By DMG / 2023 August 2
တိမ်များ အုံဆိုင်းကာ မိုးတစ်ဖြောက်ဖြောက် ရွာသွန်းနေသည်။ ၁၀ ပေ ပတ်လည်သာရှိသော အခန်းကျဉ်းလေးထဲ ခပ်မှိန်မှိန် အလင်းရောင်အောက်မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးက အဖြူရောင် စာရွက်ပေါ် ဟိုခြစ်လိုက် သည်ခြစ်လိုက်နဲ့ ရုပ်ပုံများ ရေးဆွဲနေသည်။
သူ့ ဘေးပတ်ဝန်းကျင်၌ ရောင်စုံခဲတံ ဟိုတစ်ချောင်း၊ သည်တစ်ချောင်း။ ဆုတ်ဖြဲထားသည့် စာရွက်၊ ခဲခြစ်ထားသည့် စာရွက်များ ပြန့်ကြဲနေကာ စိတ်ကူးယဉ်ဆန်ဆန် မိသားစု ရုပ်ပုံတစ်ပုံရရှိဖို့ တစ်ရွက်ပြီးတစ်ရွက် ရေးဆွဲနေသူက မအကျော်မေ ဖြစ်သည်။
မြိုတိုင်းရင်းသူတစ်ဦးဖြစ်သည့် မအကျော်မေမှာ ကျောက်တော်မြို့နယ်၊ ပညာဝကျေးရွာဇာတိဖြစ်ပြီး မွေးချင်းမောင်နှမ ၄ ယောက်အနက် ၃ ယောက်မြောက် ကလေးတစ်ဦးလည်း ဖြစ်သည်။ လက်ရှိ တောင်မင်းကုလား စစ်ဘေးရှောင်စခန်း၌ အသက် ၇၀ ကျော် အဘိုးအဘွားနှင့်အတူ နေထိုင်နေသည်မှာ ၄ နှစ် ကျော်အထိ ရှိနေပြီဖြစ်သည်။
စစ်ဘေးရှောင်စခန်းအတွင်း အဘိုးအဘွား၊ ဆွေမျိုး၊ ကျောင်းတက်ဖော် သူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်ခဲ့သူ တစ်ယောက်ပါ။ သို့သော်လည်း လက်ရှိမှာ မည်သူ တစ်ဦးတစ်ယောက်နဲ့မျှ စကား သေချာမပြောတော့ချေ။
“အဘွားရဲ့ မြေးမလေးဟာ အခုဆိုရင် ဘယ်သူနဲ့မျှ စကားမပြောတော့ဘူး။ ၂ လလောက်တောင် ရှိနေပါပြီ။ ဘာပဲမေးမေး မဖြေဘူး။ သူပြောချင်မှ တစ်ခွန်းလောက် ပြန်ပြောတယ်” ဟု အကျော်မေ၏ အဘွားဖြစ်သူ ဒေါ်စန္ဒာက သူ့မြေးမကိုကြည့်ကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
ရခိုင်မှာ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်မည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်း မကျရောက်မီ တစ်ရက်က တောင်မင်းကုလားစစ်ဘေးရှောင်စခန်းနေ ကလေးသူငယ်၊ သက်ကြီးပိုင်း၊ လူလတ်ပိုင်း လူဦးရေ ၅၀ ကျော်မှာ တောင်မင်းကျေးရွာ၌ရှိသော ဘုရားကျောင်းဆီသို့ လေဘေးရှောင်ခဲ့ကြသည်။
တောင်မင်းကျေးရွာရှိ အုတ်ဖြင့် ခိုင်မာစွာဆောက်လုပ်ထားသည့် ဘုရားကျောင်းဆောင်တွင် လေဘေးရှောင်လာသူများ တစ်ညအိပ်ကြသည်။
နောက်တစ်နေ့(မေလ ၁၄ ရက်) နေ့လယ်ပိုင်း ၁၂ နာရီခန့်တွင် အားပြင်းသည့် “မိုခါ” ဆိုင်ကလုန်းလေမုန်တိုင်း တိုက်ခတ်ဝင်ရောက်ခဲ့ပြီး သူတို့တိမ်းရှောင်သည့် နေအိမ်မှာ ဇီးပင်၌ ဇီးသီးခါသလို တုန်လှုပ်နေခဲ့သည်။
