မလေးရှားတွင် ထောင်ဒဏ်ချမှတ်ခံရပြီး နေရပ်သို့ ပြန်ရန် အခက်အခဲဖြစ်နေသူများ အကူအညီ တောင်းခံ

By Western News / 2023 August     13

မလေးရှားနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ချမှတ်ခံထားရသည့် ရခိုင်လူမျိုး ရွှေ့ပြောင်းလုပ်သား ၅ဦးမှာ မိမိနေရပ်သို့ ပြန်လာရန် ငွေကြေးနှင့် စာရွက်စာတမ်းများ လိုအပ်နေ၍ မလေးရှား ရက္ခိုင့်လူမှုကူညီကယ်ဆယ်ရေး ကော်မတီမှ အကူအညီတောင်းခံလိုက်သည်။

၎င်းတို့ ၅ဦးမှာ မလေးရှားအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရပြီး ထောင်တွင်းချုပ်ရက်ပြည့်ကာ ထိန်းသိမ်းရေး ကန့်ထဲသို့ ရောက်ရှိနေသူများဖြစ်ကြောင်း မလေးရှားထိန်းသိမ်းရေးကန့်မှ တစ်ဆင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်သို့ ပြန်ရန် စာရွက်စာတမ်းအကူအညီ လိုအပ်နေခြင်းဖြစ်သည်။

ယင်းတို့မှာ CI လျှောက်ထားရာတွင် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အခြားသော နေရပ်ပြန်နိုင်ရန်အတွက် လေယာဉ်လက်မှတ်ခ မလေးငွေ ၇၃၀ လိုအပ်နေသဖြင့် ၎င်းတို့၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရလိုခြင်းဖြစ်ကြောင်း ရက္ခိုင့်လူမှုကူညီကယ်ဆယ်ရေး ကော်မတီ က ဆိုသည်။

မလေးရှားနိုင်ငံ ကန့်ထဲတွင် ရောက်ရှိနေသူများမှာ ကိုညီလှ ဆင်အိုးကြီးကျေးရွာ၊ မြောက်ဦးမြို့နယ်၊ ဦးသိန်းချေ၊ ကျော်ဇံကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကိုကျော်သန်းလှိုင်၊ ပြိုင်းတိုင်ကျေးရွာ၊ ကျောက်တော်မြို့နယ်၊ ဦးအောင်သန်း၊ ရုပ်ဝကျေးရွာ၊ ပလက်ဝမြို့နယ်နှင့် ကိုကျော်မြတ်သိန်း၊ ရွှေကျန်ကျေးရွာ၊ မင်းပြားမြို့နယ်တို့မှ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကန့်ထဲတွင် ရောက်ရှိနေသူများ နေရပ်ပြန်ရန်အတွက် ဆက်သွယ်ရန် – မလေးရှား ဖုန်း – 0060-123482656, 0060-1128910950, 0060-1137233370 အဆိုပါ ဖုန်းနံပါတ်များဖြင့် Viber, WhatsApp လည်း အသုံးပြုကြောင်း ရက္ခိုင့်လူမှုကူညီကယ်ဆယ်ရေး ကော်မတီ က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့ နံနက်ပိုင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူ၌ တရားမဝင်နေထိုင်ပြီး အထောက်အထားမပြည့်စုံသူ မြန်မာ ရွှေ့ပြောင်းလုပ်သား  ၁၀၀ ကျော်နှင့် နိုင်ငံခြားသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၂၅  ဖမ်းဆီးခံခဲ့ရသည်။

ယင်းအထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၅၂ ဦး၊ မြန်မာနိုင်ငံသား ၁၀၈ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၃၀၊ ကမ္ဘောဒီးယားလူမျိုး ၆ဦး နီပေါ ၂၀နှင့် ပါကစ္စတန်နိုင်ငံသား ၇ ဦးတို့ ပါဝင်ပြီး ၎င်းတို့အားလုံးမှာ အသက် ၈ နှစ်မှ ၅၄ နှစ်ကြားရှိသူများဖြစ်ကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြှင့်တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်းနှင့် နိုင်ငံတကာမှ အရေးယူ ပိတ်ဆို့မှုတို့ကြောင့် မြန်မာနိုင်ငံသားများသည် ပြည်ပနိုင်ငံသို့ ပွဲစားများမှ တစ်ဆင့် တရားမဝင်လမ်းကြောင်းမှ  နေ့စဉ်ရက်ဆက် ထွက်ခွာနေကြသည်။

ယင်းကဲ့သို့ ထွက်ခွာရာတွင် ပွဲစားများ၏ လိမ်လည်ခြင်း၊ လမ်းခရီးများတွင် သက်ဆိုင်ရာနိုင်ငံများ၏ အာဏာပိုင်းများက ဖမ်းဆီးခြင်းကို ခံရပြီး ငွေကြေးများပါ ဆုံးပါးရခြင်းများနှင့် ထောင်ဒဏ်ချမှတ်ရမှုကြောင့် ကန့်များတွင် နေရပ်ပြန်ရာတွင် အထောက်အထားများ ရရှိရေ နှစ်ရှည်လများ စောင့်ဆိုင်းနေရသူများ ရှိကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/725647519574677

Leave a Reply

Your email address will not be published.