မုန်တိုင်းသင့် ရခိုင်ပြည်သူများအတွက် ဆန်စပါးအသင်းချုပ်က ငွေကျပ် သိန်း ၆၉၀ ကျော်လှူဒါန်း

By DMG / 2023 August               14

ပုံစာ – မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့ရှိ စေတီတောင်စစ်ဘေးရှောင်စခန်းကို ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။

ရခိုင်ပြည်အတွင်းက မုန်တိုင်းသင့်ပြည်သူများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းထံ ငွေကျပ် ၆၉၃ သိန်း လှူဒါန်းထားကြောင်း သိရသည်။

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်မှ ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ပေးရန် ဩဂုတ်လ ၁၂ ရက်နေ့တွင် လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အလှူငွေစုစုပေါင်း ၇၂၈ သိန်းရရှိတယ်။ တခြားအဖွဲ့တွေက လှူဒါန်းတာနဲ့ဆိုရင် စုစုပေါင်း ၇၄၃ သိန်း ရှိတယ်။ အဲဒီထဲက သိန်း ၅၀ ကို ဆန်စပါးအသင်းချုပ်က ပြည်နယ်အစိုးရအဖွဲ့ဆီ လှူလိုက်ဆိုလို့ လှူခဲ့တယ်။ ကျန်ငွေတွေကိုတော့ မြို့နယ်အလိုက် ခွဲပြီး လှူဖို့ဆုံးဖြတ်ထားတယ်” ဟု ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ပြောရေးဆိုခွင့်ရှိသူ ဦးဇော်သန့်အောင်က ပြောသည်။

ငွေကျပ် ၆၉၃ သိန်းကို မြို့နယ်အလိုက် ရသေ့တောင် ၂၉၃ သိန်း၊ စစ်တွေ သိန်း ၁၂၀၊ ပုဏ္ဏားကျွန်း သိန်း ၁၀၀၊ ကျောက်တော် သိန်း ၇၀၊ မြောက်ဦး သိန်း ၅၀ နှင့် ပေါက်တော သိန်း ၆၀ ထောက်ပံ့ပေးသွားမည်ဟု ဆန်စက်လုပ်ငန်းရှင်များအသင်းက ဆိုသည်။

ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်အသင်း (ရသေ့တောင်တာဝန်ခံ) ဦးထွန်းမြက “ဆင်းရဲနွမ်းပါးသူတွေကို အဓိကပေးသွားမယ်။ တစ်ရွားချင်း ကိုယ်တိုင်ကွင်းဆင်းပြီးပေးသွားမယ်။ အထောက်အပံ့ရရှိမှုနည်းတဲ့ရွာတွေ၊ လုံးဝခက်ခဲနေသူတွေကို ပေးသွားမယ်။ တစ်ယောက်ကို ငါးသောင်းနှုန်းပေးမယ်လို့တော့ စီစဉ်ထားတယ်” ဟု ပြောသည်။

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့မှု သုံးလထိကြာမြင့်လာသော်လည်း မုန်တိုင်းသင့်ပြည်သူများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီအပြင် ပြန်လည်ထူထောင်ရေးတွင် အခက်အခဲများ ရှိနေဆဲဖြစ်သည်။

“မုန်တိုင်းပြီးတာ သုံးလလောက်ရှိပေမယ့် ရွာမှာက တာပေါ်လင်စတွေမိုးပြီး ဖြစ်သလိုနေရတုန်းပါပဲ။ မုန်တိုင်းပြီးစကတော့ အထောက်အပံ့ပေးတာ နည်းနည်းရှိတယ်။ အခုတော့ အထောက်အပံ့တွေ မရတော့ဘူး” ဟု ရသေ့တောင်မြို့နယ်၊ သရက်ပြန်ကျေးရွာမှ ဒေါ်နုနုရီက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်မြောက်ပိုင်းတွင် အိမ်ခြေ သုံးသိန်းခန့်ပျက်စီးသွားပြီး ပြည်သူ ၁၅ သိန်းကျော် ထိခိုက်နစ်နာခဲ့ရသည်။ ပြန်လည်ထူထောင်ရေး အကူအညီရရှိမှုမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိပြီး လုံလောက်မှုမရှိသေးကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ ဇူလိုင်လ ၂၁ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

https://www.facebook.com/dmgnewsagency/posts/681374627369470

Leave a Reply

Your email address will not be published.