အနီးပတ်ဝန်းကျင်တွင်လည်း သစ်ပင်ကြီးများ ကျိုးပဲ့၊ လဲကျခြင်း၊ အိမ်ခေါင်မိုးများနှင့် ဘာသာရေး အဆောက်အအုံများပါမကျန် လေထဲလွင့်ပျံနေခဲ့သည်။
နေ့လယ် ၂ နာရီခွဲချိန်၌ သူတို့ မုန်တိုင်းရှောင်နေသည့် ဘုရားကျောင်း အက်ကွဲသံ ထွက်ပေါ်လာခဲ့သည့်အတွက် ယင်းနေရာမှ မျက်နှာချင်းဆိုင်ရှိ နောက်ထပ်ဘုရားကျောင်းတစ်ဆောင်သို့ တိမ်းရှောင်စဉ် ပြိုကျသွားခဲ့သည်ဟု ထိုနေ့က အဖြစ်အပျက်ကို စစ်ဘေးရှောင်စခန်းမှ ဒေါ်မအေးခင်က ပြောပြသည်။
“အိမ်ထဲက အပြင်ကိုရောက်လို့ ၃ မိနစ်တောင် မကြာဘူး၊ ကျောင်းဆောင်တစ်ခုလုံး ၂ ခြမ်း ကွဲသွားတယ်။ ကလေးတွေ မျက်စိရှေ့မှာပဲ ဒီလိုဖြစ်သွားတာ။ ကလေးတွေမှာ အရမ်းကြောက်ပြီးတော့ သေးယိုတဲ့သူက ယိုသွားကြ၊ ငိုတဲ့သူက ငိုကြတယ်။ ဒီလိုအဖြစ်အပျက်ကို ကျမတို့ဘဝမှာ တစ်ခါမှ မမြင်ဖူးဘူး။ TV မှာပဲ မြင်ဖူးတာပါ” ဟု ယင်းနေ့ကအဖြစ်အပျက်ကို ပြောပြသည်။
ယင်းအဖြစ်အပျက်ကို ကြုံခဲ့ရသည့် စစ်ဘေးရှောင်ကလေးငယ်အများစုမှာ လက်ရှိ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း မအကျော်မေ တစ်ယောက်မှာတော့ မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရပြီးနောက် နဂိုပုံမှန်အတိုင်း ဖြစ်မလာသေးချေ။
ရခိုင်မှာ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းရှိ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်မြို့နယ်တို့မှ ဒေသခံ ၁၅ သိန်းကျော် ထိခိုက်နစ်နာခဲ့ရသည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။
ယင်းအထဲတွင် ထိခိုက်နစ်နာဆုံးမှာ ကလေးသူငယ် ၄၀ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း မုန်တိုင်းသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ဆိုကြသည်။
မုန်တိုင်းလွန်ကာလ ရခိုင်မြောက်ပိုင်းရှိ ကျေးလက်ဒေသများနှင့် စစ်ဘေးရှောင်စခန်းနေ ကလေးသူငယ်များ စိတ်ထိခိုက်မှု ခံစားနေရသည်မှာ ယခင်ထက် အများအပြားတွေ့ရှိလာရကြောင်း ကလေးသူငယ်များနှင့် ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာကုစားမှု လုပ်ဆောင်နေသူများ၏ စစ်တမ်းအရ သိရသည်။
