(လက်ရှိတွင် BLPA အနေဖြင့် KNLA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်ပူးတွဲပြီး စစ်ကောင်စီကို တိုက်ခိုက်နေဟုဆို)
By Western News / 2023 August 2
ဗမာ စစ်အာဏာရှင်များနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမုန်းရေးအတွက် ပေါ်ပေါက်လာသော ဗမာလူမျိုးကိုယ်စားပြုသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA စစ်သားဖြစ်ရန် ရက္ခိုင့်တပ်တော် ULA/AA မှ အစအဆုံး ထောက်ပံ့ပေးခဲ့ကြောင်း BPLA က ပြောသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့ မြန်မာစစ်တပ်လည်းဖြစ် စစ်ကောင်စီမှ အာဏာသိမ်းလိုက်ပြီးနောက် ၎င်းတို့ကို တော်လှန်တိုက်ခိုက်ရန် ပေါ်ပေါက်လာသော ဗမာလူမျိုးကိုယ်စားပြုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။
ဗမာလူမျိုး ကဗျာဆရာ မောင်ဆောင်းခက ဦးဆောင်ပြီး လူငယ်အများအပြားဖြင့် BPLA ကို ရက္ခိုင့်တပ်တော်၏ အကူအညီများဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း BPLA ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် လင်းလင်းက ပြောသည်။
“ရက္ခိုင့်တပ်တော်ကနေ ဘယ်လို အကူအညီတွေရလဲဆိုတော့ ကျနော်တို့ စစ်သားဖြစ်ဖို့အတွက် အခြေခံအသိတွေကနေ စပြီးတော့ လေ့ကျင့်ရေး၊ တပ်တွင်းအုပ်ချုပ်ရေးတွေ၊ လက်နက်အချို့ထောက်ပံ့မှုကိုလည်း ရရှိခဲ့ပါတယ်။ ” ဟု ပြောသည်။
စစ်ပညာနှင့်ပတ်သက်၍ အခြေခံသင်တန်းကစပြီး စနိုက်ပါသင်တန်းအထိ ရက္ခိုင့်တပ်တော် ULA/AA က ပို့ချပေးခဲ့ကြောင်းလည်း လင်းလင်းက ဆိုသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ၏ ပထမဆုံးသော စနိုက်ပါသင်တန်းကို ရက္ခိုင့်တပ်တော်က သင်ကြားပို့ချပေးပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကာ သင်တန်း၏ ပန်ပင်းမှုကြောင့် ၁၁ ဦးတက်ရောက်နေရာကနေ ၅ ဦးသာ သင်တန်းအောင်မြင်စွာ ပြီးစီးနိုင်ခဲ့ကြောင်း သိရသည်။
BPLA တပ်သည် ရက္ခိုင့်တပ်တော်ထံမှ စစ်ပညာရပြီး တစ်နှစ်ကျော်အချိန်အတွင်းမှာပင် အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်နေကြောင်း သိရသည်။
တောင်ပိုင်းစစ်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ Force for Federal Democracy – FFD နှင့် တခြား တောင်ပိုင်းဒေသတွင်ရှိသည့် တော်လှန်ရေးအစုအဖွဲ့ အသီးသီးနှင့် ပူးတွဲတိုက်နေပြီး၊ မြောက်ပိုင်းစစ်ဒေသတွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အဓိက စစ်ရေးလှုပ်ရှားနေကြောင်း BPLA က ဆိုသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA မှ ကွက်ကဲရေးမှူး မောင်ဆောင်းခက “လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ လူငယ်တွေအနေနဲ့ မိမိကိုယ်ကို တော်လှန်ရေး စစ်သားတစ်ယောက်အဖြစ် ခံယူနိုင်ဖို့ အင်မတန်မှ အရေးကြီးလှပါတယ်။ တော်လှန်ရေးစစ်သားတစ်ယောက်လို ခံယူကျင့်သုံးပြီး စစ်ကို စစ်နဲ့တူအောင်တိုက်နိုင်မှ ဒီတိုက်ပွဲက အောင်ပွဲရနိုင်မှာ ဖြစ်ပါတယ်။ ရေရှည်အတွက် မစဉ်းစားဘဲ ခံစားချက်သက်သက်နဲ့ လက်နက်ကိုင်နေတာပဲဆိုရင် ကျနော်တို့ အချိန်မီပြင်ဆင်ဖို့ လိုပါပြီ” ဟု ပြောသည်။
တော်လှန်ရေးစစ်သားကောင်းတစ်ယောက်ဖြစ်ရန် အဓိက လိုအပ်ချက် ၃ ရပ်ကိုလည်း ဗမာသူပုန်စာစဉ်ထဲတွင် ကွက်ကဲရေးမှူး မောင်ဆောင်းခက ပြောထားသည်။ အမိန့်နာခံမှုကောင်းခြင်း၊ နိုင်ငံရေးရည်မှန်းချက်ကို နားလည်သဘောပေါက်ခြင်းနှင့် ပုဂ္ဂလိက ခံစားချက်များကို လျှော့ချနိုင်ခြင်းတို့ဖြစ်သည်။
အမိန့်နာခံမှုနှင့်ပတ်သက်ပြီး ကွက်ကဲရေးမှူး မောင်ဆောင်းခက “ဟံသာဝတီဦးဝင်းတင်ရဲ့ မတရားတဲ့အမိန့်ဟူသမျှ တာဝန်အရဖီဆန်ကြ လို့ ပြောတဲ့ စကားကို တချို့လူငယ်တွေက လိုရာဆွဲနားလည်နေကြတယ်။ အာဏာရှင်ကိုမုန်းလို့ တော်လှန်ရေးလာလုပ်ပါတယ်ဆိုမှ အမိန့်တွေ၊ အာဏာတွေနဲ့ လာချုပ်ကိုင်နေတယ် ဆိုတာမျိုး ပြန်ပြောတတ်ကြတယ်။ ဘယ်သူကမှတော့ တစ်စုံတစ်ယောက်က ကိုယ့်ကို အမိန့်ပေးစေခိုင်းနေတာမျိုး မနှစ်သက်ကြပါဘူး။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ပြီဆိုရင်တော့ အမိန့်နာခံတဲ့ ရဲဘော်တွေဖြစ်ဖို့က အရေးအကြီးဆုံးဖြစ်လာပါတယ်”ဟု ပြောသည်။
တော်လှန်ရေးရဲဘော်များဖြစ်လာပြီဆိုလျှင် ကိုယ့်အမေအိမ်ရောက်နေခြင်းမဟုတ်ဘဲ တော်လှန်ရေးတပ်တစ်ခုတွင် စစ်မှုထမ်းနေခြင်းဖြစ်သည်ကို ခေါင်းထဲ၌ထည့်ထားပြီး ဆင့်ကဲအုပ်ချုပ်မှုစနစ်ကို နားလည်ကာ အမိန့်နာခံတတ်သည့် အလေ့အကျင့်များရှိလာရန် ကြိုးစားတည်ဆောက်ရမည်ဖြစ်သည်။
ဆင့်ကဲအုပ်ချုပ်မှုစနစ်ကို မလိုက်နာခြင်းကြောင့် တိုက်ပွဲအတွင်း မိုင်းနင်းမိခြင်း၊ အင်အားမမျှ၍ ပြန်ဆုတ်အမိန့်ကို မနာခံဘဲ ရန်သူ့ထံမှာ အရှင်အဖမ်းခံရခြင်း၊ လေ့ကျင့်ရေးစနစ်နှင့် အုပ်ချုပ်မှု မကောင်းခြင်းတို့ ဖြစ်လာတတ်သည်ဟု မောင်ဆောင်းခက ဆိုသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ရက္ခိုင့်တပ်တော် AA ၏ အကူအညီဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်၍ စစ်ပညာအား သင်ယူခဲ့သည်။
BPLA သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း မဟာမိတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ စစ်ကောင်စီတပ်များအား တိုက်ခဲ့သည့် တိုက်ပွဲပေါင်း ၄၄ ကြိမ်ရှိခဲ့ပြီး ရန်သူ ၉၁ ဦးကို ချေမုန်းနိုင်ခဲ့ကြောင်းနှင့် ရန်သူ ၁၆ ဦးကိုလည်း အရှင်ဖမ်းဆီးခဲ့ကာ စစ်ကောင်စီတပ်ထံမှ လက်နက်အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/717848607021235