(မိုးဆက်လက်ရွာသွန်းပါက ရေကြီးရေလျှံမှုဖြစ်လာနိုင်ဟုဆို)
By Narinjara / 2023 August 1

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးအဆက်မပြတ် ရွာသွန်းနေ၍ သံတွဲမြို့နှင့် တောင်ကုတ်မြို့ရှိ မြေနိမ့်ရပ်ကွက်တချို့တွင် တောင်ကျ ချောင်းရေများဝင်ရောက်လာသည်ဟု သိရသည်။
သံတွဲမြို့တွင်လည်း ယမန်နေ့ညပိုင်းကပင် လက်ရှိအချိန်ထိ မိုးအဆက်မပြတ်ရွာသွန်းနေရာ အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သည့် နံတော်တောင်ရပ်ကွက်နှင့် ငကျော်တောင် ရပ်ကွက်တို့မှာ ချောင်းရေများ စတင်ဝင်ရောက်နေပြီဟု သံတွဲမြို့ခံတစ်ဦးကပြောသည်။
” မိုးက မနေ့ကညပိုင်းကပဲရွာနေတာအခုထိရွာနေတုန်းပဲ။ ဒီက ငကျော်တောင် ရပ်ကွက်နဲ့ နံတော်တောင်ရပ်ကွက်တွေမှာဆို ရပ်ကွက်တွေထဲ တောင်ကျ ချောင်းရေဝင်နေကြပါပြီ။ ဒီထက်ဆက်ရွာရင်တော့ ရေကြီးတော့မယ်နဲ့တူတယ်” ဟု သံတွဲမြို့နံတော်တောင်ရပ်ကွက်မှ အမျိုးသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။
တောင်ကုတ်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တချို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျ
ချောင်းရေဝင်ရောက်နေပြီဖြစ်ကြောင်း မြို့ခံများက နိရဥ္စရာသို့ ပြောသည်။
တောင်ကုတ်မြို့ ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်မှ မြေနိမ့်ပိုင်းတချို့နှင့် အင်းခုံတောင်ရပ်ကွက် တို့တွင်တောင်ကျ ချောင်းရေဝင်ရောက်နေခြင်းဖြစ်ပြီး မိုးဆက်လက်ရွာသွန်းနေပါက ပို၍ နစ်မြုပ်ကာရေကြီးရေလျှံဖြစ်လာနိုင်ကြောင်း သူကပြောသည်။
” အင်းခုံတောင်ဘက်မှာဆို အခု တစ်ရပ်ကွက်လုံးရေတွေဝင်နေပြီ။အဲဒီရပ်ကွက်တွေက နဂိုကပဲ အနိမ့်ပိုင်းဆိုတော့ပိုပြီး ရေဝင်တယ်” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
ယမန်နေ့ဇူလိုင်လ ၃၁ ရက်ညပိုင်းကပင် ရခိုင်မြို့နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှု ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက နိရဥ္စရာသို့ပြောသည်။
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြို့တချို့ရှိ အနိမ့်ပိုင်းရပ်ကွက်များသို့ ချောင်းရေ ဝင်ရောက်နေပြီး ဆက်လက်ရွာသွန်းနေပါက ရေကြီးရေလျှံမှုဖြစ်လာမည့် အခြေအနေ ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် ယခုအခါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ရောက်ရှိသွားပြီဟု ယနေ့ဩဂုတ်လ ၁ ရက်၊ မွန်းလွဲပိုင်းအချိန်တိုင်းထွာချက်များအရ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည်မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့သည်ဟု မိုး/ဇလက ယနေ့ နေ့လယ် ၂ နာရီတွင် ထုတ်ပြန်ခြင်း ဖြစ်သည်။
အဆိုပါ အားကောင်းသော မုန်တိုင်းငယ် သည် မြန်မာနိုင်ငံ၊ မောင်တောမြို့ ၏ အနောက်-အနောက် မြောက်ဘက် ရေမိုင်(၆၅)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်မြောက် ဘက် ရေမိုင်(၁၁၅)မိုင်ခန့်၊ ကျောက်ဖြူမြို့ ၏ အနောက်မြောက် ဘက် ရေမိုင်(၁၇၀)မိုင်ခန့်ကို ဗဟိုပြုနေသည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
https://www.facebook.com/narinjara.info/posts/680249837475482