မိဘအုပ်ထိန်းသူများမှာ ကလေးငယ်များကို ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှု အားနည်းလာခြင်း၊ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမှု မရှိခြင်း၊ အစားအသောက် ချို့တဲ့ခြင်း၊ ပတ်ဝန်းကျင်လုံခြုံမှု နည်းပါးခြင်းတို့ကို တွေ့ရှိရကြောင်း မုန်တိုင်းလွန်ကာလတွင် စိတ်ပိုင်းဆိုင်ရာကုစားမှု လုပ်ဆောင်နေသည့် ရခိုင်အရပ်ဖက်အဖွဲ့ အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကလေးတွေရဲ့ မျက်လုံးကိုကြည့်လိုက်တာနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေကြပြီးတော့ မတူညီတဲ့ စိတ်ဒဏ်ရာမျိုးစုံ ခံစားနေရတယ်။ နေအိမ်ပျက်စီးသွားတော့ မိဘတွေကိုကြည့်ပြီး စိတ်ထိခိုက်တာရယ်၊ နေထိုင်စရာ၊ စားသောက်စရာ မရှိတော့ ကလေးတွေမှာ ပိုပြီးစိတ်ထိခိုက်ကြတယ်”
ပုံမှန် မြို့ပေါ်နှင့် ကျေးလက်ဒေသနေ ကလေးသူငယ်များထက် စစ်ပွဲ၏ အနိဌာရုံနှင့် ကြီးပြင်းလာခဲ့သည့် ကလေးသူငယ်များမှာကား မုန်တိုင်းနောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုကလည်း တဖန် ကြိုဆိုလျက်ရှိ နေခဲ့သည်။
တောင်မင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် မအကျော်မေ၏ မိဘနှစ်ပါးမှာ သူမအသက် ၅ နှစ်ခန့်အရွယ်ကပင် အိမ်ထောင်ကွဲခဲ့ရသည်။ မိဘနှစ်ပါး တစ်ယောက်တစ်နေရာစီ ထွက်သွားပြီးနောက် သူမတို့ မောင်နှမလေးယောက်ကို ကျေးရွာ၌ အဘိုးအဘွားများနှင့် ချန်ထားခဲ့သည်။
ယင်းနောက် အကျော်မေ၏ အစ်ကို၊ အစ်မနှင့် ညီမလေး သုံးယောက်အား စစ်တွေမြို့ရှိ မိဘမဲ့ကလေးဂေဟာကို ပို့ခဲ့ကာ သူမတစ်ယောက်တည်းကိုသာ ကျွေးမွေးစောင့်ရှောက်ရန် ခေါ်ထားခဲ့ခြင်းဖြစ်သည်ဟု အကျော်မေ၏ အဘွားဖြစ်သူက ဒေါ်စန္ဒာကပြောပြသည်။
“အကျော်မေ တစ်ယောက်တည်းကိုပဲ အဘွားတို့ မွေးစားလိုက်တယ်။ နောက်သုံးယောက်ကိုတော့ မိဘမဲ့ဂေဟာကို ပို့လိုက်ရပါတယ်။ အရမ်းငယ်သေးတော့ အကျော်မေမှာ မိဘတွေ၊ ညီကိုမောင်နှမတွေ မရှိတော့တဲ့အခါ ငိုပဲ ငိုနေခဲ့တယ်။ ငယ်ငယ်ကတည်းက သူ့မှာ စိတ်ဒဏ်ရာတွေနဲ့လို့ ပြောရမှာပဲ”
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ် အထက်ပိုင်းရှိ ဒေသခံများနှင့်အတူ အကျော်မေတို့မိသားစု တောင်မင်းကုလား စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
မအကျော်မေမှာ အိမ်ထောင်ကွဲ မိသားစုတစ်စု၏ ကလေးငယ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သော်လည်း သူနှင့်အတူတူ နေထိုင်သည့် အဘိုးအဘွားများ၏ နေ့စဉ်လိုအပ်ချက်များကို ပြုစုပေးရာတွင် မည်သည့်အခါမှ မငြိုငြင်ခဲ့ကြောင်း ဆိုသည်။
