မုန်တိုင်းသင့်ပြည်သူများ ကူညီရေး ကုလသမဂ္ဂတွင် ရန်ပုံငွေ ၂၅ ရာခိုင်နှုန်းသာ ရရှိသေး

By DMG / 2023 August               20

ပုံစာ – မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ် ခနောင်းကျေးရွာတစ်နေရာကို မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။

လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်မှု အစီအစဉ်နှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများကို အကူအညီ ပေးရေးအတွက် အရေးပေါ်ရန်ပုံငွေ ၂၅ ရာခိုင်နှုန်းသာ ရရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ယမန်နေ့ (သြဂုတ်လ ၁၉ ရက်)နေ့တွင် ထုတ်ပြန်သည်။

အရေးပေါ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်း လိုအပ်သည့်အနက် လတ်တလောတွင် အမေရိကန်ဒေါ်လာ ၂၁ ဒသမ၇ သန်းကို လက်ခံရရှိခဲ့ပြီဖြစ်ကြောင်း UNOCHA က ဆိုသည်။

UNOCHA အကြီးအကဲ Mr. Martin Griffiths နှင့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် မစ္စတာမာတင်ဂရီဖစ်က “မြန်မာနိုင်ငံမှာရှိတဲ့ အကျပ်အတည်း အဆက်ဆက်ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသူတွေဟာ တိုင်းပြည်လူဦးရေရဲ့ သုံးပုံတစ်ပုံအထိ ရှိနေတယ်”ဟု ပြောဆိုခဲ့သည်။

UNOCHA အကြီးအကဲ နှင့် စစ်ကောင်စီဥက္ကဌတို့ တွေ့ဆုံမှုမှာ UNOCHA အတွက် အခွင့်အလမ်းတရပ် ဖြစ်လာသကဲ့သို့ တဖက်မှာလည်း စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့်သတင်းစကားများအား နိုင်ငံတကာ အသိုင်းအဝိုင်းထံ ထုတ်ဖြန့်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်သည်ဟု BNI-Myanmar Peace Monitor ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း “UNOCHA ဖက်က ကြည့်မယ်ဆိုရင် သူတို့လိုအပ်နေတဲ့ ရန်ပုံငွေတွေရဖို့အတွက် နိုင်ငံတကာကို တင်ပြဖို့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာဖြစ်တယ်။ စစ်ကောင်စီဖက်ကလည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ သူတို့လုပ်ဆောင်နေတာကို ဝါဒဖြန့်ဖို့အတွက် တွေ့ဆုံတာဖြစ်တယ်” ဟု ဆိုသည်။

(UNOCHA) အကြီးအကဲသည် စစ်ကောင်စီဥက္ကဌနှင့် တွေ့ဆုံပြီးနောက် သြဂုတ်လ ၁၆ ရက်နေ့တွင် ရခိုင်ပြည် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး ပြည်နယ်စစ်ကောင်စီ၊ ရခိုင်ဒေသခံနှင့် မွတ်ဆလင်ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မွတ်ဆလင်များက စားဝတ်နေရေးနှင့် ငွေကြေးအခက်အခဲကြောင့် နေအိမ် ပြန်မဆောက်နိုင်သေး၍ ကူညီပေးရန် တောင်းဆိုခဲ့သည်ဟု အုန်းတောကြီး(တောင်) မွတ်ဆလင်ဒုက္ခသည်စခန်း တာဝန်ခံ ဦးလှကျော်ကပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လူဦးရေ  ၁၂ သိန်းကျော် ထိခိုက်နစ်နာခဲ့ပြီး လက်ရှိအချိန်ထိ နာလန်မထူနိုင်ကြသေးပေ။

ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ မုန်တိုင်းကြောင့် ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ချင်းတို့တွင် ပျက်စီးဆုံးရှုံးမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ရခိုင်တွင်ဖြစ်ကြောင်း ဩဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

https://www.facebook.com/dmgnewsagency/posts/684458133727786

Leave a Reply

Your email address will not be published.