၆၀ ရာခိုင်နှုန်းကျော်နဲ့ လည်ပတ်နေတာကို တွေ့ရပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ကောင်စီက ရာခိုင်နှုန်းနည်းနည်းလေးနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတွေကို လည်ပတ်နေတာဖြစ်ပါတယ်။

ရခိုင်ပြည်သူတွေအပေါ်မှာ အာဏာသက်ရောက်မှု လျော့သထက်လျော့နည်းလာတာကို စစ်ကောင်စီအနေနဲ့ ကောင်းကောင်းသိထားပြီး အာဏာအပြည့်အဝရရှိဖို့ မြန်မာစစ်တပ်အနေနဲ့ မဖြစ်မနေ ပြန်လုပ်ဆောင်လာမှာဖြစ်ပါတယ်။ အခုလည်း ရခိုင်ပြည်အတွင်း ရေလမ်းကြောင်းကလွဲရင် ကုန်းလမ်းကြောင်းတွေမှာ တစ်နေရာကတစ်နေရာသို့ သွားမယ်ဆိုရင် ရက္ခိုင့်တပ်တော်ရဲ့ သက်ဆိုင်ရာ နယ်မြေအသီးသီးကို အသိပေးပြီးမှ သွားလာခွင့်ရတာကြောင့် မြန်မာစစ်တပ်အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ထိုအရာတွေအားလုံးဟာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်ကို စစ်ပွဲသို့ ခေါ်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်တပ်ဟာ အရှေ့၊ မြောက်၊ တောင်ဘက်က စစ်မျက်နှာတွေမှာ ဗျူဟာအရ ထိန်းချုပ်ထားနိုင်တဲ့အတွက် အနောက်ဘက် စစ်မျက်နှာကို ပြန်လည်ဖွင့်ဖို့ ရဲရဲတင်းတင်းလုပ်ဆောင် လာတာကြောင့် ဖြစ်ပါတယ်။ ဒီလပိုင်းအတွင်းမှာပဲ တောင်ကုတ်မြို့နယ် လမုကျေးရွာနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားလာတာ၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသတွေမှာ ရက္ခိုင့်တပ်တော်ရဲ့ စခန်းတွေကို ဒရုန်းနဲ့ကင်းထောက်နေတာတွေ ဆက်တိုက်ပြုလုပ်လာတာ တွေ့ရပါတယ်။

■ နိုင်ငံရေးသုံးသပ်သူတွေက ဘာတွေပြောထားသလဲ

ရခိုင်က လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ရက္ခိုင့်တပ်တော်ရဲ့ ရည်မှန်းချက်တွေကို ထိခိုက်ရင် ဒါမှမဟုတ် အဖျက်အမှောက်လုပ်ရပ်တွေကို မြန်မာစစ်တပ်က လုပ်လာရင် တိုက်ပွဲပြန်ဖြစ်မှာလို့ ဆိုပါတယ်။

“စစ်ကောင်စီနဲ့ ULA/AA ရဲ့ တိုက်ပွဲက မပြီးဆုံးသေးပါဘူး။ ULA/AA ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ မပြည့်ဝသေးသ၍တော့ တိုက်ပွဲကတော့ ဆက်ရှိနေအုံးမှာပါ။ အခုက တိုက်ပွဲကို ရပ်နားထားတာပဲ ရှိပါတယ်။ တချိန်ချိန်မှာ အကြောင်းတစ်ခုခုကြောင့် တိုက်ပွဲဟာ ပြန်ဖြစ်လာနိုင်ပါတယ်။ စစ်ကောင်စီက နားလည်မှုနဲ့ ရပ်စဲထားတဲ့ အပစ်အခတ်ရပ်စဲရေးအပေါ်မှာ ပျက်လိုရာပျက်စီးကြောင်း၊ ယုံကြည်မှုနည်းအောင် ယုံကြည်မှုမတည်ဆောက်ဘဲ လုပ်နေတာဟာ တိုက်ပွဲကို ပြန်ဖြစ်စေမှာပါ။ စစ်ကောင်စီအနေနဲ့ အခု အပစ်အခတ်ရပ်စဲထားတဲ့ အနေအထားကနေ ယုံကြည်မှုကို တည်ဆောက်ပြီး နိုင်ငံရေးစကားဝိုင်းသို့ သွားရမှာဖြစ်ပါတယ်။ “

