မောင်တောတွင် ပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦးကို သုံးရက်ကြာသည့်တိုင် ရှာမတွေ့သေး

By DMG / 2023 August               21

ပုံစာ – မောင်တောမြို့နယ်၊ ရွှေဗဟိုကျေးရွာအား Google Map မှ တွေ့ရပုံ။

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း ရွှေဗဟိုကျေးရွာမှ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်မှာ ၃ ရက်ခန့် ကြာသော်လည်း ယနေ့ထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်များက ပြောသည်။

ပျောက်ဆုံးနေသူမှာ ရွှေဗဟိုကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မယုယုခိုင်ဖြစ်သည်။ ၎င်းမှာ ဩဂုတ် ၁၈ ရက် နံနက် ၉ နာရီခန့်တွင် လယ်ယာထဲမှ နေအိမ်သို့ ပြန်သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုကပြောသည်။

“မနက်စောစော ကျနော်နဲ့ စပါးစိုက်ဖို့ လိုက်လာတာ။ ကျနော်က ထမင်းတွေချက်ဖို့ အိမ်ကို အရင်ပြန်သွားလိုက်လို့ သူ့ကိုပြောလိုက်တယ်။ ကျနော် အိမ်ကိုရောက်တော့ မိန်းမက မရောက်သေးဘူး။ ပျောက်သွားတာ” ဟု မယုယုခိုင်၏ ခင်ပွန်း ကိုရဲသားချေက DMG သို့ ပြောသည်။

လယ်ယာထဲမှ နေအိမ်သို့ ခြေလျှင်သွားပါက တစ်နာရီခန့်ဝေးသည့် ခရီးတွင် မယုယုခိုင် ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်ကာ ကျေးရွာသားများမှ အုပ်စုခွဲကာ ရှာဖွေနေသော်လည်း လက်ရှိအချိန်ထိ သတင်းအစအန မရရှိသေးကြောင်း သိရသည်။

မယုယုခိုင်၏ မောင်ဖြစ်သူ ဦးထွန်းမောင်က “အခုဆိုရင် ပျောက်သွားတာ ၃ ရက်ကျော်နေပြီ။ လူတစ်ယောက်က ၃ ရက်လောက် ပျောက်နေတော့ အသက်အန္တရာယ် စိုးရိမ်ရတာပေါ့။ ကျနော်တို့လည်း ဟိုရွာ၊ ဒီရွာ အကုန်လုံး လိုက်ရှာနေလည်း လုံးဝ ရှာမတွေ့ဘူး။ အခုလည်း ကျောက်ပန္ဒူဘက်မှာ သွားရှာနေတယ် မတွေ့သေးဘူး” ဟု ပြောသည်။

ပျောက်ဆုံးသွားသည့် မယုယုခိုင်မှာ ၁၀ လအရွယ် ကလေးတစ်ဦးရှိသည်။

“သူ့ယောကျာ်းလည်း အိမ်မှာငိုယိုပြီး သူတို့ကလေးကို ပြုစုဖို့ အိမ်မှာကျန်ခဲ့တယ်။ အဲဒီကလေးက အရမ်းငိုနေတော့ ကျနော်တို့လည်း မခံစားနိုင်ဘူး” ဟု ရွှေဗဟိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။

မယုယုခိုင် ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး ရွှေဗဟိုကျေးရွာရှိ နယ်ခြားစောင့်ရဲစခန်းတွင် လူပျောက်တိုင်ကြား ထားကြောင်း မိသားစုဝင်များကပြောသည်။ ရွှေဗဟိုကျေးရွာသည် မောင်တောမြို့နယ်တောင်ပိုင်းရှိ မေယုတောင်အနောက်တွင် တည်ရှိသည်။

https://www.facebook.com/dmgnewsagency/posts/684951930345073

Leave a Reply

Your email address will not be published.