By Western News / 2023 August 9
မိုခါမုန်တိုင်းကြောင့် မျိုးစပါးများ ပျက်စီးဆုံးရှုံးသွား၍ ရခိုင်ပြည်က တောင်သူလယ်သမားများမှာ မျိုးစပါး အခက်အခဲရှိနေသည့်အထဲ ယခု ရက်ပိုင်း ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးထားသော စပါးပင်များနှင့် ပျိုးပင်များမှာ ရေနစ်မြှုပ်ပျက်စီးနေ၍ မျိုးစပါးများ ပိုမိုလိုအပ်လာမည်ဟု ဒေသခံတောင်သူများနှင့် ရခိုင်တောင်သူသမဂ္ဂထံမှ သိရသည်။
ရခိုင်မှာ လတ်တလော ရေကြီးရေလျှံဖြစ်ပွားနေခြင်းကြောင့် မြို့နယ် ၇ ခုမှာ လယ်ဧက ငါးသိန်းကျော် ရေနစ်မြှုပ်နေပြီး စိုက်ပျိုးထားသော စပါးပင်များ ပျက်စီးဆုံးရှုံးမှုဧကကို အတိအကျ မသိရသေးသော်လည်း မျိုးစပါးလိုအပ်မည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောသည်။
“ ကျနော်တို့ စပါးပင်တွေ၊ ပျိုးပင်တွေ ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ဧက အရေအတွက်ကို စာရင်းကောက်ယူနေဆဲပါ။ စုံစမ်းနေဆဲဖြစ်ပါတယ်။ ရေကြီးတာက တချို့မြို့နယ်တွေမှာ ကျတယ်ဆိုပေမယ့် တချို့မြို့နယ်တွေမှာတော့ ရေက ကြီးနေတုန်းပါ။ တောင်သူတွေမှာ မိုခါကြောင့် ထောက်ပံ့ပေးတဲ့ မျိုးစပါးတွေ အလုံအလောက်ရကြတာမဟုတ်ဘူး။ မရတဲ့တောင်သူတွေလည်းရှိတယ်။ ရတဲ့တောင်သူတွေမှာလည်း မျိုးစပါးမအောင်တာ၊ ဒေသနဲ့ မကိုက်လို့ အဆင်မပြေတာတွေရှိတယ်။ အခု ရေဘေးကြောင့် မျိုးစပါးက ပိုလိုအပ်မှာပါ။ ” ဟု ပြောသည်။
တစ်ရွာလုံးနီးပါး ရေနစ်မြှုပ်နေခြင်းနှင့် စိုက်ပျိုးထားသော လယ်ယာမြေများ ရေနစ်မြှုပ်နေ၍ မျိုးစပါး အခက်အခဲရှိနေကြောင်း မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
“ လယ်သမားတွေမှာ စပါးစိုက်ထားတဲ့ လယ်တွေ အကုန်လုံး ရေနစ်မြှုပ်နေကြတာ။ အပင်ပေါက်စ ဖြစ်နေတဲ့သူဖြစ်ဖြစ်၊ အပင်ကြီးနေပေမယ့်လည်း အိမ်တွေတောင် နစ်မြှုပ်နေတာ စပါးတွေက ပြန်ရှင်နိုင်ဖို့ မလွယ်ဘူး။ ပြီးတော့ နုန်းမြေတွေလည်း ဖို့သွားနိုင်တယ်။ အခု လယ်သမားတွေမှာ မျိုးစပါး အရမ်းခက်ခဲနေကြပါတယ်။ ရေကတော့ အခုထိတော့ မကျသေးပါဘူး။ မိုးရွာရင် ရေကပြန်တက်လာတယ်။ ” ဟု ပြောသည်။
မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှာလည်း လယ်ယာမြေများ နေရနစ်မြှုပ်နေ၍ စိုက်ပျိုးထားသော စပါးပင်များ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြပြီး မျိုးစပါး အခက်အခဲဖြစ်မည်ကိုလည်း စိုးရိမ်နေကြသည်။
အလားတူ ကျောက်တော်မြို့နယ်က ကျေးရွာ ၂၀ ကျော်မှာလည်း ရေလွှမ်းမိုးမှုဒဏ်ကို ခံနေရပြီး တောင်သူများမှာ စိုက်ပျိုးထားသော စပါးခင်းများ အားလုံးပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်။
ရေပြန်ကျ၍ ပျက်စီးသွားသော လယ်ယာမြေများအတွက် အစားထိုးစိုက်ပျိုးရန် အချိန်မီသေးကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောသည်။
“ အခုက မိုးလယ် ကာလဆိုတော့ ရေပြန်ကျရင်တော့ စပါးပြန်စိုက်ဖို့အတွက် အချိန်မီပါသေးတယ်။ ဒါပေမယ့် မိုခါနဲ့ စစ်ကောင်စီက ထောက်ပံ့ပေးတဲ့ မျိုးစပါးက တောင်သူအားလုံး ရကြတာမဟုတ်ဘူးဆိုတော့ ရေဘေးကြောင့် ပျက်စီးသွားတဲ့ တောင်သူတွေမှာ မျိုးစပါး အကူအညီလိုအပ်မှာပါ။ ဒါ့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီပေးဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီအနေနဲ့လည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ပြုဖို့ လိုအပ်ပါတယ်။ ” ဟု ပြောသည်။
စစ်ကောင်စီက ထောက်ပံ့ပေးသည့် မျိုးစပါးများနှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ်မှ သတင်းပေးပို့ချက်တစ်ခုအရ သစ်ကတိုးကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ၎င်းနှင့်ရင်းနီးသည့် တောင်သူများကိုသာ စာရင်းကောက်ယူပြီး မျိုးစပါးတောင်းခံထောက်ပံ့ပေးနေ၍ စာရင်းထဲတွင်ပါဝင်ခွင့်မရကြသည့် တောင်သူ ၃၀ ကျော်မှာ မျိုးစပါးမရရှိကြကြောင်း မျိုးစပါးမရရှိကြသည့်တောင်သူများက Western News ကို ပြောပြထားသည်။
ဩဂုတ်လ ၂ ရက်နေ့က စတင်ခဲ့သည့် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မြစ်ရေ၊ ချောင်းရေ မြင့်တက်မှုကြောင့် ရခိုင်ပြည်အတွင်း မြို့နယ် ၇ ခုမှ ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ရေလွှမ်းမိုးနေပြီး ဒေသခံ သောင်းချီ စားဝတ်နေရေးနှင့်ဆေးဝါးများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/722905953182167