■ ရခိုင်မှာ စစ်ပြန်ဖြစ်စေမယ့် ချိန်ကိုက်ဗုံးက ဘာလဲ

ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ အချက်တွေကို မြန်မာစစ်တပ် ဒါမှမဟုတ် စစ်ကောင်စီက မလိုက်နာဘူးဆိုရင် တိုက်ပွဲသို့ ဦးတည်သွားမယ်လို့ သတိပေးပြောဆိုထားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စပြီး သုံးလကြာ သဘောတူခဲ့ကြပေမယ့် အခုအချိန်ထိတော့ အဲဒီသဘောတူညီချက်က အသက်ဝင်နေပါတယ်။ သဘောတူညီချက်မှာ ဘာတွေပါသလဲဆိုတော့ ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်ပြီး ဒါမှ မဟုတ် မတရားဖမ်းဆီးထားတဲ့ ရခိုင်ပြည်သူတွေကို မြန်မာစစ်တပ်က ပြန်လွှတ်ပေးဖို့၊ ပြည်သူတွေ အတားအဆီးမရှိ လွတ်လပ်စွာသွားလာခွင့်ပေးဖို့၊ စီးပွားရေးလုပ်ငန်းတွေကို လွတ်လပ်စွာ ကုန်သွယ်သွားလာခွင့်ပြုဖို့၊ စားဝတ်နေရေးနဲ့ လုံခြုံမှုအာမခံချက်ရှိမှ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့ဖို့၊ တပ်တွေလည်း ကိုယ့်စည်းနဲ့ကိုယ်နေပြီး အပြင်ထွက်သွားလာပါက အကြောင်းကြားဖို့၊ ရခိုင်က ဒုက္ခသည်တွေကို နိုင်ငံတကာမှ ကူညီထောက်ခွင့်ရရှိဖို့နဲ့ တိုက်ပွဲဖြစ်စေနိုင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ထားကြဖို့ စတဲ့ အကြောင်းအရာတွေ အကြမ်းအားဖြင့် သိထားပါတယ်။ ဒီသဘောတူညီချက်က စာရွက်ပေါ်မှာ နားလည်မှုယူထားတာ မဟုတ်ဘဲ နှုတ်အားဖြင့် သဘောတူညီထားကြတာ ဖြစ်တဲ့အတွက် အခု အကြောင်းအရာထက်လည်း သဘောညီချက်တွေက များနိုင်ပါတယ်။

အပစ်ရပ်သဘောတူချက်ပါ တချို့ကဏ္ဍတွေကို မြန်မာစစ်တပ် စစ်ကောင်စီက လိုက်နာခဲ့ပေမယ့် တချို့အချက်တွေကို ဖြေလျော့မပေးတဲ့အပြင် ရက္ခိုင့်တပ်တော်ရဲ့ လုံးဝသည်းမခံနိုင်တဲ့ အပြုအမူမျိုးတွေကို ရဲရဲတင်းတင်း လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာကို မြန်မာစစ်တပ်ဟာ ULA /AA ရဲ့ ခွင့်ပြချက်မရှိဘဲ ယူနီဖောင်းအပြည့်အစုံနဲ့ ကျေးရွာအတွင်း ဝင်ရောက်လာတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုရှိခဲ့ကြပါတယ်။ ဒရုန်းနဲ့ကင်းထောက်တာတွေ၊ ကျေးလက်ဒေသတွေမှာ လက်နက်အင်အားအပြည့်အစုံနဲ့ သွားလာလှုပ်ရှာတွေကို မြန်မာစစ်တပ်က လုပ်လာပါတယ်။ ရက္ခိုင့်တပ်တော်ရဲ့ အာရက္ခပြည်သူ့အစိုးရ အုပ်ရေးယန္တရားတွေကို နှောက်ယှက်နေတာတွေလည်း ရှိနေတယ်။ အဓိကတော့ မြန်မာစစ်တပ်ရဲ့ မဆင်မခြင် ပြုမူနေတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ပြီးတော့ ရက္ခိုင့်တပ်တော်ရဲ့ ဩဇာအာဏာကို တည်ဆောက်မှု တိုးသထက်တိုး မြင့်သထက်မြင့်လာတာကလည်း ရခိုင်မှာပြန်ဖြစ်စေမယ့် စစ်ပွဲရဲ့ ချိန်ကိုက်ဗုံးတွေ ဖြစ်ပါတယ်။