“သူက အရမ်းလိမ္မာတယ်။ အဘွားတို့ ညအိပ်ခရီးသွားရင်တောင် သူ့ကို တစ်ယောက်တည်း စိတ်ချလက်ချ ထားခဲ့လို့ရတယ်။ ထမင်း၊ ဟင်းလည်း ချက်တတ်တယ်။ စာလည်းတော်တယ်။ ပြီးရင် သူဆွဲချင်တဲ့ ပန်းချီတွေဆွဲတယ်။ ကျောင်းတွင်း ပန်းချီဆွဲပြိုင်ပွဲမှာ ပထမတောင် ရဖူးတယ်”
ကလေးသူငယ်များ၏ အခွင့်အရေးအရ ကောင်းမွန်သော ပတ်ဝန်းကျင်၊ ပျော်ရွှင်စရာ ကောင်းသောနေရာ၊ အစာအာဟာရ ပြည့်ဝမှု၊ လွပ်လပ်မှု စသည်ဖြင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစွာ နေထိုင်ရမည် ဖြစ်သော်လည်း ကလေးငယ်များမှာ ယင်းအခွင့်အရေးကို ဆုံးရှုံးနေကြသည်။
“မိုခါ”မုန်တိုင်းသည် ဘဝတွင် ကြောက်မက်ဖွယ် အကောင်းဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း အကျော်မေ ကဲ့သို့ တခြားကလေးသူငယ်များမှာလည်း မိုးရွာ၊ လေတိုက်လျှင် ကြောက်လန့်စိတ်များ ဖြစ်ပေါ်နေသည်ဟု ဆိုကြသည်။
ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ကလေးမိခင် ဒေါ်ချိုဦးမေက “ကလေးတွေမှာ ကြောက်လန့်စိတ်တွေ စိုးမိုးနေပါပြီ။ မိုးရွာ၊ လေတိုက်လာပြီဆိုရင် မေမေ နောက်ထပ်လည်း လေမုန်တိုင်း တိုက်ဦးမှာလား။ သမီးတို့ ဒီတခေါက် လေမုန်တိုင်းတိုက်ရင် ဘယ်ကိုပြေးကြမလဲဆိုပြီး မေးကြတယ်။ မိုးရွာရင်လည်း နားပိတ်ထားကြတယ်” ဟု ကလေးများ၏အဖြစ်ကို ပြောပြသည်။
ကလေးသူငယ်ဆိုသည်မှာ မိဘများက သူတို့ကိုချစ်ခြင်း မေတ္တာအပြည့်အဝ ပေးနိုင်ပါက အနာဂတ် ကောင်းမွန်လာနိုင်ပြီး၊ စိတ်ဒဏ်ရာထိခိုက်မှုနှင့် ကြီးပြင်းလာမည်ဆိုပါက သူတို့၏ ဘဝအောင်မြင်ရေးမှာ အဟန့်အတားဖြစ်စေကြောင်း စိတ်ပညာကျွမ်းကျင်သူများက မှတ်ချက်ပြုထားကြသည်။
ထိုသို့ စိတ်ဒဏ်ရာကို ခံစားနေရသည့် ကလေးသူငယ်များ ကြီးပြင်းလာပါက စိုးရိမ်ကြောက်လန့်စိတ်၊ သိမ်ငယ်မှုနှင့် အတွေးအမြင် ဆုတ်ယုတ်မည်ကို ကလေးမိဘများက စိုးရိမ်နေကြသည်။
ရသေ့တောင်မြို့ စစ်ဘေးရှောင်စခန်းမှ ကလေးဖခင်တစ်ဦးကလည်း “ကလေးတွေရဲ့ စိတ်ထဲမှာတော့ ဒီအဖြစ်အပျက်ကို အမြဲတမ်း မှတ်မိနေကြမှာပဲ။ သူတို့ ကြီးပြင်းလာတဲ့အခါ စိုးရိမ်စိတ်၊ သိမ်ငယ်မှုတွေနဲ့ လူတော မတိုးမှာကိုပဲ စိုးရိမ်ပါတယ်” ဟု ဆိုသည်။
မုန်တိုင်းဒဏ်ခံခဲ့ရသည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့တွင် ကလေးသူငယ်များအတွက် စိတ်ဒဏ်ရာကုစားနိုင်မည့် ခိုလှုံရာများအဖြစ် ကလေးပျော်နေရာ(child friendly space) ၅၀ ခုကို ဖွင့်လှစ်ပေးထားကြောင်း UNICEF တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးတယ်။ ပန်းချီဆွဲ၊ သီချင်းဆို၊ ပုံပြင်ပြောပြတာတွေ ဖျော်ဖြေရေးတွေ လုပ်ပေးတယ်။ ရာသီဥတုအခြေနေတွေကြောင့် အချိန်နည်းတယ်ဆိုပေမဲ့ သူတို့အတွက် စိတ်သက်သာရာ ရောက်ပါတယ်” ဟု ဆိုသည်။