■ ဘယ်အရာတွေက ပြန်ဖြစ်စေမယ့် စစ်ပွဲကို ဟန့်တားနိုင်မှာလဲ

အရိုးရှင်းဆုံးပြောရရင်တော့ စစ်ကောင်စီလည်းဖြစ် မြန်မာစစ်တပ်အနေနဲ့ မဆင်မခြလုပ်ရပ်တွေကို ရပ်တန့်က ရပ်ဖို့ပါပဲ။ ရခိုင်တော်လှန်ရေးရဲ့ဗျူဟာမှာ တောင်းလို့ရတဲ့ လုပ်ပိုင်ခွင့် အာဏာမျိုးကို အလိုမရှိဘူးဆိုတာနဲ့ သမိုင်းစဉ်ဆက်ကတည်းက ရှိထားပြီးဖြစ်တဲ့ အချုပ်အခြာအာဏာကို သိမ်းယူထားတဲ့ကောင်တွေဆီကနေ ဘာမှပြန်တောင်းစရာမလိုဘဲ ကိုယ့်လုပ်ပိုင်ခွင်ကို ကိုယ့်ဘာသာ တည်ဆောက်ယူရမယ်ဆိုတဲ့ အတွေးအယူအဆကို ရက္ခိုင့်တပ်တော်ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်တိုင်က ရဲဘော်ရဲဘက်တွေနဲ့ ရခိုင်ပြည်သူတွေကို ထည့်ပေးထားတာပဲ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်ဟာ ကျူးကျော်တိုက်ခိုက်နေတာ မဟုတ်ဘဲ ဆုံးရှုံးသွားတဲ့ အချုပ်အခြာအာဏာကို ပြန်လည်တည်ဆောက်ရင်း သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေကို ပြန်လည်ယူဆောင်ရင်း ရခိုင့်မြေပေါ်သို့ ကျူးကျော်လာတဲ့ မြန်မာစစ်တပ် ဒါမှမဟုတ် စစ်ကောင်စီကို ပြန်လည်ခုခံတိုက်နေတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် မြန်မာစစ်တပ်အနေနဲ့ အပစ်ရပ်သဘောတူညီချက်တွေကို အပြည့်အဝ လိုက်နာတာပဲဖြစ်ဖြစ်၊ ရခိုင့်မြေပေါ်က အပြီးတိုင် ပြန်လည်ဆုတ်ခွာတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း ခွင့်ပြုချက်မရှိဘဲ ရက္ခိုင့်တပ်တော်ရဲ့ ထိန်းချုပ်နယ်မြေတွေကို ထပ်ပြီးကျူးကျော်လာတာ၊ စစ်ရေးလှုပ်ရှားမှုတွေနဲ့ သွားလာတာတွေကို မလုပ်ရင်တော့ ရခိုင်မှာသေနတ်သံတွေ အတော်ကြာတဲ့အထိ ငြိမ်သက်နေမှာပါ။

ရက္ခိုင့်တပ်တော် ULA/AA ဘက်က ကြည့်မယ်ဆိုရင်တော့ မြန်မာစစ်တပ်က ကျူးကျော်မှုတွေကို ဘယ်လောက်ပဲ အရှိန်မြှင့်မြှင့်၊ လက်နက် လူအင်အားဖြည့်တာ စစ်ရေးလှုပ်ရှားမှုတွေကို ဘယ်လောက်ပဲ လုပ်လုပ်၊ စစ်ရာဇဝတ်မှုတွေနဲ့ မတရားမှုတွေကို ရခိုင်ပြည်သူတွေအပေါ်မှာ ဘယ်လောက်ပဲ ကျူးလွန်ကျူးလွန် ရက္ခိုင့်တပ်တော်က ဒီအတိုင်းရပ်ကြည့်နေရင်တော့ ရခိုင်မှာသေနတ်သံတွေ ကြားရမှာမဟုတ်ပါဘူး။ မြန်မာစစ်တပ်နဲ့ အခုရပ်နားထားတဲ့ အပစ်အခတ်ဟာလည်း ရခိုင်ပြည်သူတွေ ဆင်းရဲကျပ်တည်းမှုကို ပိုခံလာရတာကြောင့် တိုက်ပွဲတွေကို ရပ်နားခဲ့တာဖြစ်ပါတယ်။

အခုလည်း ရခိုင်ပြည်သူတွေဟာ မိုခါမုန်တိုင်းကြောင့် အိုးအိမ်ပျက်စီး၊ စီးပွားရေးလုပ်ငန်းတွေပျက်စီး၊ ပိုင်ဆိုင်မှုတွေဆုံးရှုံး၊ ကျန်းမာရေး ပညာရေး မပြည့်မစုံနဲ့ ဒုက္ခပေါင်းစုံကို ခံနေရပြီး မုန်တိုင်းအလွန် သုံးလနီးပါးရှိလာပေမယ့် အမိုးအကာအောက်သို့ မုန်တိုင်းသင့်ပြည်သူအားလုံး မရောက်ရှိသေးဘဲ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထောင်ထူရေးအတွက် များစွာအကူအညီလိုအပ်နေပါတယ်။ ရခိုင်ပြည်သူတွေ ဒုက္ခရောက်သထက် မရောက်ရအောင် စစ်ပွဲတွေကိုရှောင်မယ့်ဖက်က တွေးရင် မြန်မာစစ်တပ်ရဲ့ မဆင်မခြင်လုပ်ရပ်တွေကို ရက္ခိုင့်တပ်တော် ULA/AA ဘက် ထိုင်စောင့်ကြည့်ရုံကလွဲပြီး မမြင်ချင်ယောင်ဆောင်ထားရင်တော့ တိုက်ပွဲက ငြိမ်သက်နေမှာပါ။

တကယ်လို့ ရက္ခိုင့်တပ်တော်ဘက်က ရက္ခိတလမ်းစဉ်အတိုင်း အချုပ်အခြာအာဏာရရှိရေးကို သံဓိဋ္ဌာန်ချထားတဲ့အတိုင်း ရည်မှန်းချက်တွေ၊ မျှော်မှန်ချက်တွေ၊ သတ်မှတ်ထားတဲ့ ပန်းတိုင်၊ မဟာဗျူဟာ၊ နည်းဗျူဟာ မယိမ်းမယိုင်နဲ့ ဘယ်သူဘာပြောပြော တစ်စိုက်မတ်မတ် ဆုတ်ကိုင်သွားမယ်ဆိုရင်တော့ အာဏာသိမ်းတပ်တိုးကာလမှာ အဆုံးမရှိတဲ့ စစ်ပွဲတွေ၊ ငိုကြွေးသံတွေနဲ့ ပြည့်နှက်နေမှာဖြစ်ပါတယ်။

“ စစ်ပွဲဆိုတာ အနိဌာရုံ မကောင်းဆိုးဝါးဖြစ်တဲ့အတွက် ဘယ်အရပ်ဘယ်ဒေသပဲမှာဖြစ်ဖြစ် မကောင်းတဲ့လုပ်ရပ်ဖြစ်တာကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းကြရန် တိုက်တွန်းအပ်ပါတယ် ”

#သူရကျော်ထင်_ရေးသားသည်

Western News-WN

https://www.facebook.com/westernnewsagency/posts/720244630114966

Leave a Reply

Your email address will not be published.