ကလေးသူငယ်များ၏ စိတ်ဒဏ်ရာများနှင့်ပတ်သက်ပြီး မုန်တိုင်းသင့် ဒေသတချို့တွင် စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ လုပ်ဆောင်ပေးကြသော်လည်း လုံလောက်မှုမရှိသေးကြောင်း ကလေးမိဘများက ဆိုကြသည်။
ယင်းကြောင့် ကလေးများ၏စိတ်ဒဏ်ရာကို ကုစားနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်း၊ ဌာနဆိုင်ရာနှင့် အာဏာပိုင်များအပြင် မိဘအုပ်ထိန်းသူများကပါ ကောင်းမွန်စွာ ဆက်ဆံတုန့်ပြန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေမည့် အရာများကို ဖန်တီးကုစားပေးရန် အရေးတကြီး လိုအပ်လျက်ရှိနေသည်။
ရခိုင်မှာ မုန်တိုင်းလွန်ကာလ မုန်တိုင်းသင့်ဒေသခံ အသက်(၄၀)ကျော် အမျိုးသမီးတစ်ဦးနှင့် အသက်(၅၃)နှစ် အရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ ယခုစာရင်းထက်လည်း မြေပြင်မှာ ပိုများနိုင်သည်။ ဒါပေမဲ့ သည်ပြဿနာဟာ မုန်တိုင်းနဲ့ချိတ်ဆက်မှု ရှိ/မရှိကို အတည်မပြုနိုင်သေးပေ။
စိတ်ဒဏ်ရာထိခိုက်ခဲ့သည့် မအကျော်မေ တစ်ယောက် ယခုနှစ်တွင် ၇ တန်း တက်ရောက်မည့် ကျောင်းသူတစ်ဦး ဖြစ်သော်လည်း မုန်တိုင်းမှပေးသည့် စိတ်ဒဏ်ရာကြောင့် ပညာရေးပိုင်တွင် ဆုံးရှုံးနေရသည်။
သူမဖြစ်ချင်သည့် ပန်းချီဆွဲသည့်ဝါသနာကို အကောင်အထည်ဖော်နိုင်ရန်နှင့် ပညာဆက်လက်သင်ကြားခွင့် ဆုံးရှုံးမှာကိုလည်း အဘွားဖြစ်သူက စိုးရိမ်နေသည်။
မုန်တိုင်းသင့် ပြည်သူများထဲမှ ပြည်သူ ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ်နေထိုင်ရေး၊ စားသောက်ရေးအတွက် လိုအပ်လျက်ရှိနေသည်။
အကျော်မေ ဖြစ်ချင်သည့်ဆန္ဒနှင့် မျှော်လင့်ချက်တစ်ခုမှာကား မိစုံဘစုံနှင့် မိသားစုစုံစုံလင်လင် နေထိုင်ခွင့်ရရေးပင်ဖြစ်သည်။
“အဖေ၊ အမေတို့နဲ့ အတူတူနေချင်တယ်။ အစ်မတို့ အစ်ကိုတို့ကိုလည်း သတိရပါတယ်။ မုန့်စားချင်တယ်။ အဝတ်တွေလည်း လိုချင်ပါတယ်” ဟု အဆင်မပြေသည့်ကြားမှ သူမဖြစ်ချင်သည့် ဆန္ဒကိုပြောရင်း ဟိုအဝေးဆီသို့ မျှော်မှန်းလှမ်းကြည့်နေခဲ့သည်။
မျိုးသီရိကျော် – ရေးသည်
https://www.facebook.com/dmgnewsagency/posts/675153301324936